ဆောင်းပါး

မြေပြင်တပ်များ အထိနာချိန် စစ်တပ်က လေကြောင်းတိုက်ခိုက်မှု အားကိုးလာ 

ပြည်နယ်နှင့် တိုင်းဒေသ ခြောက်ခုထက်မနည်းတွင် ပြင်းထန်သော ခုခံတော်လှန်မှုများကို လနှင့်ချီ ရင်ဆိုင်လာရပြီးနောက် မြေပြင်စစ်ကြောင်းများ အထိနာလာချိန်တွင် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများကို အားကိုးလာသည်။ 

မြို့ပေါ်၌ ဗုံးခွဲတိုက်ခိုက်မှုနှင့် လုပ်ကြံသတ်ဖြတ်မှုများ နေ့စဉ်ပေါ်ပေါက်နေသည့်နည်းတူ ဒေသအသီးသီးရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) များကို လိုက်လံနှိမ်နင်းရာတွင် စစ်ကောင်စီစစ်ကြောင်းများမှာ မိုင်းဆွဲခံရခြင်းနှင့် အလစ်အငိုက်တိုက်ခိုက်ခံရခြင်းများကြောင့် စစ်ရေးအရ ခရီးမရောက်နိုင်ဘဲ နေ့စဉ်နှင့်အမျှ အထိအခိုက်၊ အကျအဆုံးများနေသည်။

တိုက်ပွဲများအတွင်း ထိခိုက်ကျဆုံးအရေအတွက်ကို စစ်ကောင်စီက ထုတ်ပြန်ခြင်းမရှိသည့်နည်းတူ သီးခြားအတည်ပြုနိုင်ခြင်း မရှိသော်လည်း ဒေသခံ PDF များနှင့် တိုင်းရင်းသားလက်နက်ကိုင်များအဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ အဆိုပါ လပေါင်းများစွာအတွင်း စစ်ကောင်စီဘက်မှ သေဆုံးသူ ရာဂဏန်း၊ ထောင်ဂဏန်းမျှ ရှိနိုင်သည်။

ဒီဇင်ဘာမှစ၍ ချင်းပြည်နယ်၊ မကွေးတိုင်းနှင့် စစ်ကိုင်းတိုင်းအတွင်းရှိ PDF များကို လိုက်လံတိုက်ခိုက်ရာတွင် မြေပြင်စစ်ကြောင်းများအပြင် ရဟတ်ယာဉ်များဖြင့် ဝေဟင်မှ ပစ်ခတ်ခြင်း၊ အင်အားဖြည့်တင်းခြင်းများ ဆက်တိုက်ပြုလုပ်လာသည်။

ထို့ပြင် ကရင်ပြည်နယ်နှင့် ကယားပြည်နယ်အတွင်း လတ်တလောဖြစ်ပွားနေသော တိုက်ပွဲများတွင်လည်း မြေပြင်စစ်ကြောင်းများနှင့် လက်နက်ကြီးပစ်ကူအပြင် တိုက်လေယာဉ်များဖြင့် ဗုံးကြဲခြင်း၊ တိုက်ခိုက်ရေးရဟတ်ယာဉ်များဖြင့် အနီးကပ်ပစ်ခတ်ခြင်းများ ရှိခဲ့သည်။

စစ်ကောင်စီက တိုင်းရင်းသားဒေသများတွင်သာမက မြေပြန့်ဒေသများတွင်ပါ အရပ်သားများအပေါ် လေကြောင်းကို အဓိကအသုံးပြု တိုက်ခိုက်နေခြင်းမှာ မြေပြင်တပ်များ အထိနာနေသောကြောင့်ဖြစ်သည်ဟု ကရင်အမျိုးသားအစည်းအရုံး (KNU) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက ယမန်နေ့ (ဇန်နဝါရီ ၁၀) တွင် ပြောသည်။

