ရွေးကောက်ပွဲ

“၈၈ မျိုးဆက်တစ်ခုလုံး စုပြီး ပါတီထူထောင်တာမျိုးပဲ ဖြစ်စေချင်ပါတယ်”

၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း၏ အလုပ်သမားရေးရာတာဝန်ခံ ဦးအောင်သူသည် နိုဝင်ဘာ ရွေးကောက်ပွဲ၏ တစ်သီးပုဂ္ဂလလွှတ်တော်ကိုယ်စားလှယ်လောင်း ၃ဝဝ ကျော်ထဲမှ တစ်ဦးဖြစ်သည်။

ပြင်ဦးလွင်၊ မတ္တရာ၊ စဉ့်ကူး၊ သပိတ်ကျင်း၊ မိုးကုတ်မြို့နယ်များ ပါဝင်သော မန္တလေးတိုင်း ဒေသကြီး အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် ၃ တွင် အရွေးချယ်ခံရရေးအတွက် မဲဆွယ်နေသော အသက် ၄၇ နှစ်အရွယ် ရှိပြီဖြစ်သည့် ဦးအောင်သူသည် တခြားသော လုပ်ဖော်ကိုင်ဖက်အများအပြားနှင့်အတူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ၏ အမတ်လောင်းဖြစ်ရန် ကြိုးပမ်းခဲ့ဖူးသည်။ သို့သော်လည်း NLD က ၎င်းတို့ အများစု၏ ကမ်းလှမ်းချက်ကို ပယ်ချသဖြင့် မြန်မာ့ဒီမိုကရေစီ အင်အားစုများအကြား အငြင်းပွားဖွယ် ဖြစ်ခဲ့သည်။

စစ်အစိုးရအဆက်ဆက်လက်ထက် အကြိမ်ကြိမ်အထိန်းသိမ်းခံရသည့် မန္တလေးဇာတိ ဦးအောင်သူသည် ၂ဝဝ၇ ရွှေဝါရောင်လှုပ်ရှားမှုတွင် ထောင်ဒဏ် ၆၅ နှစ် ချမှတ်ခံရသည်။ ဦးသိန်းစိန်အစိုးရက ၂ဝ၁၂ တွင် သူ့ကို လွှတ်ပေးခဲ့သည်။

သတင်းထောက် အိချယ်ရီအောင်က ဆက်သွယ်မေးမြန်းစဉ် ဦးအောင်သူက ရွေးကောက်ပွဲ၏ အနေအထား၊ NLD နှင့် ဆက်ဆံရေး၊ အာဏာရပါတီ၏ ရွေးကောက်ပွဲဗျူဟာ အကြောင်းတို့ကို ပြောပြခဲ့သည်။

မေး – ရွေးကောက်ပွဲမှာ တစ်သီးပုဂ္ဂလအဖြစ် ဘာကြောင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာလဲ။

