သတင်း

အာဏာသိမ်းတစ်နှစ်ပြည့်တွင် ရန်ကုန်တိုင်း ၂၄ နေရာ ဖောက်ခွဲခဲ့ဟုဆို 

စစ်အာဏာသိမ်း တစ်နှစ်ပြည့် ယနေ့ (ဖေဖော်ဝါရီ ၁) တွင် ရန်ကုန်တိုင်း မြို့နယ် ၁၁ ခုတွင် ၂၄ နေရာရှိ စစ်ကောင်စီပစ်မှတ်များကို ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း ရန်ကုန်တိုင်းစစ်ဒေသကွပ်ကဲရေးအဖွဲ့က ထုတ်ပြန်သည်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အောက်ရှိ ရန်ကုန်တိုင်းစစ်ဒေသကွပ်ကဲရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ ပေါက်ကွဲမှုဖြစ်ပွားခဲ့သော နေရာများမှာ စမ်းချောင်း ၃၊ ဒဂုံမြို့သစ် (တောင်) ၅ ၊ တာမွေ ၁၊ တိုက်ကြီး ၁၊ မှော်ဘီ ၂ ၊ ရွှေပြည်သာ ၁၊ သာကေတ ၂၊ ဒလ ၁၊ အင်းစိန် ၂၊ လှည်းကူး ၅ ၊ လှိုင်သာယာ ၁ တို့ဖြစ်သည်။

ထိုမြို့နယ်များရှိ စစ်ကောင်စီတပ်ဖွဲ့ ကင်းစခန်းများ၊ နေအိမ်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးနှင့် ရဲစခန်းများ၊ စစ်ကောင်စီသတင်းပေးများကို ပစ်မှတ်ထားသည့် တိုက်ခိုက်မှုများကို မြို့ခံပြည်သူ့ကာကွယ်ရေးအဖွဲ့များက လုပ်ဆောင်ကြောင်း ရန်ကုန်တိုင်းစစ်ဒေသကွပ်ကဲရေးအဖွဲ့က ဆိုသည်။​

လှိုင်သာယာမြို့နယ် ရန်ကုန် – ပုသိမ်လမ်းမပေါ်ရှိ ခြေမြန်တပ်ရင်း ၅၃၂ လုံခြုံရေးကင်းတဲကို ယနေ့ နံနက် ၅ နာရီတွင် အဝေးထိန်းမိုင်း ၂ လုံးဖြင့် ဖောက်ခွဲခဲ့သည်ဟု Hlaing Thar Yar Region Defense Force (HRDF) ဝင်တစ်ဦးကလည်း အတည်ပြုသည်။

“အာဏာသိမ်း တစ်နှစ်ပြည့်အနေနဲ့ လုပ်တာပါဗျ။ သေဆုံးတာတော့ မရှိလောက်ဘူးဗျ။ ကျွန်တော်တို့တွေလည်း (စစ်ဆင်ရေး) လုပ်ပြီးတာနဲ့ တန်းလစ်ရတာ” ဟု ၎င်းက ဆိုသည်။

တိတ်ဆိတ်ခြင်းသပိတ်နေ့တွင် စစ်ကောင်စီထောက်ခံသူများ စျေးရောင်းပွဲတော်ပြုလုပ်နေသည့် ထိုမြို့နယ်ရှိ အောင်မြေသာယာဘုရားအနီး ဘောလုံးကွင်းတွင် မိုင်းထောင်ထားသဖြင့် မသွားလာကြရန် ပြည်သူများကို HRDF က ပန်ကြားထားသည်။

ဒလမြို့နယ်အတွင်း တိုက်ခိုက်ခဲ့သည့် နေရာတစ်ခုမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီးရန်နိုင်ဝင်း၏ နေအိမ်ဖြစ်သည်ဟု ရန်ကုန်တိုင်းစစ်ဒေသကွပ်ကဲရေးအဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဒုတိယဗိုလ်မှူးကြီးရန်နိုင်ဝင်းမှာ စစ်ကောင်စီ၏ လေတပ်၊ အုပ်ချုပ်မှုဌာန၊ ဌာနမှူးဖြစ်ကြောင်း၊ ဖောက်ခွဲတိုက်ခိုက်မှုမှာ ၎င်း၏ ခြံဝင်းအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး မိသားစုဝင်များ ကြောက်လန့်တုန်လှုပ်ခဲ့သည်ဟု ထုတ်ပြန်ချက်က ဆိုသည်။ သို့သော် အသေးစိတ်မသိရပေ။

လှည်းကူးမြို့နယ်တွင်လည်း ရန်ကုန်တိုင်းစစ်ဒေသကွပ်ကဲရေးအဖွဲ့က ထုတ်ပြန်ထားသကဲ့သို့ နေရာ ၅ ခုတွင် ပေါက်ကွဲမှုဖြစ်သည်မှာ မှန်သည်ဟု ဒေသခံ အမျိုးသမီးတစ်ဦးက အတည်ပြုသည်။