“သူတို့ မြေပြင်တပ်တွေက တော်တော်လေး နေရာတိုင်းမှာ အထိနာနေတော့ ….နောက်ဆုံး စိတ်ဓာတ်စစ်ဆင်ရေးအနေနဲ့ ဟိုလိုက်ဗုံးကြဲပြ၊ ဒီလိုက်ဗုံးကြဲပြနဲ့ သူတို့စိတ်ဓာတ် ပြန်တက်လာမလား မျှော်လင့်ချက်နဲ့ လုပ်နေတဲ့ပုံ” ဟု ၎င်းက ပြောသည်။ 

“သိတဲ့အတိုင်းပဲ ဟိုနေရာမှာလည်းကွဲ၊ ဒီနေရာမှာလည်းကွဲ၊ အခြေအနေမလှဘူး” 

ကရင်ပြည်နယ်အတွင်း ထိုင်း-မြန်မာနယ်စပ်ရှိ လေးကေ့ကော်မြို့သစ်တစ်ဝိုက်ကို ဒီဇင်ဘာလလယ်ပိုင်းမှစ၍ စစ်ကောင်စီက အပြင်းအထန်တိုက်ခိုက်နေရာ ယခုရက်ပိုင်းအတွင်း ကော့ကရိတ်မြို့နယ်အထိပါ စစ်မျက်နှာ ကျယ်ပြန့်လာသည်။

လေးကေ့ကော်တွင် စစ်ရေးအခြေအနေ စတင်တင်းမာချိန် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများ အချိန်မရွေးဖြစ်ပေါ်လာနိုင်သဖြင့် ကုလသမဂ္ဂ ဦးဆောင်ကာ အရေးပေါ်အစည်းအဝေး ကျင်းပပြီး လေကြောင်းပျံသန်းမှုကင်းမဲ့ဇုန် သတ်မှတ်ပေးရန် KNU က ဒီဇင်ဘာ ၂၀ ရက်တွင် တောင်းဆိုခဲ့သည်။

သို့သော် စစ်ကောင်စီက ထိုတောင်းဆိုချက်ကို လျစ်လျူရှုကာ လေးကေ့ကော်တစ်ဝိုက် တိုက်ပွဲများတွင် တိုက်လေယာဉ်နှင့် ရဟတ်ယာဉ်များ အသုံးပြုခဲ့သည်။ စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှုနှင့် လေကြောင်းရန်ကြောင့် ထောင်ပေါင်းများစွာသော ဒေသခံတို့ ထိုင်းနိုင်ငံဘက်ခြမ်း ထွက်ပြေးတိမ်းရှောင်ကြရသည်။ 

စစ်ကောင်စီ၏ လေကြောင်းနှင့် လက်နက်ကြီးရန်ကြောင့် ထိုင်းနိုင်ငံဘက်ခြမ်းသို့ ထွက်ပြေး တိမ်းရှောင်နေသူများကို ဒီဇင်ဘာ ၁၉ ရက် ညနေပိုင်းက တွေ့ရစဉ်။ (ဓာတ်ပုံ – KIC) 

KNU ၏ တပ်မဟာ ၆ နယ်မြေအတွင်းရှိ ကော့ကရိတ်မြို့နယ်တွင်လည်း ယမန်နေ့တွင် စစ်ကောင်စီက လက်နက်ကြီးများ အဆက်မပြတ်ပစ်ခတ်သည့်ပြင် ရဟတ်ယာဉ်များဖြင့်ပါ တိုက်ခိုက်သဖြင့် ထောင်ဂဏန်းရှိ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေကြရသည်။

တိုက်ပွဲများအတွင်း စစ်ကောင်စီဘက်က အရေအတွက်အတိအကျ မသိရသော်လည်း ထိခိုက်ကျဆုံးမှု များပြားနေသည့်ပြင် KNU ဦးဆောင်သော ပူးပေါင်းအဖွဲ့များ၏ လက်ရဖမ်းဆီးခံရသူများလည်းရှိသည်။ 