ဖြေ – ရွေးကောက်ပွဲဝင်ဖို့ဆုံးဖြတ်ခဲ့ရတဲ့ အကြောင်းတွေကတော့ အများကြီးပါပဲ။ NLD က ၈၈ မျိုးဆက်တချို့ကို မရွေးချယ်တဲ့ အချိန်မှာ ၈၈ မျိုးဆက် နိုင်ငံလုံးဆိုင်ရာ စုံညီဆွေးနွေးပွဲ လုပ်တဲ့ အချိန်မှာပဲ ပါတီထောင်ဖို့အထိ အသံတွေ မြိုင်ခဲ့ကြတယ်။ အဲဒီမှာ သဘောထားနှစ်ခု ထွက်လာတယ်၊ တစ်ခုက NLD ကို ဝန်းရံပေးရေး၊ နောက်တစ်ခုကတော့ ပါတီထူထောင်ရေးပေါ့။ အဲဒီနှစ်ခုကို လုပ်ငန်းအစဉ်အနေနဲ့ ချကြည့်တဲ့အခါကျတော့ NLD ကို ရွေးကောက်ပွဲအချိန်မှာ ဝန်းရံမယ်၊ ရွေးကောက်ပွဲပြီးရင် ပါတီထောင်မယ့် သဘောမျိုး ဆုံးဖြတ်ခဲ့ကြတယ်။ ဒါက ကြိုတင်ကြံစည်ထားတာမဟုတ်ဘဲ စုံညီအစည်းအဝေးမှာ ထွက်ပေါ်လာတဲ့ အဖြစ်အပျက်ပါ။ ကျွန်တော့် ဆုံးဖြတ်ချက်ကတော့ ပါတီထောင်ဖို့ ရည်မှန်းရင် အခုအချိန်ကတည်းက ၂ဝ၁၅ ရွေးကောက်ပွဲမှာ တစ်သီးပုဂ္ဂလ အနေနဲ့ ဝင်ပြိုင်မှ သင့်တော်မယ်လို့ မြင်ပါတယ်။ ပါတီကို နောက်မှထောင်မယ်၊ ရှိတဲ့ ဒီမိုကရက်တစ်ပါတီတွေကို ဝန်းရံပေးသွားဦးမယ်ဆိုတာက သိပ်တော့ လိုက်လျောညီထွေတဲ့ မဟာဗျူဟာ မဟုတ်ဘူးလို့ မြင်ပါတယ်။ ၈၈ ငြိမ်းပွင့်အနေနဲ့ ပါတီထောင်တယ်ဆိုရင် ငြိမ်းပွင့်တွေချည်း မဟုတ်ဘဲ ၁၉၈၈ (လူထုလှုပ်ရှားမှု) ကတည်းက ပါခဲ့တဲ့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း AAPP လည်း ပါမယ်၊ တခြားနိုင်ငံမှာရောက်နေတဲ့ ၈၈ ရဲဘော်တွေကိုလည်း ခေါ်သွားမှာပါ။ ၈၈ မျိုးဆက်တစ်ခုလုံး စုပြီး ပါတီထူထောင်တာမျိုးပဲ ဖြစ်စေချင်ပါတယ်။

မေး – စည်းရုံးရေးကာလမှာ ဘယ်လိုအချက်တွေအပေါ်မူတည်ပြီး မဲဆွယ်စည်းရုံးမှုတွေ ပြုလုပ်သွားမှာလဲ။

ဖြေ – ဒေသဖွံ့ဖြိုးရေး၊ ဒေသခံတွေရဲ့ ပညာရေးအဆင့် ဘယ်လိုတိုးတက်အောင် ဘယ်လိုလုပ်မလဲ စတဲ့ မူဝါဒတွေကို ရွေးဆွဲပြီး မဲဆွယ်စည်းရုံးမှုတွေ ပြုလုပ်သွားမှာပါ။

မေး – မဲဆွယ်တဲ့ကာလမှာ ဘယ်ကအထောက်အပံ့ရပါသလဲ။

ဖြေ – မိုးကုတ်က CSO (လူထုအခြေပြုအဖွဲ့) တွေကပဲ ဘတ်ဂျက်နဲ့ ပတ်သက်ပြီး ရှာပေးမှာပါ။ အခု လောလောဆယ်မှာ ဘတ်ဂျက်အတွက် အခက်အခဲရှိနေပါတယ်။ ၈၈ အဖွဲ့က ဘတ်ဂျက်ပေးမယ်လို့ မပြောပါဘူး။

