သတင်း

ရွှေတင်ပို့ရာတွင် ကြေးနန်းဖြင့် ငွေလွှဲပို့ခြင်းကို စစ်ကောင်စီ ပြန်ခွင့်ပြု

ပြည်ပသို့ ရွှေတင်ပို့ရောင်းချရာတွင် တရားမဝင်ငွေမဲများ ဝင်ရောက်မလာစေရန် ပိတ်ပင်ထားသည့် ကြေးနန်းဖြင့် ငွေလွှဲပို့စနစ် (Telegraphic Transfer-TT) ကို အာဏာသိမ်းစစ်ကောင်စီက ပြန်လည်ခွင့်ပြုလိုက်သည်။

အာရှ – ပစိဖိတ်ဒေသငွေကြေးခဝါချမှုတိုက်ဖျက်ရေးအဖွဲ့ (FATA) ၏ စံနှုန်းများအရ ငွေကြေးခဝါချမှု မီးခိုးရောင်အဆင့်ရှိ မြန်မာနိုင်ငံအနေဖြင့် ငွေကြေးခဝါချမှုတိုက်ဖျက်ရန် TT စနစ်ဖြင့် ငွေပေးချေခြင်းကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက် ၂၀၂၀ ဩဂုတ်လတွင် ပိတ်ပင်ခဲ့ခြင်းဖြစ်သည်။ 

ပြည်ပနိုင်ငံများသို့ ရွှေတင်ပို့ရောင်းချရာတွင် ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ငါးသောင်းအောက်ဖြစ်ပါက TT စနစ်ဖြင့် ငွေလွှဲနိုင်ပြီး ဒေါ်လာငါးသောင်းအထက်ကို ဘဏ်ငွေလွှဲစာတမ်းစနစ် (LC) ဖြင့် ခွင့်ပြုမည်ဖြစ်ကြောင်း စစ်ကောင်စီ၏ စီးပွားကူးသန်းဝန်ကြီးဌာနက ဒီဇင်ဘာလကုန်တွင် အသိပေးခဲ့သည်။

ထိုသို့ခွင့်ပြုရန် ရွှေလုပ်ငန်းရှင်များက တင်ပြခဲ့ရာတွင် စီးပွားကူးသန်းဝန်ကြီးဌာနက စတင်ခွင့်ပြုကြောင်း ဒီဇင်ဘာ ၃၀ တွင် အကြောင်းကြားခဲ့သည်ဟု သိရသည်။ 

ကြေးနန်းငွေလွှဲပို့စနစ် (TT) သည် ကြိုတင်ငွေပေးချေစနစ်ဖြစ်ပြီး ဘဏ်ငွေလွှဲစာတမ်းစနစ် (LC) သည် ရောင်းသူနှင့် ဝယ်သူကြားတွင် ဘဏ်များမှတစ်ဆင့် အထောက်အထားစာရွက်စာတမ်းများဖြင့် ငွေပေးချေခြင်းဖြစ်သည်။ 

ရွှေသန့်စင်မှု ၉၉ ဒသမ ၅ ရာခိုင်နှုန်းအထက်ဖြစ်သော စံချိန်မီရွှေ တင်ပို့ခြင်း၊ တင်သွင်းခြင်းများနှင့် ပတ်သက်၍ ဗဟိုဘဏ်ခွင့်ပြုချက်ယူရမည်ဟု စီးပွားကူးသန်းဝန်ကြီးဌာန၏ အကြောင်းကြားစာက ဆိုသည်။ 

“ငွေကြေးခဝါချမှုက သူ့ဥပဒေနှင့်သူသွားတာပဲ။ ရောင်းတဲ့လူကလဲ ဆိုင်မှာ အခွန်ဆောင်ထားတာပဲ။ အခွန်ဆောင်ထားတဲ့ရွှေရောင်းတာပဲ။ အချိန်မရွေး စစ်လို့ရတာပေါ့။ (ငွေကြေးခဝါချမှု) က မဖြစ်နိုင်ပါဘူး။ အများကြီးရောင်းကြဝယ်ကြတာလဲ မဟုတ်ဘူး” ဟု ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးမျိုးမြင့်က ပြောသည်။

ဘဏ်ငွေလွှဲစာတမ်းစနစ် (LC) သည် ရောင်းရငွေရရှိရန် တစ်လခန့် ကြာမြင့်တတ်သောကြောင့် ရွှေဈေး အတက်အကျကြမ်းသည့်အချိန်တွင် အဆင်မပြေကြောင်း TT စနစ်မှာ ငွေရမြန်ဆန်သောကြောင့် ပြည်ပရွှေတင်ပို့မှု ပြန်ကောင်းလာနိုင်သည်ဟု ၎င်းက ဆိုသည်။

၂၀၁၈ ဇန်နဝါရီ ၂၂ မှစ၍ ရွှေနှင့် လက်ဝတ်ရတနာများကို ပြည်ပသို့ တင်ပို့ရောင်းချခွင့်ပြုခဲ့ပြီး ဂျပန်နှင့် ကိုရီးယားသို့ စတင်တင်ပို့နိုင်သော်လည်း ငွေကြေးခဝါချမှုအန္တရာယ်ကြုံနိုင်သည့် ကြေးနန်းငွေလွှဲပို့စနစ်ကို ကန့်သတ်ပြီးနောက် ရွှေတင်ပို့မှုရပ်ဆိုင်းသွားကြောင်း ရွှေလုပ်ငန်းရှင်များထံမှ သိရသည်။ 

လက်ရှိတွင် မြန်မာနိုင်ငံသည် ငွေကြေးခဝါချမှု မီးခိုးရောင်အဆင့်တွင် ပါဝင်နေသောကြောင့် ငွေကြေးခဝါချမှုတိုက်ဖျက်ခြင်းနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုလုပ်ငန်းစဉ်များတွင် အမည်ပျက်စာရင်းသွင်းရန် စောင့်ကြည့်ခံနေရသည်။ 

မြန်မာနိုင်ငံအနေဖြင့် ၂၀၁၆ ခုနှစ်တွင် FATA ၏ ငွေကြေးခဝါချမှုစောင့်ကြည့်စာရင်းမှ လွတ်မြောက်ခဲ့သော်လည်း ၂၀၂၀ နှစ်ဆန်းပိုင်းတွင် စောင့်ကြည့်စာရင်း၌ ပြန်လည်ထည့်သွင်းခံခဲ့ရသည်။

ငွေကြေးခဝါချမှုဆိုင်ရာစည်းမျဉ်းများကို မလိုက်နာသဖြင့် မြန်မာနိုင်ငံအပါအဝင် နိုင်ငံပေါင်း ၂၂ ခုကို ငွေကြေးခဝါချမှုဆိုင်ရာ အမည်ပျက်စာရင်းတွင် ထည့်သွားရန် ဥရောပသမဂ္ဂ(EU) က စီစဉ်နေကြောင်း ၂၀၂၀ မေလအတွင်းက ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြသည်။

အာဏာသိမ်းပြီးနောက်ပိုင်း ပြည်ပအကူအညီများ ရပ်ဆိုင်းသွားသလို နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုနှင့် ပို့ကုန်ဝင်ငွေကျဆင်းမှုကြောင့် နိုင်ငံခြားဝင်ငွေ လိုအပ်ချက်မြင့်မားနေရာ စစ်ကောင်စီက ပို့ကုန်မြှင့်တင်ရန် တွန်းအားပေးနေကာ သွင်းကုန်များကို ကန့်သတ်လျက်ရှိသည်။ 

(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)

Show More

Related Articles

Back to top button