စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ် ပဒတ်ထိုင်းကျေးရွာတွင် ယနေ့ (ဇန်နဝါရီ ၃၁) နံနက်၌ စစ်တပ်က ရဟတ်ယာဉ်တစ်စီးဖြင့် ပစ်ခတ်၍ အခြားနှစ်စီးဖြင့် စစ်သားများချကာ စီးနင်းတိုက်ခိုက်စဉ် အရပ်သားအချို့ သေဆုံးသည်ဟု ဒေသခံ ပြန်ကြားရေးအဖွဲ့တာဝန်ရှိသူနှင့် PDF ခေါင်းဆောင်သူတစ်ဦးက ပြောသည်။
မြင်းမူမြို့နယ်နှင့် အရာတော်မြို့နယ်အစပ်ရှိ ထိုကျေးရွာကို နံနက် ၁၁ နာရီဝန်းကျင်၌ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) မှ ထွက်လာသော ရဟတ်ယာဉ်များဖြင့် စတင်တိုက်ခိုက်ခြင်းဖြစ်သည်ဟု ဆိုသည်။
“ရဟတ်ယာဉ်က အခင်းဖြစ်တဲ့နေရာမှာ ပတ်ဝဲနေပြီးတော့ MI – 35 (တိုက်ခိုက်ရေးရဟတ်ယာဉ်) ပေါ်ကနေ ဗုံးနဲ့ ၆ ကြိမ်လောက် ကြဲတယ်ဗျ။ ရဟတ်ယာဉ်နှစ်စင်းကတော့ အခင်းဖြစ်တဲ့နေရာရဲ့ အရှေ့ဘက်မှာ လူချသွားတယ်” ဟု မြင်းမူမြို့နယ်သတင်းပြန်ကြားရေးအဖွဲ့ တာဝန်ခံ ကိုစေတန်ဆိုသူက ပြောသည်။
မြင်းမူမြို့နယ်အတွင်း ပထမဆုံးအကြိမ် လေကြောင်းတိုက်ခိုက်မှုဖြစ်ပြီး၊ ပဒတ်ထိုင်းကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်တပ်က ရုတ်တရက်လာရောက် တိုက်ခိုက်ခြင်းဖြစ်ကြောင်း ဆိုသည်။
“သူတို့အနေနဲ့ ဘာကြားထားလို့လဲ မသိဘူး။။ အဲဒီနေရာက အရာတော်၊ မုံရွာ၊ မြင်းမူ သုံးမြို့နယ်ရဲ့ အစပ်ဆိုတော့ သူတို့အနေနဲ့ ဒေသခံကာကွယ်ရေးအဖွဲ့တွေ ရှိမယ်ယူဆပြီး ဝင်တာလားပေါ့။ တိုက်ပွဲဖြစ်တာမျိုးလည်း မရှိဘူး” ဟု ကိုစေတန်က ပြောသည်။
ရဟတ်ယာဉ်ဖြင့် လာချသည့် စစ်သား ၄၀ ခန့်က ကျေးရွာအတွင်း ဝင်ရောက်စီးနင်းစဉ် ပဒတ်ထိုင်းဒေသခံ ကိုကျောက်ခဲဆိုသူနှင့် အသက် ၇၀ ကျော်အရွယ် အမျိုးသားတစ်ဦး ပစ်သတ်ခံခဲ့ရကြောင်း၊ လက်ရှိတွင် ကျေးရွာစာသင်ကျောင်းအတွင်း တပ်စွဲထားကြောင်း၊ ဒေသခံ ၄၀ ခန့် ဓားစာခံအဖြစ် ဖမ်းဆီးခံထားရကြောင်းလည်း ၎င်းက ပြောသည်။
ဒေသခံများ ထိခိုက်သေဆုံးမှုနှင့် ဖမ်းဆီးခံထားရသူများ၏ အသေးစိတ်အခြေအနေများကို စုံစမ်းနေဆဲ ဖြစ်ကြောင်း၊ ပဒတ်ထိုင်းနှင့် ၂ မိုင်ခန့်အကွာရှိ အရာတော်မြို့နယ်၊ မလဲသာရွာတွင်လည်း ယနေ့ နံနက်၌ ရဟတ်ယာဉ်ဖြင့် စစ်သားများ လာချကာ စီးနင်းတိုက်ခိုက်နေသည်ဟု သိရသည်။
“နေ့လယ်က လာပစ်ပြီးတော့ တပ်စွဲထားတယ်။ လွန်ခဲ့တဲ့ နာရီဝက်ကျော်လောက်ထိ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ခြောက်ပစ်နေတုန်းပဲ။ ရွာခြေကို ကပ်လို့ မရသေးဘူး” ဟု ယနေ့ညနေ ၆ နာရီခွဲအချိန် ဆက်သွယ်မေးမြန်းရာတွင် ဒေသခံ PDF ခေါင်းဆောင်တစ်ဦးက ပြောသည်။
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) များ၏ ပြင်းထန်သော ခုခံတော်လှန်မှုများကြောင့် မြေပြင်စစ်ကြောင်းများ အထိနာလာချိန်တွင် စစ်ကောင်စီက လေကြောင်းအသုံးပြု တိုက်ခိုက်ခြင်းကို အားကိုးလာသည်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များရှိရာ ဒေသများအပါအဝင် စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းရှိ မြို့ရွာများကို ဝင်ရောက်စီးနင်းရာတွင် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်း၊ တိုက်ခိုက်ရေးရဟတ်ယာဉ်များဖြင့် အနီးကပ်ပစ်ကူပေးခြင်းအပြင် ရဟတ်ယာဉ်များဖြင့် စစ်ကြောင်းများ ရွှေ့ပြောင်းခြင်း ပြုလုပ်လာသည်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ထုတ်ပြန်ချက်အရ ဒီဇင်ဘာလမှ ဇန်နဝါရီ ၁၄ ရက်အထိ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ် အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ် ၇ ခုရှိ မြို့နယ်ပေါင်း ၂၆ ခုတွင် စစ်တပ်က လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။
PDF စခန်းများရှိသည်ဆိုကာ ကျေးရွာများကို ဝင်ရောက်စီးနင်းတိုက်ခိုက်သည့်အကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်ရာတွင် လေကြောင်းတိုက်ခိုက်မှုအကြောင်း ထည့်သွင်းဖော်ပြလေ့ မရှိပေ။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)



