မေးမြန်းခန်းရွေးကောက်ပွဲ

“တက်လာမယ့် သမ္မတက အရပ်သားထဲကပဲ ဖြစ်သင့်ပါတယ်”

ကမန်အမျိုးသားတိုးတက်ရေးပါတီ ဒုဥက္ကဋ္ဌ ဦးလှတိုးသည် နိုဝင်ဘာ ၈ ရွေးကောက်ပွဲတွင် ရန်ကုန်၊ မင်္ဂလာတောင်ညွန့်မြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်မှ ဝင်ရောက်ယှဉ်ပြိုင်မည့်သူဖြစ်သည်။

ပါတီသည် ကမန်လူမျိုးများတည်ရှိရာ ရခိုင်ပြည်နယ်တွင်သာ လှုပ်ရှားမှုပိုမိုများပြားသည့် ပါတီငယ်တစ်ခု ဖြစ်သည်။ မကြာသေးခင်က Myanmar Now နှင့် ရန်ကုန်တွင် တွေ့ဆုံစဉ် အသက် ၅၆ နှစ် ရှိပြီဖြစ်သည့် ကျောင်းဆရာဟောင်း ဦးလှတိုးက မဲဆန္ဒနယ်မြေ ရွေးချယ်မှု၊ ပါတီ၏ မဲဆွယ်စည်းရုံးမှု၊ ရွေးကောက်ပွဲပြီးကာလ ဖြစ်နိုင်ခြေများ၊ ၂ဝ၁၅ အလွန် သမ္မတ စသည့် အကြောင်းအရာများကို ပြောပြခဲ့သည်။ သတင်းထောက် အိချယ်ရီအောင်က တွေ့ဆုံမေးမြန်းထား ခြင်းဖြစ်သည်။

မေး – ကမန်အမျိုးသားတိုးတက်ရေးပါတီကို မတည်ထောင်ခင်တုန်းက ဦးလှတိုး ဘယ်ပါတီမှာ လှုပ်ရှားခဲ့သလဲ။

ဖြေ – အရင်တုန်းက ပညာရေးဝန်ထမ်း ကျောင်းဆရာဖြစ်တဲ့ အတွက် ဘယ်ပါတီဝင်မှ မဟုတ်ပါဘူး။ တာမွေ အ.ထ.က ၅ မှာ အထက်တန်းကျောင်းသားတွေကို နောက်ဆုံးစာသင်ခဲ့ပါတယ်။ ၁၉၈ဝ တုန်းကစပြီး ကျောင်းဆရာ စလုပ်တာပဲ။ ၁၉၉၅ မှာတော့ ကျောင်းဆရာအလုပ်က နုတ်ထွက်ပြီး ၂ဝ၁ဝ မှာ ပါတီကို တည်ထောင်ခဲ့တာပါ။ ဝန်ထမ်းဘဝကတည်းက နိုင်ငံရေးကို စိတ်ဝင်စားခဲ့တာပါ။ ဒါကြောင့် ပါတီတည်ထောင်ဖြစ်တာပါ။ အခုတော့ တခြား ဘာစီးပွားရေးမှ မလုပ်ပါဘူး။

မေး – ပါတီက ဘယ်ဒေသတွေမှာ ဝင်ပြိုင်မှာလဲ။

ဖြေ – ရခိုင်ပြည်နယ်မှာ ၂ ယောက်၊ ရန်ကုန်တိုင်းဒေသကြီးမှာ ၂ ယောက် ဝင်ပြိုင်မှာပါ။ ၄ ယောက်လုံးက အမျိုးသားတွေပါပဲ။

မေး – အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်လောင်း ဘာကြောင့် ဝင်ရောက်မယှဉ်ပြိုင်တာပါလဲ။

ဖြေ – ဗဟိုကောက်မတီဝင် စုစုပေါင်း ၁၅ ဦးမှာ အမျိုးသမီး ၃ ဦး ပါပါတယ်။ ကျွန်တော်တို့က သူတို့ကို ရွေးကောက်ပွဲဝင်ဖို့ တိုက်တွန်းခဲ့ပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် မဝင်ဖြစ်ခဲ့တာပါ။ ဒါကြောင့် ကျွန်တော်တို့ ၄ ယောက်ပဲ ဝင်လိုက်ရတာပါ။

