မေးမြန်းခန်း

“အကောင်းဘက်ကို ရောက်လာပြီ”

တောင်ပိုင်းဒေသ PDF ခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုရှမ်းလေးက ၂၀၂၂ ခုနှစ်သည် လက်နက်ကိုင်တော်လှန်ရေးအတွက် အကောင်းဘက်ကို ရောက်လာမည့်နှစ်ဖြစ်သည်ဟု ပြောလိုက်သည်။

သူ ဦးဆောင်နေသည့် စစ်သည်အင်အား ၂၀၀ ခန့်သည် တိုက်ခိုက်ရေး၊ အမိန့်နာခံမှု၊ စည်းကမ်းကောင်းမွန်မှု၊ ကျင့်ဝတ်တို့နှင့်အညီ နေထိုင်ရန်တို့အတွက်လည်း လေ့ကျင့်နေကြသည်ဟု ဆိုသည်။

ဇန်နဝါရီ လလယ်ပိုင်းတွင် ဆက်သွယ်မေးမြန်းစဉ် NUG တောင်ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်မှ တပ်ခွဲတစ်ခု၏ တာဝန်ခံဖြစ်သော ကိုရှမ်းလေးက PDF ရဲဘော်များ၏ စစ်ရေးဆိုင်ရာ အခြေအနေ၊ လေ့ကျင့်မှု၊ လက်နက်ရရှိရေးတို့နှင့် ပတ်သက်ပြီး ပြောပြထားသည်။

မေး – လက်နက်ကိုင်တော်လှန်ရေးထဲ ရောက်တာ ဘယ်လောက်ကြာပြီလဲ။

၂၀၂၁ ဧပြီလကတည်းက ကျွန်တော် စရောက်တယ်။ အဲဒီမှာ ကျွန်တော်က EAO (တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့) တွေနဲ့ တွဲပြီးတော့ အခြေခံစစ်ပညာကို သင်ယူခွင့်ရလိုက်တယ်။  

စစ်ပညာကို ကျွန်တော်က ၅ လကျော် ၆ လဝန်းကျင်လောက် သင်ကြားခွင့်ရခဲ့တယ်။ နောက်ပြီးတော့ NUG ရဲ့ PDF တွေ လေ့ကျင့်သင်ကြားတဲ့ဆီမှာလည်း ကျွန်တော်က သွားပြီး သင်ကြားခဲ့ရသေးတယ်။  

မေး – ဘယ်လိုရည်ရွယ်ချက်နဲ့ လက်နက်ကိုင်ဖို့ ဆုံးဖြတ်လိုက်တာလဲ။

ဖြေ – ကျွန်တော်က လူသတ်ချင်လို့ လက်နက်လာကိုင်တာမဟုတ်ဘူး။ ပိုင်ဆိုင်ချင်လို့ လက်နက်လာကိုင်တာ မဟုတ်ဘူး။ ဘာလစာမှ မရှိဘဲနဲ့ ကျွန်တော်တို့ ဘာမှ မသိတဲ့ ဒီနယ်မြေပေါ်မှာ ကျွန်တော်တို့ အဖေနဲ့ ဝေး အမေနဲ့ ဝေး၊ ပျော်ရွှင်ခဲ့ရတဲ့ လက်ဖက်ရည်ဆိုင်လေးတွေ၊ ညဘက်တွေ တီးနေတဲ့ ဂီတာလေးတွေ စွန့်လွှတ်ပြီးတော့ ဘာမှ အာမခံချက်မရှိဘဲနဲ့ ကျွန်တော်တို့ ဒီနေရာကို လာရပ်တည်ခြင်းရဲ့ ရည်ရွယ်ချက်က ဒီစစ်အာဏာရှင် ကျဆုံးရေးပဲ။

အစောတုန်းကဆိုရင် ဒီမှာ အလှူအတန်းတွေဆိုတာမျိုး လုံးဝမရှိဘူး။ ရေလည်း အရမ်းရှားတယ်။ ဒီသောင်ရင်းမြစ်ကရေပဲ သောက်ရေ၊ ချိုးရေ၊ ကျွန်တော်တို့ရဲ့ သုံးရေပေါ့။