စစ်ကောင်စီတပ်သားများ တပ်စွဲရာ အောင်မင်္ဂလာရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၊ မြို့နယ်လျှစ်စစ်ရုံး၊ ဘောလုံးကွင်း၊ လှည်းကူးတာဆုံလမ်းဆုံ၊ စစ်ကောင်စီသတင်းပေးဟု နာမည်ကျော်သူတစ်ဦး၏ လှည်းကူးဈေးရှိ ထီဆိုင်တို့တွင် ပေါက်ကွဲမှုဖြစ်သည်ဟု ၎င်းက ဆိုသည်။

“လှည်းကူးဈေးထဲက ဒလန်ပေါ့။ Silent Strike မတိုင်ခင်တစ်ရက်က ဈေးသည်တွေကို အတင်းအကျပ်လက်မှတ်လိုက်ထိုးခိုင်းတဲ့ ဈေးလူကြီး (ဦး) ကြာပေါ် ထီဆိုင်မှာလည်း ပေါက်တယ်” ဟု အထက်ပါအမျိုးသမီးက ဆိုသည်။

“သေရဲတဲ့ကောင်ကိုင်” ဟု စာကပ်ထားပြီး ဗုံးထည့်ထားသည့် အိတ်အမဲကို စစ်သားတစ်ဦးက ကန်ထုတ်ဖယ်ရှားခဲ့သည့် အောင်မင်္ဂလာရပ်ကွက်ရုံးအနီး ဖြစ်ပွားသည့် ပေါက်ကွဲမှုတွင်မူ ဒေသခံအမျိုးသားတစ်ဦး စိုးရိမ်ရသည့် ဒဏ်ရာရသည်ဟု ၎င်းက ဆက်ပြောသည်။

လှည်းကူးမြို့နယ်အတွင်း တိုက်ခိုက်မှုကို ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်များနှင့် အာဏာရှင်တော်လှန်ရေးပြည်သူ့တပ်မတော်(DRPA) တို့ ပူးပေါင်းလုပ်ဆောင်သည်ဟု ရန်ကုန်တိုင်းစစ်ဒေသကွပ်ကဲရေးအဖွဲ့က ထုတ်ပြန်ထားသည်။

တိုက်ခိုက်ခဲ့သည့်အဖွဲ့မှ တာဝန်ရှိသူနှင့် ဒေသခံအချို့ အတည်ပြုထားသည့် အထက်ပါဖြစ်စဉ်များနှင့် ပတ်သက်၍ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။ ထိခိုက်၊ ဒဏ်ရာရမှု အခြေအနေများကိုလည်း အတိအကျ မသိရသေးပေ။

ပြည်သူများ လမ်းများပေါ်သွားလာမှု နည်းပါးသည့် အသံတိတ်သပိတ်နေ့တွင် လုပ်ဆောင်ခဲ့သည့် ထိုတိုက်ခိုက်မှုများကို အချိန်ယူ၍ သေချာပြင်ဆင်ခဲ့သည်ဟု ရန်ကုန်တိုင်းစစ်ဒေသကွပ်ကဲရေးအဖွဲ့ သတင်းပြန်ကြားရေးတာဝန်ခံက ပြောသည်။

​​”အဓိကကတော့ အကြမ်းဖက်စစ်တပ်က အာဏာသိမ်းတစ်နှစ်ပြည့်တဲ့ အချိန်အထိ ပြည်သူတွေရဲ့ ခုခံဆန့်ကျင်မှုတွေက အရှိန်မလျော့သွားတဲ့အပြင် ပိုတောင်ပြင်းထန်လာတယ်ဆိုတာ ပြသခဲ့တာပါပဲ”ဟု ၎င်းက ဆိုသည်။

တစ်ဖက်က ပြည်သူတွေရဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး အသံတိတ်သပိတ်ကိုလည်း မထိခိုက်အောင် တိုက်ခိုက်မှုတွေကို အချိန်ယူပြင်ဆင်ပြီး အကွက်ချဆောင်ရွက်နိုင်ခဲ့ပါတယ်” ဟု ၎င်းက ဆိုသည်။

ပျံလွှားအောင်စစ်ဆင်ရေးအမည်ဖြင့် ရန်ကုန်တိုင်းအတွင်းတွင် ဇန်နဝါရီ ၂၂ မှ ဖေဖော်ဝါရီ ၁ အတွင်း မြို့နယ် ၂၀ တွင် တိုက်ခိုက်မှု ၄၆ ကြိမ် လုပ်ခဲ့သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ရန်ကုန်တိုင်းစစ်ဒေသကွပ်ကဲရေးအဖွဲ့၏ စာရင်းက ဆိုသည်။

ထိုဖြစ်စဉ်များနှင့် ပတ်သက်၍ စစ်ကောင်စီထံ မေးမြန်းနိုင်ခြင်း မရှိသေးပေ။

၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်တွင် ပြည်သူမဲပေးရွေးချယ်ထားသည့် အရပ်သားအစိုးရကို ဖြုတ်ချကာ အာဏာသိမ်းပြီးနောက်တွင် ဆန္ဒပြလျှင်ပင် သေနတ်ဖြင့် ပစ်သည့် စစ်ကောင်စီကို ခုခံတော်လှန်မှုများ နိုင်ငံအနှံ့ အရှိန်မြင့်နေသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Related Articles

Back to top button