အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

လေကြောင်းမှ တိုက်ခိုက်မည်ဟု သတိပေးခံရသည့် ထီးချိုင့်ဒေသခံများ ဗုံးခိုကျင်းတူး 

စစ်ကိုင်းတိုင်းအထက်ပိုင်း ထီးချိုင့်မြို့နယ်၊ ရေဝကျေးရွာအုပ်စုတွင် ဒေသခံများက ဗုံးခိုကျင်းတူးကာ စစ်ကောင်စီ၏ လက်နက်ကြီးနှင့် လေကြောင်းရန်ကို ကာကွယ်ရန် ပြင်ဆင်နေသည်ဟု သိရသည်။ 

လေကြောင်းမှ တိုက်ခိုက်မည်ဖြစ်ကြောင်း စစ်ကောင်စီက ဇန်နဝါရီ ၅ နှင့် ၆ ရက်များတွင် သတိပေး ခြိမ်းခြောက်လာသည့်အတွက် ရေဝကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာငါးရွာတွင် ဗုံးခိုကျင်းတူးနေကြခြင်း ဖြစ်သည်။​

စစ်ကောင်စီတပ်က ကားများဖြင့် သတိပေးစာများ ဖြန့်ဝေခဲ့ပြီးနောက် ဇန်နဝါရီ ၇ နှင့် ၈ ရက်နေ့များတွင် ဧရာဝတီမြစ်ကူးတံတား(ထီးချိုင့်) အနီး တပ်စွဲထားသည့် စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ပိန္နဲကုန်းကျေးရွာရှိ လူနေအိမ်များအနီး ကျရောက်ပေါက်ကွဲခဲ့ကြောင်း ဒေသခံအချို့က ဆိုသည်။ 

ယခုရက်ပိုင်းအတွင်း စက်သေနတ်ပစ်ခတ်သံများနှင့် အမြောက်ပစ်ခတ်သံများ ကြားလာရပြီးနောက် ရေဝကျေးရွာအုပ်စုအတွင်း အိမ်ခြေ ၃၀၀ မှ ၄၀၀ ဝန်းကျင်ရှိ ရေဝ၊ ပိန္နဲကုန်း၊ တောင်ကြီး၊ ဝန်လိုကုန်း၊ ဆင်ကျွန်း စသည့် ကျေးရွာများမှ ဒေသခံများမှာ အကာအကွယ်ပြုရန် ဗုံးခိုကျင်းတူးနေကြရသည်ဟု သိရသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

“ဘယ်ပြေးလို့ ပြေးရမှန်းမသိဘူး။ ဘယ်ဆီကနေ ဘယ်ကိုပစ်မှန်းလဲ မသိဘူး။ အဲဒီတော့ ကြောက်ရတာပေါ့၊ ဟိုတစ်နေ့က အမြောက်တွေရော၊ စက်သေနတ်တွေရော ဆက်တိုက်ပစ်နေတာ”ဟု ရေဝကျေးရွာအုပ်စုမှ ဒေသခံတစ်ဦးက ပြောသည်။

“အရင်လထဲတုန်းကလဲ သင်္ဘောပေါ်က စစ်တပ်နဲ့ အပြန်အလှန်ပစ်ကြတော့ လက်နက်ကြီးတွေကျတာ လူတွေလဲထိ၊ နွားတွေလဲထိပဲ။ ကျွန်တော်တို့တောင်သူတွေက ဘယ်ပြေးရမှန်းမသိဗျာ၊ အဲဒီတော့ ကျင်းထဲပဲ ပြေးပုန်းဖို့ လုပ်ကြရတာ”ဟု အထက်ပါဒေသခံက ဆက်ပြောသည်။ 

ထီးချိုင့်မြို့နယ်အရှေ့ပိုင်း ဧရာဝတီမြစ်တစ်လျှောက်ရှိ ကျေးရွာများတွင် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်မည်ဖြစ်သဖြင့် ဘာသာရေး၊ လူမှုရေးနှင့် ပညာရေးအဆောက်အအုံများတွင် အမှတ်အသားများ ပြုလုပ်ထားရန် စစ်တပ်က သတိပေးစာများ ဖြန့်ဝေခဲ့သည်ဟု ဆိုသည်။​

သို့သော် လက်ရှိအချိန်ထိ လေကြောင်းတိုက်ခိုက်မှု မကြုံကြရသေးကြောင်း ထီးချိုင့်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ထံမှ သိရသည်။

ထီးချိုင့်မြို့နယ်တွင် အင်အားအများအပြားဖြင့် တပ်စွဲထားသည့် စစ်တပ်က ကျေးရွာများကို ဝင်ရောက်မွှေနှောက်ကာ တိရစ္ဆာန်များကို သတ်ဖြတ်စားသောက်ခြင်း၊ ဒေသခံ PDF တပ်ဖွဲ့ဝင်များကို ရှာဖွေခြင်း၊ ရွာသားများကို စစ်ဆေးမေးမြန်းခြင်း၊ လူနေအိမ်များကို မီးရှို့ဖျက်ဆီးခြင်းများ ပြုလုပ်နေသည်ဟုလည်း သိရသည်။ 

စစ်ကိုင်းတိုင်းအထက်ပိုင်း ဧရာဝတီမြစ်ကြောင်းပေါ်ရှိ ထီးချိုင်မြို့နယ်တွင် အောက်တိုဘာလအတွင်းက စစ်ကောင်စီရဲကင်းနှစ်ခုနှင့် စစ်တပ်ယာဉ်တန်းတစ်ခု ကြားဖြတ်တိုက်ခိုက်ခံခဲ့ရပြီး ယခုလဆန်းပိုင်းတွင်လည်း စစ်ကောင်စီတပ်၏ သင်္ဘောနှစ်စီးနှင့် စစ်ယာဉ်တန်းတစ်ခု ထပ်မံတိုက်ခိုက်ခံခဲ့ရသည်။ 

လက်ရှိတွင် စစ်ကောင်စီက ၎င်းတို့မြေပြင်စစ်ကြောင်းများ အထိနာနေသည့် ဒေသအသီးသီးက တိုက်ပွဲများအတွင်း လေယာဉ်များဖြင့် ဗုံးကြဲခြင်း၊ ရဟတ်ယာဉ်များဖြင့် ပစ်ခတ်ခြင်း၊ အင်အားဖြည့်တင်းခြင်းများ ဆက်တိုက်ပြုလုပ်လာသည်။​

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများရှိရာ ဒေသများအပြင် စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းတွင် ထောင်ပေါင်းများစွာသော ဒေသခံများ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button