
စစ်ကောင်စီတပ် စစ်ကြောင်းများ မိုင်းဆွဲတိုက်ခိုက်ခံနေရသည့် စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်တွင် ရန်ပြုခံကြရမည်ကို စိုးရိမ်သောကြောင့် ဇန်နဝါရီ ၈ မှစ၍ ကျေးရွာများကို စွန့်ခွာထွက်ပြေးနေရသူ ဒေသခံ ၇၀၀၀ ကျော်ရှိကြောင်း စစ်ရှောင်အရေး ကူညီပေးနေသည့်အဖွဲ့နှင့် ဒေသခံများထံမှ သိရသည်။
ဇန်နဝါရီ ၉ တွင် ယင်းမာပင်မြို့နယ်၊ ကျေးစာကျရွာအတွင်း စစ်ကောင်စီတပ် ရောက်ရှိလာပြီး နေအိမ်တချို့ကို ရိုက်နှက်ဖျက်ဆီး မွှေနှောက်ရှာဖွေကြသည်ဟု အဆိုပါကျေးရွာဒေသခံများက ပြောသည်။
စစ်သားတို့က ထိုအိမ်များမှ ပစ္စည်းများယူဆောင်ကာ နေ့ချင်းထွက်သွားကြသည်ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် ရွာသားတစ်ဦးက ဆိုသည်။
“အိမ်ခြေ ၅ လုံးလောက် မီးရှို့ခံရတယ်။ တချို့အိမ်တွေတော့ လက်နက်ကြီးကျတာကြောင့် ခေါင်မိုးပေါက်တာ၊ သွပ်ပေါက်တာ ရှိတယ်။ လမ်းဘေးအိမ်တွေက ပစ္စည်းတွေအခိုးခံရတယ်။ တီဗီတို့၊ ရေခဲသေတ္တာတို့၊ ထမင်းပေါင်းအိုးတို့ကအစ ပါသွားတာ” ဟု အဆိုပါ အမျိုးသားက ပြောသည်။
စစ်အာဏာရှင်ဆန့်ကျင်ရေးအားကောင်းသည့် ကျေးစာကျရွာဒေသခံများမှာ ဇန်နဝါရီ ၈ ကတည်းက နေရပ်စွန့်ခွာထားပြီးဖြစ်သည့်အတွက် ထိခိုက်သေဆုံးမှု မရှိသေးကြောင်း သူက ဆက်ပြောသည်။
ထိုဒေသတွင် စစ်တပ်က ပစ္စည်းများ လုယူသည်ဟူသော ပြောဆိုချက်နှင့် ပတ်သက်ပြီး ဖုန်းဆက်မေးမြန်းသော်လည်း စစ်ကောင်စီထံမှ တုံ့ပြန်ချက် မရသေးပေ။
ပုသိမ် – မုံရွာ ကားလမ်းမတစ်လျှောက် ယင်းမာပင်ခရိုင်၊ ယင်းမာပင်အရှေ့ခြမ်းနှင့် ဆားလင်းကြီးမြောက်ဘက်ခြမ်းရှိ ရှောင်ကြရသည့် ရွာများထဲတွင် အောင်မိုး၊ မြပင်စည်၊ မြရွှေစည်၊ ဘိန်းနွယ်ချောင်၊ ဒုန်းတော၊ ရွာသာ၊ ကံကုန်း၊ ပေကုန်းတို့လည်း ပါဝင်သည်။
စစ်ရှောင်များသည် လယ်တော၊ နီးစပ်ရာကျေးရွာများရှိ စာသင်ကျောင်းနှင့် ဘုန်းကြီးကျောင်းတို့တွင် စုဝေးနေထိုင်လျက်ရှိပြီး ဆန်၊ ဆီ၊ ဆားနှင့် စားသောက်ကုန်အချို့ကို ထောက်ပံ့ပေးထားကြောင်း စစ်ရှောင်များအရေး ကူညီဆောင်ရွက်ပေးနေသည့် ပြည်သူမှ ပြည်သူသို့အဖွဲ့မှ အဖွဲ့ဝင်တစ်ဦးက ဆိုသည်။
“စစ်ရှောင်စခန်းတွေမှာ မဟုတ်ဘဲနဲ့ တချို့က တောတွေထဲမှာ နေနေကြရတော့ ကသီလင်တနိုင်တာတွေ ရှိတယ်။ ရေရှည်ရှောင်ရမယ်ဆိုရင် ကျန်းမာရေးအတွက် ဘယ်လိုမှအဆင်မပြေနိုင်ဘူး” ဟု ထိုအဖွဲ့ဝင် အမျိုးသားက ပြောသည်။
ယမန်နေ့ နံနက် ၁၀ နာရီမှ မွန်းလွဲပိုင်းအထိ ထိုစစ်ရှောင်များရှိသည့်နေရာအနီး ရဟတ်ယာဉ် ၃ စီး လှည့်ပတ်ပျံသန်းခဲ့ကြောင်း ကျေးစာကျရွာဒေသခံများထံမှ သိရသည်။
ဒီဇင်ဘာလဆန်းက ပုသိမ် – မုံရွာလမ်းဘေး ဒုန်းတောရွာအနီး မိုင်းဆွဲခံရသည့်အတွက် နောက်တစ်နေ့တွင် စစ်တပ်က ကျေးရွာကို ဝင်ရောက်စီးနင်းကာ ဒေသခံ ၁၁ ဦးကို မီးရှို့သတ်ဖြတ်ပြီးကတည်းက အနီးအနားရွာများမှ ဒေသခံအများစုမှာ လုံခြုံမည့်နေရာများသို့ ထွက်ပြေးတိမ်းရှောင်ကြလေ့ရှိသည်ဟု ယင်းမာပင်မြို့ အရှေ့ဘက်နှင့် ဆားလင်းကြီးမြို့မြောက်ဘက်ရှိ စစ်ရှောင်များအရေးကူညီပေးနေသူတို့က ပြောသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)