မေး – ပါတီက ဘယ်ဒေသတွေမှာ အားကောင်းသလဲ။

ဖြေ – ရခိုင်ပြည်နယ်ပါ။ အဲဒီမှာက ကမန်လူမျိုးအများစုရှိတယ်လေ။

မေး – ပါတီက ရခိုင်ပြည်နယ်မှာ အားကောင်းတယ်ဆိုပြီး အခုကျတော့ ကမန်လူမျိုးစုနည်းပါးတဲ့ မင်္ဂလာတောင်ညွန့်မြို့နယ်ကို ရွေးချယ်ခဲ့တာ ဘာကြောင့်လဲ။

ဖြေ – ၂ဝ၁ဝ တုန်းက ရခိုင်မှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပေမဲ့လည်း အနိုင်မရရှိခဲ့ပါဘူး။ ဘာကြောင့်လဲဆိုတော့ အဲဒီမှာက ကမန်လူဦးရေက ရခိုင်လူဦးရေလောက် သိပ်မများတဲ့အတွက်ကြောင့်ပါ။ ရခိုင်ပြည်နယ်မှာက လူမျိုးရေးခွဲခြားတာတွေ ရှိမယ်။ ရန်ကုန်မှာက လူမျိုးရေးခွဲခြားတယ်ဆိုတာ မရှိဘူး။ ကိုယ်ကိုယ်တိုင်ကလည်း မင်္ဂလာတောင်ညွန့်မှာ နေတဲ့အတွက် ဒီမှာပဲပြိုင်ဖို့ ဆုံးဖြတ်ခဲ့တာပါ။ ပါတီကလည်း တစ်နိုင်ငံလုံးကို စည်းရုံးမှာဖြစ်တဲ့အတွက် ရန်ကုန်မှာပြိုင်ဖြစ်တဲ့ သဘောပါ။ လွှတ်တော်ထဲနေရာရရင်လည်း ကိုယ့်လူမျိုး ကိုယ့်ပြည်နယ်ကိစ္စကို ဦးစားပေးပြီး လုပ်ဆောင်သွားမှာပါ။ ကိုယ်နိုင်ငံကိစ္စတွေ လုပ်သွားမှာပါ။ လွှတ်တော်မှာပြောတဲ့စကားနဲ့ အပြင်မှာပြောတဲ့စကား သိပ်မတူဘူးလေ။ လွှတ်တော်ပြင်ပက သမ္မတကိုပဲ စာလှမ်းရေးပြီးပြောပြော၊ ဝန်ကြီးကိုပဲ စာလှမ်းရေးပြီးပြောပြော ဘာမှ ထူးခြားမလာဘူး။ မရွေ့ဘူး။ ဒါကြောင့် ပါတီအနေနဲ့ ရွေးကောက်ပွဲဝင်ဖို့ ဆုံးဖြတ်ခဲ့တာပါ။

မေး – မဲဆွယ်စည်းရုံးရေးကာလက အများကြီး မရှိပါဘူး။ မဲဆွယ်ခွင့်ရတဲ့ကာလ အစောပိုင်းမှာ ပါတီက မဲမဆွယ်သေးတာ ဘာကြောင့်လဲ။

ဖြေ – အောက်တိုဘာ ပထမပတ်လောက်မှာတော့ စည်းရုံးရေးလုပ်ပါမယ်။ နိုင်ငံရေးပါတီဆိုပေမဲ့ လူအင်အား သိပ်မရှိသလို ငွေအင်အားလည်း သိပ်မရှိပါဘူး။ တခြားပါတီရဲ့ လူ၊ ငွေ သုံးနိုင်မှုကိုလည်း မယှဉ်နိုင်ပါဘူး။ ၁ဝ လပိုင်းအတွင်း မှာ တစ်ပတ်ကို တစ်ကြိမ်လောက်တော့ စည်းရုံးရေးလုပ်ဖို့ ရည်ရွယ်ထားပါတယ်။

မေး – ပြည်သူအများစုက ပါတီကြီး နှစ်ခုကိုပဲ သိတဲ့သဘောရှိတယ်။ ကမန်ပါတီက ကိုယ့်ကို အများ သိရှိပြီး စိတ်ဝင်စားလာအောင် ဘယ်လိုမဲဆွယ်မလဲ။