မေး – NLD ကိုယ်စားလှယ်လောင်းအဖြစ် လျှောက်ဖြစ်ပုံကို ရှင်းပြပေးပါဦး။

ဖြေ – မိုးကုတ်မြို့က ဒေသခံပြည်သူတွေ နဲ့ CSO အဖွဲ့အစည်းတွေက သူတို့မြို့မှာ အရွေးအချယ်ခံဖို့ NLD မှာ လျှောက်ပေးတာပါ။ NLD က မရွေးချယ်တဲ့အချိန်မှာ ဘယ်လိုတုံ့ပြန်ရမလဲမသိဘူး ဖြစ်သွားတယ်။ ကိုယ့်ကိုယ်ကိုယ် ဘယ်လိုပြန်ပြီး တည့်မတ်ရမှန်းမသိဘူး ဖြစ်သွားတယ်။ ဘယ်လိုတုံ့ပြန်ရမလဲ ဆိုပြီး စဉ်းစားခဲ့ကြတော့ မိုးကုတ်မြို့နယ် (မန္တလေးတိုင်းဒေသကြီး အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် ၃)က ဝင်ပြိုင်ဖို့အတွက် စီစဉ်ခဲ့ကြတယ်။

မေး – လာမယ့်ရွေးကောက်ပွဲက တရားမျှတမယ်လို့ ထင်လား။

ဖြေ – ၁ဝဝ ရာခိုင်နှုန်း တရားမျှတတဲ့ ရွေးကောက်ပွဲကတော့ ဘယ်နိုင်ငံမှာမှ မတွေ့ရပါဘူး၊ အနည်းငယ်ကတော့ ပဋိက္ခဖြစ်ကြတာပဲပေါ့။ အစိုးရအနေနဲ့ ဒီအပေါ်မှာ အများကြီး ဆောင်ရွက်ထားတာ ရှိလိမ့်မယ်လို့ ယူဆပါတယ်။ စစ်ရေးအရ သူတို့လက်ထဲမှာရှိရမယ့် နယ်မြေတွေ၊ စီးပွားရေးအရ သူတို့ ပိုင်ကိုပိုင်ရမယ့် နယ်မြေမျိုးတွေ၊ အဲဒါမျိုးတွေက သူတို့ နိုင်ကိုနိုင်ရမယ်၊ ဒါတွေက အခုကတည်းက တွက်လို့ရပါတယ်။ စစ်ဘက်ဆိုင်ရာ အကြီးအကဲတွေ ဝင်ရောက်မယ့် နေရာတွေက လုံးဝ ကျရှုံးလို့မရတဲ့ နယ်မြေတွေပါ။ ဒုတိယက စစ်ဗိုလ်ချုပ်တွေနဲ့ ပေါင်းသင်းဆက်ဆံပြီး စီးပွားဖြစ်ထွန်းနေကြတဲ့ စစ်ခရိုနီတွေ၊ ဒါတွေကလည်း ဒုတိယ ကျဆုံးလို့မရတဲ့နယ်တွေပါ။ တတိယက နယ်စပ် တစ်လျှောက်နယ်မြေတွေ၊ စီးပွားရေးအရ သူတို့သိမ်းပိုက်ထားတဲ့ နယ်မြေတွေကလည်း သူတို့လက်အောက်ခံ ဖြစ်နေဦးမှာပဲ။ ကျန်တဲ့ နယ်မြေတွေကို NLD ကို ပေးမယ်၊ တိုင်းရင်းသားပါတီတွေကို ပေးမယ်၊ မျှပြီးတော့ ပေးမယ်။ ဒါတွေက သူတို့ အတိအကျ ထွက်ထားပြီးသား ရှိလိမ့်မယ်လို့ကို ယူဆပါတယ်။ နိုင်ငံတကာကလည်း စစ်အာဏာရှင် အခင်းအကျင်းရှိတဲ့ ရွေးကောက်ပွဲမျိုးကိုတော့ တရားမမျှတတဲ့ရွေးကောက်ပွဲကြီးပါလို့ စွပ်စွဲမယ့်သူမျိုးတွေ မဟုတ်ပါဘူး။ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ကလည်း အဲလိုမျိုး ပြောမှာ မဟုတ်ပါဘူး။ ဒီအစိုးရကလည်း အဲဒီလိုပြောခံရလောက်အောင် မလှမပတဲ့ အကွက်မျိုးတွေကို ဆွဲမှာ မဟုတ်ပါဘူး။ မလှမပနဲ့ ထွက်လာတဲ့ ပန်းချီကားချပ်ကို အစိုးရအနေနဲ့ နိုင်ငံတကာကို ချပြမှာ မဟုတ်ပါဘူး။ ကျွန်တော်ကတော့ အဲဒီလိုမျိုးပဲ တွက်ပါတယ်။