တပ်မဟာ ၅ နယ်မြေဖြစ်သော ဖာပွန်ခရိုင်တွင် အာဏာသိမ်းပြီးစကတည်းက စစ်တပ်က လေကြောင်းမှ အကြိမ်ကြိမ်တိုက်ခိုက်ခဲ့သည့်ပြင် လက်ရှိအချိန်ထိလည်း မကြာခဏတိုက်ခိုက်နေဆဲဖြစ်သည်။ အာဏာသိမ်းပြီးစက သံလွင်မြစ်ကမ်းဘေးရှိ ကင်းစခန်းတချို့ သိမ်းပိုက်ခံရပြီးနောက် စစ်ကောင်စီက KNU ၏ တပ်မဟာ ၅ နယ်မြေကို အငြိုးတကြီးတိုက်ခိုက်နေခြင်းဖြစ်သည်။​

ကယားပြည်နယ်မြို့တော် လွိုင်ကော်တွင် ကရင်နီခုခံတော်လှန်ရေးတပ်ဖွဲ့များနှင့် မြို့ပေါ်တိုက်ပွဲဖြစ်ပွားစဉ် စစ်ကောင်စီက ဇန်နဝါရီ ၈ ရက်မှစ၍ လေကြောင်းအသုံးပြုတိုက်ခိုက်နေသည်။ လွိုင်ကော်မြို့ကို ဗုံးကြဲတိုက်ခိုက်မည်ဆိုသောကြောင့် ထောင်ပေါင်းများစွာသော မြို့ခံများ ရှမ်းပြည်နယ်တောင်ပိုင်းနှင့် အခြားဒေသများသို့ ညတွင်းချင်း ထွက်ပြေးတိမ်းရှောင်ကြရသည်။

လွိုင်ကော်မြို့တော်အပါအဝင် ကရင်နီဒေသအတွင်း စစ်ကောင်စီက လက်နက်ကြီးများအပြင် တိုက်လေယာဉ်များပါ အသုံးပြုတိုက်ခိုက်နေခြင်းမှာ အာဏာရှင်စစ်စစ်၏လုပ်ရပ်ကို ပြသခြင်းဖြစ်သည်ဟု ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) အတွင်းရေးမှူးတစ်ဦးဖြစ်သူ ဦးအောင်ဆန်းမြင့်က Myanmar Now ကို ယနေ့ ပြောသည်။

“မင်းတို့ကို ငါတို့အချိန်မရွေး စီရင်နိုင်တယ်။ မင်းတို့အသက်အိုးအိမ်က ငါတို့လက်ထဲမှာပဲ ရှိတယ်ဆိုတာ သူတို့က ပြချင်တဲ့သဘောပဲ။ နိုင်ငံသားတစ်ဦးဦးရဲ့ အသက်ရှင်သန်ခွင့်အခွင့်အရေးကို စစ်ကောင်စီက ချိုးဖောက်သလို လူမျိုးတစ်မျိုး၊ ပြည်နယ်တစ်ခုရဲ့ ရပိုင်ခွင့်အခွင့်အရေးကို ပေါ်ပေါ်တင်တင် ချိုးဖောက်တာပဲဖြစ်တယ်” ဟုလည်း ၎င်းက ပြောသည်။ 

“လူမျိုးတစ်မျိုးကို အစုလိုက်အပြုံလိုက် သတ်တယ်၊ သာလွန်အင်အားတွေနဲ့ တိုက်ခိုက်တယ်၊ လက်နက်တွေ အသုံးပြုပြီးတိုက်တယ်ဆိုတာက လူမျိုးသုဉ်းသတ်ဖြတ်မှုအဆင့်ထိ ရောက်နေတယ်လို့ မှတ်ချက်ပေးချင်တယ်” 

ကယားပြည်နယ် ဖရူဆိုမြို့နယ်၊ မိုဆိုကျေးရွာအနီးတွင် ဒီဇင်ဘာ ၂၄ ရက်က လူအစုလိုက်အပြုံလိုက် မီးရှို့ဖျက်ဆီးခံထားရသူများကို တွေ့ရှိခဲ့သည်။ မော်တော်ယာဉ်များနှင့်အတူ အစုလိုက်မီးရှို့သတ်ဖြတ်မှုကို စစ်တပ်က ကျူးလွန်ကြောင်း၊ သတ်ဖြတ်ခံရသူ ၄၉ ဦးအထိ ရှိနိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီ (KSCC) က ယခုလဆန်းပိုင်းတွင် ထုတ်ပြန်ခဲ့သည်။​