ဖြေ – ကျွန်တော်တို့ပါတီကို မေ့သွားမှာစိုးလို့ ရွေးကောက်ပွဲနီးမှ စည်းရုံးရေးလုပ်တာပါ။ ပါတီကြီးတွေကတော့ လူလည်းရှိတယ်၊ ငွေလည်းရှိတယ်ဆိုတော့ လုပ်ချင်တာ လုပ်လို့ရတယ်။ အဲဒီပါတီတွေ နည်းနည်းငြိမ်မယ့် အချိန်မှာ ကိုယ့်ပါတီက စည်းရုံးရေးထလုပ်မယ်။

မေး – ရက်အနည်းငယ်အတွင်းမှာ ကိုယ့်ပါတီကို လူသိအောင် ဘယ်လိုလုပ်မလဲ။

ဖြေ – ပြည်သူလူထုရဲ့ အခက်အခဲတွေကို လွှတ်တော်မှာ ဖြေရှင်းလို့ရအောင် တောင်းဆိုပေးသွားမယ်။ လမ်းမကောင်းတာတွေ ပြင်ဖို့အတွက်၊ လျှပ်စစ်မီးမရတာ၊ ရေမရတာ စတာတွေ အားလုံးရရှိအောင် လွှတ်တော်မှာ တောင်းဆိုပေးသွား မယ်ဆိုပြီး အဲဒီအချက်တွေပေါ်မှာ အခြေခံပြီး စည်းရုံးရေးလုပ်မှာပါ။ လွှတ်တော်ကိုယ်စားလှယ်ဆိုတာက လုပ်ပေးလို့ရတာ မဟုတ်ဘူး၊ အစိုးရကိုတောင်းဆိုလို့ပဲ ရပါတယ်။ ဒါကြောင့် လွှတ်တော်ထဲရောက်ခဲ့မယ်ဆိုရင် အဲဒီအချက်တွေကို တောင်းဆိုသွားမှာပါ။

မေး – ရွေးကောက်ပွဲနေ့မှာ ပါတီရဲ့ မဲရုံကိုယ်စားလှယ်တွေက ဘယ်ဒေသတွေမှာ ရှိမလဲ။

ဖြေ – မင်္ဂလာတောင်ညွန့်မြို့နယ်မှာတော့ မဲရုံတိုင်းကို ချသွားမှာပါ။ သာကေတ၊ ပုဇွန်တောင်၊ ဒေါပုံ၊ ဗိုလ်တထောင် စတဲ့ မြို့နယ်တွေကျတော့ နည်းနည်းကြီးတဲ့ မဲရုံတွေမှာပဲ မဲရုံကိုယ်စားလှယ်လောင်းတွေ ထားရှိသွားမှာပါ။ ရခိုင်မှာဆိုရင်လည်း အရေးကြီးတဲ့ မဲရုံကြီးတွေမှာပဲ မဲရုံကိုယ်စားလှယ်လောင်းတွေ ထားသွားမှာပါ။ နေရာတိုင်းမှာ မဲရုံကိုယ်စားလှယ် မထားနိုင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ လူအင်အား သိပ်မရှိလို့ပါ။ လူအင်အားဘယ်လောက်သုံးမလဲ ဆိုတာတော့ မဆုံးဖြတ်ရသေးပါဘူး။

မေး – ဘယ်ဒေသတွေမှာ အရွေးခံရမယ် ထင်ပါသလဲ။

ဖြေ – သိပ်ပြီးမခန့်မှန်းရဲပါဘူး။ စာမေးပွဲဖြေတော့ ဖြေတယ်။ ဂုဏ်ထူးတော့ မရလောက်ဘူး။ အမှတ် ၄ဝ လောက်နဲ့တော့ အောင်မယ် ထင်တယ်။ ကိုယ်စားလှယ်လောင်း တစ်ယောက်လောက် အနိုင်ရလည်း မဆိုးပါဘူး။ ရန်ကုန်မှာ တစ်ယောက်လောက်အနိုင်ရအောင်တော့ ကြိုးစားသွားမှာပါ။ ရခိုင်ပြည်နယ်မှာ ရဖို့တော့ မလွယ်လောက်ဘူး ထင်တယ်။ ဘာကြောင့်လဲဆိုတော့ အဲဒီမှာက လူမျိုးရေးခွဲခြားလို့ပါ။ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တယ်ဆိုရင် လူမျိုးကိုမကြည့်ဘဲ လူကိုလူလိုပဲကြည့်ပြီး မဲပေးခဲ့လို့ အနိုင်ရခဲ့တာလို့ပဲ မြင်မှာပါ။