မေး – ဒီအစိုးရ လက်ထက်မှာ အလုပ်သမားအရေး ဆန္ဒပြမှုတွေ ပိုများလာတာ ဘာကြောင့်ဖြစ်မလဲ။ ၈၈ အဖွဲ့ အလုပ်သမားရေးရာတာဝန်ခံ အနေနဲ့ သုံးသပ်ပေးပါ။

ဖြေ – လစာနှုန်းထားတိုးဖို့၊ အလုပ်သမားအခွင့်အရေးရဖို့ နှစ်မျိုးတောင်း ဆိုပါတယ်။ လစာနှုန်းထား တိုးဖို့ကိစ္စက အလုပ်ရှင်နဲ့ ညှိုနှိုင်းရတာ အဆင်ပြေတယ်။ အလုပ်သမားရေးရာ အခွင့်အရေးနဲ့ ပတ်သက်ပြီး တောင်းတဲ့အခါတော့ အလုပ်ရှင်ကိုတိုင်ရင် ကြောက်ရွံ့ထိတ်လန့်တာကို တွေ့ရတယ်။ သမဂ္ဂဖွဲ့တယ်ဆိုရင်လည်း အလုပ်ရှင်က ငါ့ကိုပြန်ချမယ့်အဖွဲ့လား ဆိုပြီး စိုးရိမ်ပူပန်ကြတယ်။ အလုပ်သမားတွေကိုလည်း လိုက်ပြီးစည်းရုံးနေတယ်။ အလုပ်သမားတွေက လည်း အရင်က ၁ဝ နာရီ အလုပ်လုပ်လျက်သားနဲ့ အခုကျတော့ ၈ နာရီပဲလုပ်တော့မယ်ဆိုပြီး ဖြစ်လာတယ်။ ကျွန်တော်ကိုယ်တိုင် အလုပ်ရှင်၊ အလုပ်သမားကြားမှာနေပြီး အဲဒီလိုပြဿနာမျိုးတွေ ပြေလည်အောင် လုပ်ခဲ့ဖူးပါတယ်။ အောင်မြင်တာ များပါတယ်။ အလုပ်ရှင်တွေနဲ့ အလုပ်သမားတွေ ပြဿနာဖြစ်တာ တကယ်ရော အလုပ်သမားရေးရာပဋိပက္ခဟုတ်ရဲ့လားလို့ တွေးမိလာတယ်။ တစ်ရက်လုပ်အားခ ၄,ဝဝဝ တောင်းတယ် ဆိုပါစို့၊ အလုပ်ရှင်က ဘာပြောလဲ ဆိုတော့ စက်မှုဇုန်ဖြစ်တဲ့အတွက်ကြောင့် မြေဈေး ပိုပေးပြီးဝယ်ရတယ် တဲ့။ စက်ရုံဆောက်မယ်ဆိုရင်လည်း ပြီးစလွယ်ဆောက်လို့ မရဘူး၊ ရေဆိုးထုတ်တာက အစ အကုန်လုံးကို စနစ်တကျဆောက်မှ၊ အရည်အသွေးပြည့်ဝတဲ့ ဆောက်လုပ် ရေး ကုမ္ပဏီတွေကို ငှားမှ ရမယ်၊ ပိုက်ဆံပိုပေးရမယ်၊ အစိုးရက စက်မှုဇုန်ကို မီးမှန်အောင် လုပ်ပေးမယ်ဆိုရင် မီးစက်မောင်းဖို့ ဆီဖိုး မကုန်တော့တဲ့အတွက် အလုပ်သမားတွေကို လစာတိုးပေးနိုင်ပါတယ်လို့ ပြောပါတယ်။ ဒါက အလယ် လတ်တန်းစား စက်ရုံလုပ်ငန်းရှင်တွေက ပြောတာပါ။ သာမန်စက်ရုံတောင် မီးစက်မောင်းဖို့ ဆီဖိုး တစ်လ သိန်း ၁၅ဝ နဲ့ ၂ဝဝ လောက် ကုန်ကြပါတယ်၊ ဒါက ဥပမာတစ်ခု။ တခြားအကြောင်းအချက်တွေလည်း အများကြီးရှိပါသေးတယ်။ အလုပ်ရှင်၊ အလုပ်သမားပြဿနာတွေ ဖြစ်ရတာက အစိုးရရဲ့ စီးပွားရေး မူဝါဒပိုင်းဆိုင်ရာကိစ္စရပ်တွေ ချမှတ်တဲ့အခါမှာ လွဲမှားခဲ့၊ ငွေကြေးဆိုင်ရာကိစ္စရပ်တွေ ချမှတ်တဲ့အခါမှာလည်း လွဲမှားခဲ့၊ မြေယာစနစ်ပြုပြင်ပြောင်းလဲရေး ကိစ္စရပ်တွေအပေါ်မှာလည်း လွဲမှားခဲ့တာတွေကြောင့်ပါ။

