သတင်း

မတူပီမှ မင်းတပ်သို့ ပြန်လာသည့် စစ်ယာဉ်တန်းကို ချင်းအဖွဲ့များ တိုက်ခိုက်

ချင်းပြည်နယ်အတွင်း မတူပီမြို့မှ မင်းတပ်မြို့ဘက်သို့ ပြန်လည်ထွက်ခွာလာသည့် စစ်ကောင်စီယာဉ်တန်းကို ယမန်နေ့နှင့် ယနေ့ (ဇန်နဝါရီ ၂၇) တွင် ကြားဖြတ်တိုက်ခိုက်နေရာ စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုရှိသည်ဟု ချင်းဒေသကာကွယ်ရေးအဖွဲ့များထံမှ သိရသည်။  

ထွက်ခွာလာသည့်နေ့ ဇန်နဝါရီ ၂၄ မှာပင် ချင်းပြန်ရွာဟောင်းအနီး ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း၊ ဇန်နဝါရီ ၂၆ နံနက်တွင် မိုင်တိုင် ၈၀ အနီး ထပ်မံတိုက်ခိုက်ရာ စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်ခဲ့ကြောင်း CDF – မတူပီက ပြောသည်။

ထိုတိုက်ခိုက်မှုများအတွင်း စစ်ကောင်စီဘက်မှ ၆ ဦးသေဆုံး၊ ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု CDF က ဆိုသည်။

မင်းတပ်မြို့ တိုက်ခိုက်မှု

ထိုယာဉ်တန်း မင်းတပ်မြို့နယ်နိမိတ်အတွင်း ယမန်နေ့က ရောက်လာသည်ဟု CDF (မင်းတပ်) ပြောရေးဆိုခွင့်ရှိသူ ကိုယောမန်ထံမှ သိရသည်။

“စကစတွေက မနေ့က မိုင် ၇၀ မှာ အိပ်တယ်။ ဒီနေ့မနက် ထွက်လာတော့ မနက် ၈ နာရီခွဲမှာ တိုက်ပွဲဖြစ်တာ။ ချုံခိုတိုက်ခိုက်တာလည်းပါတယ်။ ကျွန်တော်တို့ဘက်က ထောင်ထားတဲ့ မိုင်းတွေမှာတော့ စကစ ၃ ယောက်ထိတယ်။ ၂ ယောက် သေတယ်ပြောတယ်” ဟု ကိုယောမန်က ပြောသည်။

သံချပ်ကာယာဉ် ၂ စီးပါ စစ်ကောင်စီယာဉ်တန်းကို ချုံခိုတိုက်ခိုက်မှုတွင် ဒေသခံကာကွယ်ရေးအဖွဲ့များဘက်မှ အထိအခိုက်မရှိကြောင်း ထိုအဖွဲ့များထံမှ သိရသည်။ 

ဇန်နဝါရီလဆန်းပိုင်း ထိုယာဉ်တန်း အသွားခရီးတွင် မင်းတပ် – မတူပီ လမ်းပေါ်ရှိ ကျေးရွာများကို ဝင်ရောက်မွှေနှောက် လုယူသည့်အတွက် ဒေသခံတို့က ဆန်၊ ဆီ၊ ဆားတို့ကို တောထဲ ဖွက်ပြီး တိမ်းရှောင်ကြရသည်။  

“၅၆ တို့၊ မိုင် ၄၀ တို့ မိုင် ၇၀ က ဟာတွေဆိုရင် အိမ်မှာရှိတဲ့သူတွေက ပြေးကြတယ်။ တန်ဖိုးရှိတာ တစ်နိုင်တစ်ပိုင် သယ်ပြီး ပြေးကြတယ်” ဟု ကိုယောမန်က ပြောသည်။

စစ်ယာဉ်တန်း အပြန်ခရီးတွင် လုယူစရာ နည်းပါးလိမ့်မည်ဟု သူက ဆိုသည်။

“(စစ်သားတွေက) အိမ်ထဲမှာရှိတဲ့ ဗီရိုတွေ၊ စားပွဲတွေ၊ ကုလားထိုင်တွေပါ အကုန်လုံးကို မပြီး ကားပေါ်တင် သယ်သွားတာ။ အဲဒီတော့ ဒီတစ်ကြိမ် သူတို့ပြန်ဆင်းလာတော့ ဘာမှတောင်ယူစရာမရှိတော့ဘူး”  

အသွားခရီးစဉ်တွင် ထိုယာဉ်တန်းကို မင်းတပ် – မတူပီလမ်းတစ်လျှောက် ၃၉ မိုင်၊ ၄၂ မိုင်နှင့် ၄၅ မိုင်တို့တွင် CDF – မင်းတပ်က ကြားဖြတ်တိုက်ခိုက်ခဲ့သည်။

စစ်သားတို့က ဒေသခံတို့ထံမှ ခိုးယူသည်ဟူသော ပြောဆိုချက်နှင့် ပတ်သက်ပြီး စစ်ကောင်စီထံမှ တုံ့ပြန်ချက်ရယူနိုင်ခြင်း မရှိသေးပေ။

စစ်ကောင်စီက ချင်းဒေသစစ်မြေပြင်အကြောင်းကို သတင်းအမှောင်ချထားသည်။ 

စစ်ဘေးဒုက္ခသည် ၄ သိန်း

နိုင်ငံ၏ အဆင်းရဲဆုံးဒေသတစ်ခုဖြစ်သည့်၊ လက်နက်ကိုင်ခုခံမှုအားကောင်းသည့် ချင်းပြည်နယ်ကို ထိုးစစ်ဆင်ရန် ၂၀၂၁ အောက်တိုဘာအတွင်းက လက်နက်၊ လူအင်အားအလုံးအရင်းဖြင့် ဖြည့်တင်းပြီး “အနော်ရထာ” စစ်ဆင်ရေးအမည်ဖြင့် တိုက်ခိုက်ခဲ့သော်လည်း ချင်းပြည်နယ်၌ ဒေသခံကာကွယ်ရေးအဖွဲ့များ ခုခံမှုအရှိန်ကောင်းနေဆဲဖြစ်ပြီး စစ်ကောင်စီက ထိန်းချုပ်နိုင်ခြင်းမရှိသေးပေ။ 

ထို့နောက် ယခုနှစ် နှစ်ဆန်းပိုင်းမှစ၍ ချင်းပြည်နယ်ကို အင်အားအလုံးအရင်း တိုးမြှင့်ချထားပြီး ထိုးစစ်ဆင်ရန် ထပ်မံပြင်ဆင်နေရာ ဖလမ်း၊ တီးတိန်၊ ထန်တလန်၊ ကန်ပက်လက်၊ မတူပီတို့တွင် တိုက်ပွဲများ ပြင်းထန်နေသည်။

စစ်ကောင်စီဘက်ကမူ ချင်းဒေသတိုက်ပွဲများအတွင်း သေဆုံး၊ ထိခိုက်ဒဏ်ရာရမှု သတင်းကို လုံးဝ ထုတ်ပြန်ခြင်း မရှိပေ။ 

စစ်တပ်အာဏာသိမ်းပြီးချိန်မှစ၍ ပြင်းထန်လာသည့် တိုက်ပွဲများကြောင့် ချင်းပြည်နယ်မှ လူဦးရေ ၃၃,၀၀၀ ကျော်အပါအဝင် ဒေသအသီးသီးမှ လူဦးရေ လေးသိန်း နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေးရုံး (UNOCHA) က ဇန်နဝါရီ ၂၆ တွင် ထုတ်ပြန်ထားသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button