မေး – ရွေးကောက်ပွဲ မနိုင်ဘူးဆိုရင် ပါတီက ဘာဆက်လုပ်မလဲ။

ဖြေ – ကမန်လူမျိုးတွေရဲ့လိုအပ်ချက်တွေ လွှတ်တော်ပြင်ပကနေ တောင်းဆိုသွားမှာပါ။ ရေ၊ မီး၊ လမ်း မကောင်းတဲ့ကိစ္စတွေနဲ့ ကမန်လူမျိုးတွေရဲ့ အရေးကိစ္စတွေကို ဆောင်ရွက်သွားမှာပါပဲ။ ပါတီ တည်ထောင်ထားတဲ့ အတွက် သမ္မတ၊ ဝန်ကြီးတွေကို ကမန်လူမျိုးတွေရဲ့ လိုအပ်ချက်ကို သွားတွေ့ပြီး ပြောဆိုလို့ရပါတယ်။ ပါတီမရှိဘူးဆိုရင် သူတို့နဲ့တွေ့ပြီး လိုအပ်ချက်တွေပြောဖို့ဆိုတာ သိပ်တော့ မလွယ်လှပါဘူး။

မေး – ဒီရွေးကောက်ပွဲက တရားမျှတမယ်လို့ မြင်လား။

ဖြေ – မျှတတယ်၊ မမျှတဘူးဆိုတာက ပြောဖို့စောသေးတယ်။ ပြည်တွင်းပြည်ပ နိုင်ငံတကာ အဖွဲ့အစည်းတွေကလည်း စောင့်ကြည့်လေ့လာမှာဖြစ်တဲ့အတွက် ရွေးကောက်ပွဲနေ့ရောက်ရင် တကယ်တရားမျှတတဲ့ ရွေးကောက်ပွဲ ဟုတ်မဟုတ် ဆိုတာ ပေါ်မှာပါပဲ။

မေး – ၂ဝ၁၅ ရွေးကောက်ပွဲက မြန်မာနိုင်ငံအတွက် အပြောင်းအလဲ ဖြစ်နိုင်မလား။

ဖြေ – ဒီရွေးကောက်ပွဲက အရင်လူတွေပဲ ရရင်တော့ သိပ်ပြီး ပြောင်းလဲလိမ့်မယ်လို့ မထင်ပါဘူး။ အတိုက်အခံပါတီ သို့မဟုတ် တိုင်းရင်းသားပါတီတွေပါ အစိုးရထဲမှာ ပါလာမယ်ဆိုရင်တော့ အပြောင်းအလဲဖြစ်မယ်လို့ ထင်ပါတယ်။ ညွန့်ပေါင်းအစိုးရသာ ဖြစ်ခဲ့ရင် တစ်ယောက်မှားတာကို တစ်ယောက်က ထောက်ပြတာဖြစ်တဲ့အတွက် ပိုပြီးတော့ ကောင်းသွားမှာပါ။ ပါတီကြီး နှစ်ခုပဲဆို တိုင်းရင်းသားတွေရဲ့ မကျေနပ်ချက်တွေ ပေါ်လာဦးမှာပါပဲ။ စစ်ဘက်က လာတဲ့ သမ္မတ မဟုတ်ဘဲ အရပ်သား တစ်ယောက်ယောက်ကိုပဲ (သမ္မတ) ဖြစ်စေချင်ပါတယ်။ ဘယ်ပါတီကပဲ နိုင်နိုင်၊ တက်လာမယ့် သမ္မတက အရပ်သားထဲကပဲ ဖြစ်သင့်ပါတယ်။ တပ်ကပဲ ယူနီဖောင်းလဲပြီး အုပ်ချုပ်တာ နှစ်ပေါင်း တော်တော် ကြာပြီပဲ။ သမ္မတ ဦးသိန်းစိန်ဆိုလည်း တပ်ကပဲလေ။ ပြည်သူကို ကိုယ်စားပြုတဲ့သမ္မတ ဖြစ်စေချင်ပါတယ်။ စစ်တပ်ဆိုတာက တစ်သွေး၊ တစ်သံ၊ တစ်မိန့် ဆင်းလာတဲ့သူဆိုတော့ ဘယ်လောက်တော်တော်၊ ဘယ်လောက်တတ်တတ် စစ်တပ်သွေးကတော့ ပါလာပြီးသားပဲ။ အရပ်သားကတော့ ပြည်သူထဲကလာတဲ့သူဖြစ်တဲ့အတွက် ပြည်သူတွေအခက်အခဲတွေကို စစ်တပ်ကလူထက် ပိုပြီး သိနေပြီးသား ဖြစ်ပါတယ်။ ဒါကြောင့် သမ္မတကို အရပ်သားသမ္မတ ဖြစ်စေချင် တာပါ။ ၂ဝ၁၅ ရွေးကောက်ပွဲက ၂ဝ၁ဝ ရွေးကောက်ပွဲထက်တော့ ပိုပြီးကောင်းလာမယ်လို့ မြင်ပါတယ်။