မေး – စစ်ပညာနဲ့ ပတ်သက်ပြီး သင်တန်းမှာ ဘာတွေ သင်ရသလဲ။

ဖြေ – စစ်ကောင်စီဘက်က ပြောကြတာရှိတယ်၊ ၁ လ၊ ၄၅ ရက်လောက် စစ်သင်တန်းတက်ပြီးတော့ ဒီပွဲကို ဘယ်လိုတိုက်မှာလဲပေါ့။ ပြည်သူကို သတင်းစကားပါးချင်တာက ကျွန်တော်တို့က ၄၅ ရက်၊ ၁ လ တက်ခဲ့တဲ့ ရဲဘော်တွေ မဟုတ်ဘူး။ ကျွန်တော်တို့က အခြေခံလေ့ကျင့်မှု၊ မွမ်းမံလေ့ကျင့်မှု၊ အဆင့်မြင့်လေ့ကျင့်မှုကို တက်ရောက် သင်ကြားခဲ့ရတယ်။ ကျွန်တော်ဆိုရင် လူသတ်နည်း၊ လူဖမ်းနည်း၊ လူချုပ်နည်း၊ နေ့ ည သင်ပြီးသား။ သင်တန်းမှာဆိုရင် ၃၆ နာရီစစ်ဆင်ရေးဆိုတာရှိတယ်။ ၃၆ နာရီအတွင်းမှာ လုံးဝမအိပ်ရဘူး။ အဲလိုမျိုးတွေပေါ့။ ပြင်းပြင်းထန်ထန်လေ့ကျင့်ခဲ့ရတယ်။

ပြီးတော့ မြို့သိမ်းတိုက်ပွဲအတွက် ကျွန်တော်တို့ လေ့ကျင့်ခဲ့ရတာရှိတယ်။ မြို့သိမ်းတိုက်ပွဲမှာဆိုရင် ပြည်သူကို မထိခိုက်အောင် ဘယ်လိုကာကွယ်မလဲဆိုတာ အဲဒီလိုမျိုးကအစ ကျွန်တော်တို့ အသေးစိတ် လေ့ကျင့်ခဲ့ရတယ်။

အခုလက်ရှိအနေအထားကတော့ ကျွန်တော်တို့က ကြောက်စိတ်ဆိုတာ လုံးဝမရှိတော့ဘူး။ ကျွန်တော်တို့က ဒီပွဲကို မြန်မြန်ပြီးဖို့အတွက် ကလေးတွေကို ကျွန်တော် နေ့တိုင်းပြောပြရတယ်။ မြန်မြန်ပြီးချင်ရင် မြန်မြန်အလုပ်လုပ်ရမယ်။

မေး – ဒီလို လက်နက်မကိုင်ခင်က မိသားစု အလုပ်အကိုင်အခြေအနေကိုလည်း ပြောပြပါဦး။

ဖြေ – အာဏာသိမ်းတော့ ဒီနိုင်ငံမှာ စစ်တပ်ရဲ့ အုပ်ချုပ်မှုအောက်မှာတော့ ကျွန်တော်မနေချင်ဘူးပေါ့နော်။ မနေချင်တော့ နိုင်ငံခြားထွက်မလားဆိုပြီး စဉ်းစားတယ်။ အဲလိုစဉ်းစားတာ ၅ ရက်လောက် ကြာတယ်။ ပြီးတော့ လက်နက်ကိုင်မလားလည်း ကျွန်တော်စဉ်းစားတယ်။

မိန်းမကို ပြောခဲ့တာ အေး ငါ နှစ်ပတ်လောက်တော့ စစ်ပညာသွားသင်လိုက်ဦးမယ်ဆိုပြီးတော့ နှစ်ပတ်ဆိုပြီးတော့ ထွက်လာတာ ယနေ့အချိန်အထိပဲ။