ကယားပြည်နယ်တွင် ယခုသီတင်းပတ်အတွင်း တိုက်ပွဲပေါင်း ၃၀ ကျော် ရှိသွားပြီဖြစ်ကာ လေယာဉ်များဖြင့် လာရောက်ပစ်ခတ်သည်မှာ ၁၂ ကြိမ်အထက် ရှိပြီဖြစ်ကြောင်းလည်း ဦးအောင်ဆန်းမြင့်က ပြောသည်။

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုနှင့် ပတ်သက်၍ “ဘယ်လောက်ထိ ပြင်းထန်လဲဆိုတော့ ကျွန်တော်တို့ပြည်နယ်ကတော့ တဖြည်းဖြည်းနဲ့ ပြာကျရုံပဲရှိတော့တယ်ပေါ့နော်။ ဆီးရီးယားမှာလို အဲလိုမျိုးဖြစ်သွားတာကို အများကြီးစိုးရိမ်ပါတယ်” ဟုလည်း ၎င်းက ပြောသည်။ 

ကယားပြည်နယ် လွိုင်ကော်မြို့အနီးတစ်ဝိုက် ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် ရှမ်းပြည်နယ်တောင်ပိုင်းသို့ ထွက်ပြေးတိမ်းရှောင်နေသူများကို ယနေ့ (ဇန်နဝါရီ ၁၁) တွေ့ရစဉ်။ (ဓာတ်ပုံ​- မုမေရီ)

ကယားပြည်နယ်တွင် မေလကုန်ပိုင်း၌ တိုက်ပွဲများ အပြင်းအထန် စတင်ဖြစ်ပွားခဲ့သည်။ ဒေသခံ PDF များက ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) အဖြစ် စုစည်းပြီးနောက် စစ်ကောင်စီကို ခုခံတော်လှန်ကြသည်။ 

လက်ရှိအချိန်တွင် စုစည်းမှုအားကောင်းသည့် KNDF တပ်ဖွဲ့ဝင်များသည် ယခင်ရှိရင်းစွဲ ကရင်နီတပ်မတော် (KA) နှင့် ပူးပေါင်းကာ တိုက်ပွဲများ အဆက်မပြတ်ဖော်ဆောင်နေသည်။ 

တစ်ချိန်တည်း၌ပင် ချင်းပြည်နယ်၊ ကချင်ပြည်နယ်တို့နှင့် ထိစပ်နေသည့် စစ်ကိုင်းတိုင်းအတွင်းရှိ ဒေသခံ PDF များကို စစ်ကောင်စီက အဆက်မပြတ် လိုက်လံတိုက်ခိုက်နေရသည်မှာ လအတန်ကြာရှိပြီ ဖြစ်သည်။ ဒေသခံ PDF များနှင့် ပြောက်ကျားတပ်ဖွဲ့ဝင်များကို အလွယ်တကူ ဖမ်းဆီးမရနိုင်သောကြောင့် စစ်ကောင်စီတပ်က မြို့ရွာများကို ဝင်ရောက်စီးနင်းကာ နှိမ်နင်းလျက်ရှိသည်။

နယ်မြေကျွမ်းကျင်သော ဒေသခံ PDF များ၏ ပြောက်ကျားတိုက်ခိုက်ခြင်းနှင့် မိုင်းဆွဲတိုက်ခိုက်ခြင်းများကြောင့် အထိနာပြီးရင်း နာလာသည့် စစ်ကောင်စီ၏ နယ်မြေရှင်းလင်းရေးစစ်ကြောင်းများက ကျေးရွာများကို မီးရှို့ဖျက်ဆီးခြင်း၊ ဒေသခံများကို ဖမ်းဆီးသတ်ဖြတ်ခြင်းများ အဆက်မပြတ်ကျူးလွန်နေသည့်ပြင် နောက်ပိုင်းတွင် လေကြောင်းအားကိုးဖြင့် အပြင်းထန်ဆုံး တိုက်ခိုက်လာသည်။ 