မေး – ၅ နှစ်တာကာလအတွင်းမှာ အစိုးရက ဘာတွေကို အပြောင်းအလဲ လုပ်နိုင်ခဲ့တယ်လို့ မြင်ပါသလဲ။

ဖြေ – အပြောင်းအလဲကတော့ အသင့်အတင့်ပဲလုပ်နိုင်ခဲ့တယ်လို့ ထင်ပါတယ်။ ကောင်းတာကတော့ လူတိုင်း ဖုန်းကိုင်နိုင်တယ်။ ကားဈေးတွေ ကျတယ်။ ပြည်တွင်းငြိမ်းချမ်းရေးကိစ္စတွေကို ဆွေးနွေးနိုင်ခဲ့တယ်။ မကောင်းတာကတော့ ရခိုင်ပြည်နယ်နဲ့ မြန်မာနိုင်ငံအနှံ့အပြား ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေကို အစိုးရအနေနဲ့ အချိန်မီ တားဆီးနိုင်ခြင်း မရှိခဲ့ပါဘူး။ ရခိုင်မှာ ၂ဝ၁၂ အရေးအခင်းဖြစ်သွားတဲ့ အချိန်မှာ စစ်တွေ၊ သံတွဲ၊ ကျောက်ဖြူ၊ ရမ်းဗြဲက ကမန်လူမျိုးတွေက ကြားညပ်ပြီး အကြမ်းဖက်သမားတွေကြောင့် ပညာရေး၊ ကျန်းမာရေး အစုံ ဒုက္ခရောက်ခဲ့ရပါတယ်။ ပဋိပက္ခ ဖြစ်လာရင် အစိုးရအနေနဲ့ ငြိမ်းချမ်းအောင် အမြန်ဆုံး လုပ်သင့်ပါတယ်။ ဖြစ်ပွားမှုက တော်တော်လေးကြာရှည်ခဲ့တဲ့အတွက် ကမန်တွေအပြင် ပြည်သူလူထုတော်တော်များများရဲ့ အိုးအိမ် အဆောက်အအုံတွေ ဖျက်ဆီးခံရပါတယ်။ မြန်မာနိုင်ငံမှာက တရားဥပဒေစိုးမိုးမှုက အားနည်းပါတယ်။ ဒါကြောင့် ၂ဝ၁၅ ရွေးကောက်ပွဲက တက်လာတဲ့ သမ္မတက တရားဥပဒေ စိုးမိုးမှု အားကောင်းအောင် အဓိက ဦးစားပေးပြီး လုပ်သင့်ပါတယ်။ အရေးအခင်း တစ်ခုဖြစ်တယ်ဆိုတာနဲ့ အဲဒါကို ဖြေရှင်းဖို့ အစိုးရအနေနဲ့ အဆင်သင့်ဖြစ်နေရပါမယ်။ ။

Show More

Related Articles

Back to top button