မေး – ၂၀၂၁ ခုနှစ်အတွင်း စစ်ရေးလှုပ်ရှားမှု၊ ပြင်ဆင်နေမှုတွေက ဘာတွေဖြစ်မလဲ။

ဖြေ – ကျွန်တော်တို့ တော်လှန်ရေးကို အဆင့် ၅ ဆင့် သတ်မှတ်ထားတယ်။ အဆင့်တစ်ကတော့ လေ့ကျင့်သင်ကြားမှုပေါ့။ လေ့ကျင့်သင်ကြားမှုဆိုတာက ရောက်လာသူတွေ စစ်ပညာကို လေ့ကျင့်ကြရတယ်၊ နေထိုင်မှုပုံစံ အားလုံးသင်ကြားကြရတယ်။ နောက်တစ်ခုက ပြင်ဆင်တယ်၊ မွမ်းမံတယ်။ တတိယအဆင့်အနေနဲ့ စုဖွဲ့မှုဆိုတာမျိုးဖြစ်လာပြီ။ စုဖွဲ့မှုမတိုင်မီမှာ ကလေးတွေ တိုင်းဒေသကြီး နေရာအသီးသီးကနေ ရောက်လာကြတဲ့ လက်နက်ကိုင်တော်လှန်ရေးလမ်းစဉ်နဲ့ လုပ်ကိုင်ကြမဲ့သူတွေ ကျွန်တော်တို့ မထင်မှတ်လောက်အောင်ကို လူအင်အားက အရမ်းများတယ်။

အရမ်းများတော့ အဲဒီထဲမှာလည်း လူပုံစံမျိုးစုံ၊ စရိုက်မျိုးစုံ၊ အဲဒီထဲမှာ CDM တွေ (အာဏာဖီဆန်ရေးလှုပ်ရှားမှုပါဝင်သူတွေ) လည်းပါတယ်၊ အများကြီး အများကြီးပေါ့။ ဒါတွေကို ပြန်စုဖွဲ့ရတယ်။ ပြီးတော့မှ စစ်တိုင်းအလိုက် ခွဲတယ်။ ပြီးတော့ တပ်ခွဲလိုက်၊ တပ်ခွဲလိုက် အဲလို။ ကျွန်တော့်တပ်ခွဲမှာဆိုရင် ရဲဘော်အင်အား ၂၀၀ လောက်ရှိတယ်။ အဲလိုပုံစံ စုဖွဲ့ရတယ်။

အဲ့ဒါတွေပြီးသွားရင် တပ်ဆင်မှုပေါ့။ အခု အဲဒီတပ်ဆင်မှု ပြီးသွားရင် အဆင့် ၅ ကတော့ အားလုံးမျှော်လင့်တဲ့ EAOs နဲ့ NUG နဲ့ ကျွန်တော်တို့အားလုံး ရဲဘော်ရဲဘက်တွေအကုန်လုံး မြို့၊ ဒေသ၊ တိုင်း၊ ရွာ အကုန်လုံး လှည်းနေလှေအောင်း မြင်းဇောင်းမကျန် အားလုံး တော်လှန်ရေးသံချောင်းခေါက်သံပေါ့။ ပျော်ရွှင်ဂုဏ်ယူစွာနဲ့ပဲ ကျွန်တော်တို့ ဒီပွဲကို အဆုံးသတ်မယ်။

မေး –  ဒါဆိုရင် အခု အစ်ကိုတို့ လက်နက်ကိုင်တော်လှန်ရေးက ဘယ်အဆင့်ရောက်နေပြီလဲ။

ဖြေ – ကျွန်တော်တို့က အဆင့်သုံးရပ် စုဖွဲ့မှုအဆင့် နေရာရောက်ပြီး အခုဆိုရင် လက်နက်တပ်ဆင်မှုအပိုင်းကို ကျွန်တော်တို့သွားနေပြီ၊ ဒါက အဆင့်လေးပေါ့။ ကျွန်တော်တို့မှာလည်း ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ရဲ့ ညွှန်ကြားချက်နဲ့ EAOs ရဲ့ အမိန့်ညွှန်ကြားချက် အမိန့်နှစ်ခုစလုံးကို ကျွန်တော်တို့က နာခံရတဲ့ တပ်စိတ်တပ်ရင်းပေါ့၊ အဲလို နေထိုင်ရတာ။  