လက်ရှိအချိန်ထိ စစ်ကိုင်းတိုင်းအတွင်း လေကြောင်းဖြင့်ပါ တိုက်ခိုက်နှိမ်နင်းခံရသည့် မြို့နယ်များမှာ အလယ်ပိုင်းရှိ ကျွန်းလှ၊ ဒီပဲယင်း၊ ကန့်ဘလူ၊ တန့်ဆည်၊ ရေဦး၊ ဝက်လက်၊ အထက်ပိုင်းရှိ ထီးချိုင့်၊ အင်းတော်၊ ပုလဲနှင့် အနောက်ပိုင်းရှိ ကလေးနှင့် ပုလဲမြို့နယ်များဖြစ်သည်။

စစ်ကိုင်းတိုင်းအတွင်း လေကြောင်းမှ ပထဆုံးစတင်တိုက်ခိုက်ခံရသည့် မြို့နယ်မှာ သဖန်းဆိပ်ဆည်အနီးရှိ ကျွန်းလှမြို့ဖြစ်သည်။ ဒေသခံ PDF တို့ စခန်းချနေသည်ဟု ယူဆကာ စစ်ကောင်စီက အောက်တိုဘာလကုန်ပိုင်းတွင် တိုက်လေယာဉ်များ၊ ရဟတ်ယာဉ်များဖြင့် တိုက်ခိုက်ခဲ့သည်။ 

လက်နက်ကိုင် ခုခံတော်လှန်မှု အားကောင်းသည့် ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းကို စစ်ကောင်စီက ‘အနော်ရထာ’ အမည်ရ စစ်ဆင်ရေးဖြင့် နှိမ်နင်းမည်ဖြစ်ကြောင်း သိရပြီးနောက် စစ်တပ်က စစ်ကိုင်းတိုင်းအတွင်း လေကြောင်းမှနေ၍ စတင်တိုက်ခိုက်ခဲ့ခြင်းလည်းဖြစ်သည်။

စစ်ကောင်စီက လေကြောင်းမှ တိုက်ခိုက်နေသည့် နေရာဒေသများ။ 

ထို့နောက် အခြားမြို့နယ်များတွင်လည်း တစ်နေရာမှ တစ်နေရာ တပ်ရွှေ့ပြောင်းခြင်းနှင့် PDF များရှိရာ နေရာများကို ဝင်ရောက်စီးနင်းခြင်းတို့တွင် စစ်ကောင်စီက လေကြောင်းအင်အားကို ပို၍အသုံးပြုလာသည်။

စစ်ကောင်စီက အင်အားအသင့်အတင့်ရှိ မြေပြင်စစ်ကြောင်းများကို တည်ကြက်ပြုလုပ်ကာ PDF များကို ရှာဖွေနှိမ်နင်းနေခြင်းဖြစ်ကြောင်း၊ စစ်ကြောင်းရှိရာကို PDF များက ဝင်ရောက်တိုက်ခိုက်ချိန်တွင် လေကြောင်းပစ်ကူဖြင့် ပြန်လည်တိုက်ခိုက်နေခြင်းဖြစ်ကြောင်း သုံးသပ်သူတချို့လည်း ရှိသည်။ 

စစ်ကိုင်းတိုင်းအထက်ပိုင်းရှိ ထီးချိုင့်မြို့နယ်တွင် ယခုလဆန်းပိုင်းတွင် စစ်ကောင်စီက လေကြောင်းမှ တိုက်ခိုက်မည်ဟု သတိပေးခြိမ်းခြောက်ထားသောကြောင့် ဒေသခံများ ဗုံးခိုကျင်းတူးကာ ပြင်ဆင်နေကြသည်။ ထီးချိုင့်မြို့နယ်အရှေ့ပိုင်း ဧရာဝတီမြစ်ရိုးတစ်လျှောက်ရှိ အိမ်ခြေ ၃၀၀ မှ ၄၀၀ ဝန်းကျင်ရှိ ကျေးရွာများဖြစ်သည်။ 