မေး – ဦးအောင်သူရဲ့ မိသားစုအကြောင်း ပြောပြပေးပါဦး။

ဖြေ – အဖေက ဦးဘိုးအောင်၊ အမေနာမည်က ဒေါ်ခင်ကြည်ကြည်။ အဖေက ဂျပန်ခေတ်တုန်းက မင်္ဂလာဒုံက ဗိုလ်သင်တန်း အမှတ်စဉ်(၂)ကပါ။ (ဦး)စိန်လွင်၊ (ဦး)စန်းယု တို့နဲ့ တစ်ပတ်စဉ်ထဲပါ။ လွတ်လပ်ရေးပြီးတော့ မြန်မာနိုင်ငံမှာ ရဲတပ်ဖွဲ့တွေ လိုတယ်။ ရဲတပ်ဖွဲ့ ဖွဲ့စည်းဖို့အတွက်ဆိုပြီး အင်္ဂလန်မှာ ရဲနဲ့ ဆိုင်တဲ့ ပညာရပ်တွေ သွားသင်ရပါတယ်။ မြန်မာပြည်ကို ပြန်ရောက်တော့ မန္တလေးမှာရှိတဲ့ ရဲသိပ္ပံကျောင်းမှာ ကျောင်းအုပ် လုပ်ပါတယ်။ အဲဒီကျောင်းက မြန်မာနိုင်ငံ က ရဲတွေကို မွေးထုတ်ပေးတဲ့ကျောင်းပါ။ နောက်ပိုင်း (ဦး)စိန်လွင်၊ (ဦး)စန်းယုတို့နဲ့ အမြင်ကွဲလွဲပြီး အလုပ်ထွက်လိုက်ပါတယ်။ အပြင်မှာ ရှေ့နေလုပ်ပါတယ်။ ၁၉၈၈ ခုနှစ်တုန်းက NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စတင် ဖွဲ့စည်းတုန်း က ဗဟိုကော်မတီမှာ ပါဝင်ခဲ့ပါတယ်။ ၁၉၈၉ ကျတော့ အဖေရော ကျွန်တော်ရော ထောင် အတူတူကျပါတယ်။ ၁၉၉၄ မှာ အဖေ ပြန်လွတ်လာပါတယ်။ အဖေ ပြန်လွတ်လာတော့ (အစိုးရက) ရှေ့နေလိုင်စင် ပြန်မချပေးတော့ပါဘူး။ အမေက ကမာရွတ် အထက ၅ ကျောင်းအုပ်ဘဝနဲ့ နေပြီး အသက် ၉၅ နှစ်ကျမှ ဆုံးသွားတာပါ။ ကျွန်တော်က အိမ်ထောင် ကွဲသွားပေမဲ့ သမီးတစ်ယောက်တော့ ရှိပါတယ်။ ။

Show More

Related Articles

Back to top button