စုဖွဲ့မှုမှာလည်း တပ်ခွဲလိုက် တပ်ခွဲလိုက် ရဲဘော်အင်အား ၂၀၀ ဝန်းကျင်ရှိတယ်။ အဲဒီမှာမှ တပ်ခွဲမှူးရှိမယ်၊ ဒုခွဲမှူးရှိမယ်။ ပြီးတော့ အောက်မှာ ဆက်သွယ်ရေး ထောက်ပို့အဖွဲ့တွေရှိမယ်။ ဒါတွေကို ကျွန်တော်တို့က ခိုင်ခိုင်မာမာ ကျစ်ကျစ်လျစ်လျစ် ဖွဲ့စည်းရတယ်။ ကျွန်တော်သိရသလောက်ကတော့ တောင်ပိုင်းတိုင်းမှာ ကျွန်တော်တို့ အဖွဲ့အစည်း ၈ ဖွဲ့ရှိတယ်။ ကျွန်တော့်တပ်ခွဲမှာတောင် အင်အား ၂၀၀ ရှိတယ်၊ ဆိုတော့ ယနေ့အချိန်အထိ စုဖွဲ့မှုအဆင့်ကို ကျွန်တော်တို့ အောင်မြင်စွာ စုဖွဲ့နိုင်ခဲ့တယ်။

ဒီ ပြီးခဲ့တဲ့ တစ်နှစ်လုံး ကျွန်တော်တို့ စုဖွဲ့မှုအဆင့်သုံးကိုတော့ ခိုင်ခိုင်မာမာတည်ဆောက်နိုင်ခဲ့ပြီ။ အဆင့်လေး တပ်ဆင်မှုအပိုင်းကိုတော့ ကျွန်တော်တို့ အစိုးရနဲ့ ညှိနှိုင်း EAOs နဲ့ ညှိနှိုင်းပြီးတော့ ဆက်သွားမယ်။ အားလုံးမျှော်နေတဲ့ ဒီ ၂၀၂၂ ရဲ့ ဘာတွေဖြစ်လာနိုင်မလဲဆိုတာတော့ အကောင်းဘက်ကို ရောက်လာပြီလို့ပဲ ပြောချင်တယ်။

ဒါပေမဲ့ PDF အကုန်လုံးက ဒီစုဖွဲ့မှုထဲမှာ ရှိနေပြီလားဆိုရင်တော့ ရှိမနေသေးတာတွေလည်း တွေ့ရသေးတယ်။

မေး – ဒီလို စုဖွဲ့ထားတဲ့ ထဲမှာ ပါတဲ့သူတွေက ဘယ်လိုခံယူချက် ယုံကြည်ချက်တွေနဲ့ စစ်ပညာ လာသင်ယူကြတာများလဲ။

ဖြေ – ရဲဘော်တော်တော်များများကတော့ မခံချင်စိတ်နဲ့ ဒီအာဏာရှင်ရဲ့ အုပ်ချုပ်မှုကို လုံးဝ လက်မခံစိတ်နဲ့ ရောက်လာကြတယ်။ သူတို့က ဒီဘက်မှာကျတော့ အခက်အခဲမျိုးစုံရှိတယ်၊ တကယ့်အခက်အခဲကျတော့ ကိုယ်တိုင်ကိုယ်ကျ ရင်ဆိုင်ရတဲ့အခါကျတော့ တချို့တွေ ရင်မဆိုင်နိုင်တာတွေလည်း တွေ့ရတယ်။