ချင်းပြည်နယ်နှင့် ထိစပ်နေသည့် စစ်ကိုင်းတိုင်းအနောက်ပိုင်း ကလေးမြို့နယ်တွင်လည်း လေကြောင်းမှ တိုက်ခိုက်နေသည့်ပြင် စစ်ရဟတ်ယာဉ်များဖြင့် စစ်သည်အင်အားဖြည့်တင်းခဲ့သည်။ ကလေးမြို့တောင်ဘက် ၁၅ မိုင်အကွာရှိ နတ်ချောင်းကျေးရွာကို အခြေပြုကာ ဒေသခံ PDF များကို တိုက်ခိုက်နေခြင်းဖြစ်သည်။

အဆိုပါကျေးရွာတွင် ဒီဇင်ဘာ ၂၃ ရက်က ဖြစ်ပွားသည့်တိုက်ပွဲအတွင်း စစ်တပ်က ရဟတ်ယာဉ်များဖြင့် ပစ်ခတ်သဖြင့် ဒေသခံများပါ သေဆုံးခဲ့သည်။ စစ်တပ်က အနီးဝန်းကျင်ကျေးရွာများကို ဆက်လက်ဝင်ရောက်ကာ နေအိမ်များကို မီးရှို့ခြင်း၊ ဒေသခံများကို ဖမ်းဆီးသတ်ဖြတ်ခြင်းများ ဆက်လက်လုပ်ဆောင်နေပြီး၊ ဒေသခံ PDF ပူးပေါင်းအဖွဲ့များနှင့် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည်။ 

ကလေးမြို့သည် နွေဦးတော်လှန်ရေး၏ စစ်ကောင်စီတော်လှန်ရေး စစ်မျက်နှာစဖွင့်ခဲ့ရာဖြစ်သည်။ ချင်းတိုင်းရင်းသားအများစုနေထိုင်ရာ ထိုဒေသ၌ တိုက်ပွဲဝင်လက်နက်မဟုတ်သည့် ရိုးရာအမဲလိုက် တူမီးသေနတ်များဖြင့် မတ်လအတွင်း စတင်တော်လှန်ခဲ့သည်။ 

စစ်ကိုင်းတိုင်းနှင့် ထိစပ်နေသည့် မကွေးတိုင်း ဂန့်ဂေါမြို့နယ်တွင်လည်း စစ်ကောင်စီက ဒေသခံရွာများကို ဝင်ရောက်စီးနင်းစဉ် ရဟတ်ယာဉ်များ အသုံးပြုတိုက်ခိုက်ခဲ့သည်။ ယောဒေသမြောက်ပိုင်းရှိ ဂန့်ဂေါမြို့နယ် နှမ်းခါးရွာကို ဒီဇင်ဘာ ၁၇ တွင် စစ်ကောင်စီက ရဟတ်ယာဉ်သုံးစီးဖြင့် တရစပ်ပစ်ခတ်ခဲ့သည်။ 

ထိုသို့တိုက်ခိုက်ခံရစဉ်အတွင်း အရပ်သား ၂၀ ခန့် သေဆုံးနိုင်ကြောင်း ယောဒေသကာကွယ်ရေးအဖွဲ့ (YDF) က ခန့်မှန်းခဲ့သည့်နည်းတူ နှစ်ရက်အကြာတွင် ရုပ်အလောင်းထက်ဝက်ခန့်ကို ရှာဖွေတွေ့ရှိခဲ့သည်။ 

ဒီဇင်ဘာ ၁၇ ရက်က ရဟတ်ယာဉ်များဖြင့်ပါ တိုက်ခိုက်ခံခဲ့ရသည့် ဂန့်ဂေါမြို့နယ် နှမ်းခါးရွာ၌ ရွာဖွေတွေ့ရှိခဲ့သည့် ရုပ်အလောင်းအချို့။ 