ပြောချင်တာက နေရာအသီးသီးကလာကြတဲ့ ရဲဘော်အသီးသီးက စစ်သား၊ စစ်သည်စိတ် မဖြစ်သေးဘူး။ မဖြစ်သေးတဲ့အခါကျတော့ သူတို့က စစ်သင်တန်းပြီးစီးသွားရင်တောင်မှ ဒီ စစ်သည်တစ်ယောက်ရဲ့ အမိန့်နာခံမှု၊ စည်းကမ်းကောင်းမွန်မှု၊ ပြီးတော့ စစ်သည်တစ်ယောက်ရဲ့ ကျင့်ဝတ်တွေနဲ့အညီ နေထိုင်တတ်ဖို့ကို ကျွန်တော်တို့က ကြိမ်ဖန်များစွာ လေ့ကျင့်ပေးရတယ်။ ပြင်ဆင်ပေးရတယ်။ သူတို့တွေ တစ်သွေးတည်း တစ်သားတည်း တစ်မိန့်ထဲ ပုံစံနဲ့ အဖွဲ့အစည်းနဲ့ နေတတ်အောင်လည်း လေ့ကျင့်သင်ကြားပေးရတာရှိတယ်။ ယနေ့အချိန်အထိလည်း ရှိနေတုန်းပဲ။

မေး – ပြီးခဲ့တဲ့ ၂၀၂၁ အတွင်း လက်နက်လိုအပ်ချက် မြင့်မားတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေက ပြောကြတယ်။ ဒါပေမဲ့ NUG ကလည်း ထောက်ပံ့နေတယ်လို့ဆိုတော့ အစ်ကို့တို့အဖွဲ့ရော လက်နက်လိုအပ်ချက်ရှိလား။ ဘယ်လိုလဲ။

ဖြေ – တချို့ရဲဘော်လေးတွေပြောတာရှိပါတယ်၊ လက်နက်တွေလိုတယ်၊ ကျည်တွေလိုတယ်။ နှုတ်ခမ်းနီတောင့်တွေ လိုတယ်ပေါ့ဗျာ။ ပြည်သူကရွေးချယ်ထားတဲ့ အစိုးရက ခရိုနီမဟုတ်တော့ အာဏာသိမ်းလိုက်ကတည်းကိုက ကျွန်တော်တို့မှာ ဘာမှ မရှိတော့ဘူး။ ကျွန်တော်တို့ကို ပြောထားပြီးသား၊ တစ်ချိန်မှာ ကျွန်တော်တို့ စုဖွဲ့မှုနဲ့ ကျွန်တော်တို့လိုချင်တဲ့ လက်နက်တပ်ဆင်ပေးမယ်ဆိုတာ သူတို့ဆိုထားတယ်။ လက်ရှိအချိန်မှာလည်း သူတို့တပ်ဆင်ပေးနေတာရှိတယ်။ ပြီးတော့ ကျွန်တော်တို့လည်း ကျွန်တော်တို့နည်း ဟန်နဲ့ ဖန်တီးထားတဲ့ လက်နက်တွေရှိတယ်။

ကျွန်တော်လက်နက်ရပြီးသားလားဆို ရှိတယ်၊ 14 ရှိတယ်၊ sniper ရှိတယ်၊ 16, AK ပြီးတော့ ဗုံးသီးတွေရှိမယ်။ ဒါတွေကလည်း ဘယ်သူပေးထားတာလဲဆိုရင် ပြည်သူပေးထားတာ။

ကျွန်တော်တို့ ပြည်သူက ကျွန်တော်တို့ကို ယနေ့အချိန်အထိ လက်နက်တပ်ဆင်ပေးနေတယ်။ အစိုးရကရော လက်နက်တပ်ဆင်ပေးမလား မေးရင် ဒီပွဲအတွက် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးအတွက် လိုလားသူတွေက တပ်ဆင်ပေးတဲ့အချိန်မှာ ကျွန်တော်တို့ လက်နက်ကိုင်ခွင့်ရမယ်။  

ယုံကြည်တာကတော့ တစ်ချိန်မှာ ဒါတွေဟာ အကုန်လုံးဖြစ်လာလိမ့်မယ်။ ကျွန်တော်တို့ပြည်သူကို ကျွန်တော်တို့ ယုံတယ်။ ပြီးတော့ ပြည်သူက ခန့်ထားတဲ့ ကျွန်တော်တို့အစိုးရကို ယုံတယ်။ ဒီပွဲအတွက် ပြည်သူတွေအားလုံးကလည်း အဆင်သင့်ပဲဆိုတာ ယုံတယ်။ ဒါကြောင့် လက်နက်က ကျွန်တော်တို့လက်ထဲကို ဧကန်မလွဲရောက်လာမှာ မုချပါပဲ။

မေး – ဒီလိုအခြေအနေမှာ အစ်ကို့တပ်ဖွဲ့ထဲက လူ ၂၀၀ လောက်က လက်နက်မပြည့်စုံလို့ဆိုတာမျိုး အဲဒီလူငယ်တွေက ပြောလာရင်ရော ဘယ်လိုဖြေရှင်းလဲ။

ဖြေ – ကျွန်တော်တို့ ပြည်သူတွေ ဝယ်ပေးထားတဲ့ ရှိတဲ့ အင်အားနဲ့ ကျွန်တော်တို့ ရှိတဲ့ သေနတ်နဲ့ပဲ ခုခံခဲ့ရတာ။

ကျွန်တော်တို့ရဲ့ ရဲဘော်ရဲဘက်တွေ ကျဆုံးသွားတာရှိတယ်။ ကျွန်တော်တို့ ကလေးတွေ၊ ရဲဘော်ရဲဘက်တွေရဲ့ စိတ်က မထင်ထားလောက်အောင်ကို သူတို့ရဲ့ အသက်ဆိုတာကို ခေါင်းထဲမှာ မရှိတော့ဘူး၊ တိုက်ပွဲဖြစ်နေတဲ့အချိန်မှာဆိုလည်း ကျွန်တော့်စခန်းမှာဆိုရင်လည်း ‘ဟာ … ဆရာလေး … အခုသွားမယ်’ ဆိုတာမျိုး။ ‘ကျွန်တော်တို့ အခုသွားတိုက်ချင်နေပြီ’ ဒါမျိုးပေါ့ဗျာ။

အဲ့တော့ ကျွန်တော်တို့က ရှင်းပြရတယ်၊ ထိန်းချုပ်ရတယ်၊ ရဲဘော်ရဲဘက်တွေကို၊ ဒါ ငါတို့ ခုခံကာကွယ်တဲ့ တိုက်ပွဲ၊ ထိုးစစ်ဆင်တဲ့ တိုက်ပွဲမဟုတ်ဘူး။ ငါတို့အားလုံး တည်ငြိမ်ဖို့လိုတယ်၊ ပြီးတော့ အမိန့်အတိုင်းပဲ ဆောင်ရွက်မယ်ပေါ့။

တချို့ဆို ကျွန်တော့်ကို လာမေးတယ်။ ရှမ်းလေး ဘာလိုလဲတဲ့။ ကျွန်တော်လိုချင်တာက အရေးတော်ပုံအောင်ဖို့ပဲလို့။ ကျွန်တော့်စခန်းမှာ ဘာလိုလဲ လာပေးကြသူတွေရှိတယ်။ ကျွန်တော့်စခန်းမှာ အရက်သေစာ၊ မူးယစ်သောက်စား လုံးဝ ခွင့်မပြုပေးထားဘူး။ ပြီးတော့ အလှူခံယူခွင့် ကျွန်တော် လုံးဝ မပေးထားဘူး။ ဖုန်းဘေဖိုးတောင် အလှူမခံခိုင်းဘူး။

မေး – လက်နက်ခဲယမ်းတွေလိုပဲ တစ်ဖက်ရဲ့ စစ်ရေးလှုပ်ရှားမှုသတင်းတွေဟာလည်း အရေးကြီးတယ်ဆိုတော့ ဒါတွေနဲ့ ပတ်သက်ပြီးတော့ရော ဘယ်လို ကြိုတင်ပြင်ဆင်ထားသလဲ။

ဖြေ – သတင်းအချက်အလက်နဲ့ ပတ်သက်ပြီး လက်ဦးရရှိဖို့ အရမ်းအရေးကြီးတယ်။ အပိုင်း နှစ်ပိုင်းရှိတယ်။ စစ်ရေးနဲ့ ပတ်သက်တဲ့ သတင်းပညာ တစ်ပိုင်းရှိမယ်။ စစ်ရေးဗျူဟာဆိုတာက ကျွန်တော်တို့ ကြားဖြတ်စုံစမ်းတဲ့ ပညာတွေ သင်ပြီးသားဖြစ်တယ်။ ဆက်သွယ်ရေးသုံးပစ္စည်းတွေနဲ့ ပတ်သက်ပြီးတော့လည်း ပြင်ဆင်လေ့ကျင့်ထားတာတွေ များစွာရှိတယ်။