နှမ်းခါးရွာကို ဝင်ရောက်စီးနင်းပြီးနောက် စစ်ကောင်စီတပ် တစ်ရွာဝင်တစ်ရွာထွက် စခန်းချတပ်စွဲကာ လိုက်လံစီးနင်းသတ်ဖြတ်နေသောကြောင့် ထောင်နှင့်ချီသော ယောဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရသည်။ 

စစ်ကောင်စီကို အပြင်းအထန်ခုခံတော်လှန်နေသည့် ဒေသများတွင် မြန်မာနိုင်ငံအနောက်ဘက်ခြမ်းရှိ ချင်းပြည်နယ်မှာ ထိပ်ဆုံးမှ ပါဝင်သည်။ ဒေသခံများ၏ ရရာလက်နက်ဖြင့် ခုခံတော်လှန်မှုများ အရှိန်မြင့်တက်လာပြီးနောက် မြို့နယ်ဒေသအလိုက် ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့ (CDF) များ ပေါ်ပေါက်ခဲ့သည်။

ပြည်နယ်တောင်ပိုင်းရှိ မင်းတပ်မြို့ကို စစ်ကောင်စီက မေလအတွင်း စစ်အုပ်ချုပ်ရေးကြေညာခဲ့သည်။

စစ်ကောင်စီ၏ စစ်အုပ်ချုပ်ရေးကို ကိုလိုနီခတ်ကတည်းက ရှိခဲ့သည့် ချင်းဝိသေသတိုင်းအက်ဥပဒေ (Chin Special Division Act) ဖြင့် အန်တုသွားမည်ဖြစ်ကြောင်း မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က တုံ့ပြန်ခဲ့သည်။ 

မေလအတွင်း တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားခဲ့သည့် မင်းတပ်တွင် တစ်ကျော့ပြန် တိုက်ပွဲများဖြစ်ပွားနေသည်။ စစ်ကောင်စီတပ်က မကွေးတိုင်းဘက်မှနေ၍ အင်အားအလုံးအရင်းဖြင့် မင်းတပ်မြို့ကို ဦးတည်ချီတက်လျက်ရှိရာ ဒေသခံ CDF အဖွဲ့ဝင်များ၏ ကြားဖြတ်တိုက်ခိုက်မှုများကြောင့် ရဟတ်ယာဉ်များဖြင့်ပင် အနီးကပ် လုံခြုံရေးလိုက်ပေးနေရသည်။

စစ်ကောင်စီက ချင်းပြည်နယ်မြောက်ပိုင်းကိုလည်း ကလေးမြို့နယ်ဘက်မှနေ၍ စစ်ကြောင်းထိုးနေသည်။

ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းကို လပေါင်းများစွာ တိုက်ခိုက်နေသော်လည်း အပြည့်အဝထိန်းချုပ်နိုင်ခြင်း မရှိသေးသည့်ပြင် ပို၍အားကောင်းလာသော စစ်အာဏာရှင်ဆန့်ကျင်ရေး ဒေသခံတိုက်ခိုက်ရေးအဖွဲ့များကြောင့် စစ်ရေးအခြေအနေ ပိုမိုခက်ခဲနေသည်။

အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်တိုက်ခိုက်နေသော်လည်း အဆိုပါဒေသများကို ထိန်းချုပ်နိုင်ခြင်း မရှိသေးကြောင်း စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြီးခဲ့သည့်နိုဝင်ဘာလအတွင်း ဝန်ခံထားသည်။

“အဲဒီဒေသတွေမှာတော့ ကွက်ပြည့်လွှမ်းမိုးမှု မရဘူးဆိုတော့ ကျွန်တော်တို့ ဝန်ခံပါတယ်။ အဲဒီနေရာတွေမှာ တည်ငြိမ်အေးချမ်းဖို့အတွက် ဆက်လက်ဆောင်ရွက်နေရဆဲဖြစ်ပါတယ်” ဟု ၎င်းက BBC သတင်းဌာနနှင့် သီးသန့်မေးမြန်းခန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။