နောက်တစ်ခုက ပြည်သူ့စစ်မဟာဗျူဟာအကြောင်းကို ကျွန်တော်တို့ လေးလေးနက်နက်ကို သင်ကြားခွင့်ရထားတယ်။ ပြည်သူတွေကို ဘယ်လိုဆက်ဆံရမယ်၊ ကျွန်တော်တို့အပေါ် အမြင်ကောင်းမွန်အောင် ဘယ်လိုတည်ဆောက်ရမယ်၊ ဒါကို ယနေ့အချိန်ထိ ကျင့်သုံးနေသလို နောက်ကိုလည်း တွင်တွင်ကျယ်ကျယ်ကျင့်သုံးနေအုံးမှာပဲ။

အဲ့တော့ ကျွန်တော်တို့ ဆက်သွယ်ရေးစက်တွေက မဝင်ရင် မဝင်သေးဘူး၊ ဒါပေမဲ့ ပြည်သူက အေး … ဟိုမှာတော့ ကားဘယ်နှစီး၊ ဘယ်လိုရှိတယ်ဆိုတာ ချက်ချင်း ပြည်သူက လှမ်းပြောတာ။ မျက်နှာစိမ်းလူ ကျွန်တော်တို့နယ်မြေထဲ ရောက်တာနဲ့ တစ်ယောက်ရောက်တယ်၊ နှစ်ယောက်ရောက်တယ်ဆိုတာ ကျွန်တော်တို့ သတင်းရတယ်။ အဲဒါက ဘယ်သူကပေးတာလဲဆိုရင် ရပ်ရွာနေ ပြည်သူက ပေးတာ။ အဲတော့ လက်ရှိမှာလည်း ပြည်သူ့စစ်မဟာဗျူဟာကို ကျွန်တော်တို့ တည်ဆောက်ထားနိုင်တယ်။

မေး – ၂၀၂၂ က တော်လှန်ရေးအဆုံးအဖြတ်နှစ်လို့တောင် သုံးသပ်ကြသူတွေလည်းရှိတယ်။ ဒီလိုအခြေအနေမှာ ရင်ဆိုင်ဖို့ လက်နက်မပြည့်စုံသေးတော့ စိုးရိမ်စိတ်ဖြစ်မိလား။

ဖြေ – မဖြစ်ဘူး။ ဒီဟာ ဘယ်လောက်အထိ သွားနိုင်သလဲဆိုတာ အားလုံးလည်း သိတယ်။ ကျွန်တော်ကိုယ်တိုင်လည်း သိတယ်။

ဒီတော့ မြန်မြန်သွားနိုင်ဖို့အတွက် ပြည်သူအားလုံးရဲ့ ဝန်းရံမှု စုပေါင်းမှုအားကောင်းကောင်း၊ ပြီးတော့ ကျွန်တော်တို့တွေရဲ့ လေ့ကျင့်မှု စုဖွဲ့မှုအားကောင်းကောင်း၊ ပြီးတော့ NUG ရဲ့ နိုင်ငံတကာရပ်ဝန်းတွေရဲ့ ချိတ်ဆက်မှုအားကောင်းကောင်း အဲလိုမျိုးပေါ့ဗျာ။

ပြောချင်တာကတော့ ရေကန်တစ်ခုကို၊ ဆုံမှတ်တစ်ခုကို ရေစီးကြောင်းပေါင်း မြောက်မြားစွာ စီးဆင်းပြီးတော့ တစ်ချိန်မှာ ပွင့်ထွက်ပြီးတော့ ပေါက်ကွဲလာမဲ့ အချိန်ကိုပဲ ကျွန်တော်တို့က စောင့်နေတာလို့ ဆိုရမှာပဲ။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button