အတည်ပြုနိုင်ခြင်း မရှိသော်လည်း ဒေသခံ PDF များ စုဖွဲ့မှုအားကောင်းသည့် ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းကို နှိမ်နင်းရေးအထူးစစ်ဆင်ရေးကို အနီးကပ်ကွပ်ကဲရန် စစ်ကောင်စီက ဒုတိယဗိုလ်ချုပ်ကြီးအဆင့်ရှိသူ နှစ်ဦးကိုပင် တာဝန်ပေးခဲ့သည်။

ထိုဒေသများတွင် အဓိကကျသည့် တိုင်းစစ်ဌာနချုပ်ဖြစ်သော မုံရွာအခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) တိုင်းမှူး ဗိုလ်မှူးချုပ်ဖြိုးသန့်ကို တပ်မမှူးဗိုလ်ချုပ်တစ်ဦးဖြင့် စစ်ကောင်စီက ယခုရက်ပိုင်းအတွင်း လဲလှယ်ခန့်အပ်ခဲ့သည်။

အာဏာသိမ်းပြီးစတွင် တိုင်းမှူးအဖြစ် ရာထူးတိုးခဲ့သော်လည်း မုံရွာအခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ်မှ ဖယ်ရှားခံရသည့် ဗိုလ်မှူးချုပ်ဖြိုးသန့်။ 

အင်အားကြီးလှပါသည်ဆိုသော တပ်မတော်မှာ ယခုတစ်ကြိမ် အာဏာသိမ်းပြီးနောက်ပိုင်း မကြုံစဖူး လက်နက်ကိုင်ခုခံမှုများကို နေ့စဉ်ရက်ဆက် ရင်ဆိုင်နေရသည်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအပြင် အရေအတွက် အတိအကျမသိနိုင်သော ဒေသခံ PDF များ၊ ပြောက်ကျားတပ်ဖွဲ့များကို ရင်ဆိုင်တိုက်ခိုက်နေရသည်။ 

အာဏာသိမ်းပြီးနောက်ပိုင်း ပြည်တွင်းပြည်ပဆန့်ကျင်မှုများအပြင် နိုင်ငံတကာ၏ ထောက်ခံမှုကိုပါ ဆုံးရှုံးခဲ့ပြီးနောက် အဘက်ဘက်မှ ဖိအားများကို ရင်ဆိုင်နေရချိန် အာဏာသိမ်းစစ်ကောင်စီက မထူးဇာတ်ခင်းမည့်အနေအထားရှိသည်။ 

လူမဆန်သော အကြမ်းဖက်သတ်ဖြတ်မှုများကို ဆက်လက်ကျူးလွန်နေသည့်ပြင် နိုင်ငံတစ်ဝန်းရှိ တိုက်ပွဲများတွင် အရပ်သားပစ်မှတ်များကိုပါမချန် အင်အားကုန်သုံးကာ လေကြောင်းမှ အဆင်အခြင်မဲ့ တိုက်ခိုက်လျက်ရှိသည်။

လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်လာချိန်တွင် စစ်ကောင်စီက လေတပ်အကြီးအကဲအပြောင်းအလဲ ပြုလုပ်လိုက်သည်။ လေတပ်ကာကွယ်ရေးဦးစီးချုပ်အဖြစ် လွန်ခဲ့သည့်သုံးနှစ်ကျော်က စတင်တာဝန်ထမ်းဆောင်ခဲ့သည့် ဗိုလ်ချုပ်ကြီးမောင်မောင်ကျော်ကို အနားပေးကာ ဒုတိယဗိုလ်ချုပ်ကြီးထွန်းအောင်ဖြင့် အစားထိုးခန့်အပ်လိုက်သည်။ အဆိုပါအပြောင်းအလဲမှာ ယမန်နေ့က ဖြစ်ပေါ်ခဲ့ကြောင်း BBC သတင်းဌာနက ယနေ့ နံနက်ပိုင်းတွင် ရေးသားသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button