အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ဒေါ်အောင်ဆန်းစုကြည်ကို အမိန့်ချမည့် အမှုနှစ်ခု ထပ်မံရက်ရွှေ့

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် တာဝန်ထမ်းဆောင်နေစဉ် ဒေါ်အောင်ဆန်းစုကြည်၏ နေပြည်တော်နေအိမ်မှ ဆက်သွယ်ရေးစက်များတွေ့မှုဖြင့် ပုဒ်မခွဲကာ စွပ်စွဲခံထားရသည့် အမှုနှစ်ခုကို အမိန့်ချမည့် အစီအစဉ်ကို စစ်ကောင်စီက ဇန်နဝါရီ ၁၀ ရက်သို့ ထပ်မံရွှေ့ဆိုင်းလိုက်သည်။

ဒေါ်အောင်ဆန်းစုကြည်အတွက် သီးသန့်ဖွင့်ထားသည့် နေပြည်တော်ကောင်စီဝင်းအတွင်းရှိ တရားခွင်၌ ဇဗ္ဗူသီရိမြို့နယ်တရားသူကြီး ဦးမောင်မောင်လွင်က ဒီဇင်ဘာ ၂၀ ရက်တွင် တစ်ကြိမ်၊ ယနေ့ (ဒီဇင်ဘာ ၂၇) တွင် တစ်ကြိမ် အကြောင်းပြချက်မရှိ ရွှေ့ဆိုင်းသည်။ 

ဖေဖော်ဝါရီ ၁ ရက်နေ့က အာဏာသိမ်းကြောင်းမကြေညာမီ နိုင်ငံတော်အကြီးအကဲကို ဖမ်းဆီးစဉ် နေအိမ်ရှိ လုံခြုံရေးတပ်ဖွဲ့များသုံးစွဲသည့် ဆက်သွယ်ရေးစက်များမှာ တရားမဝင်ဟုဆိုကာ ထောင် ၁ နှစ် အမြင့်ဆုံးချနိုင်သည့် ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၇၊ ထောင် ၃ နှစ်ချနိုင်သည့် ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈ တို့ဖြင့် အမှုဖွင့်ထားခြင်းဖြစ်သည်။

ထိုပစ္စည်းများကို သိမ်းယူစဉ်ပါဝင်သည့် စစ်တပ်နှင့် ရဲအရာရှိ ၅ ဦး တရားခွင်သို့ သက်သေလာထွက်ရာတွင် ထိုပစ္စည်းများ မည်သည့်နေရာ၊ မည်သူ့ထံမှ သိမ်းဆည်းရမိသည်ဆိုသည်ကို ကွဲလွဲစွာထွက်ဆိုခဲ့ကြသည်ဟု တရားရုံးနှင့် နီးစပ်သူက အတည်ပြုထားပြီးဖြစ်သည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး အာဏာသုံးရပ်စလုံး ချုပ်ကိုင်မည်ဟု ကြေညာကာ အာဏာသိမ်းပြီး ၁၀ လကျော်အတွင်း စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်ကို ပုဒ်မများစွာဖြင့် စွပ်စွဲထားသည့်အနက် ၂ မှုကို အမိန့်ချပြီးဖြစ်သည်။

ဆူပူစေရန် လှုံ့ဆော်မှု၊ ကိုဗစ်စည်းကမ်းဖောက်ဖျက်မှုတို့ဖြင့် ဒီဇင်ဘာ ၆ ရက်တွင် ထောင် ၄ နှစ် ချခဲ့ပြီး ထောင်ဒဏ်ထက်ဝက်ကို ညတွင်းချင်း ပြန်လျှော့ဖူးသည်။ ထို့အတူ ဒေါ်အောင်ဆန်းစုကြည်ကို အကျဉ်းထောင်သို့ မပို့ဘဲ လက်ရှိထားရှိသည့် လျှို့ဝှက်နေရာတွင်သာ စစ်ကောင်စီက ဆက်လက်ချုပ်နှောင်ထားသည်။

ယနေ့ (ဒီဇင်ဘာ ၂၇) ရုံးချိန်းတွင် ၂၀၂၀ ရွေးကောက်ပွဲမတိုင်မီ နေပြည်တော်၊ ဇဗ္ဗူသီရိမြို့နယ်၊ ရွှေကြာပင်ရပ်ကွက်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ဝင်အချို့၏ နေအိမ်များသို့ သွားရောက်လည်ပတ်သည့် ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို ကိုဗစ်စည်းကမ်းဖောက်ဖျက်သည်ဟု ဆိုကာ စွပ်စွဲထားသည့် အမှုတစ်ခုကိုလည်း စစ်ဆေးသည်ဟု တရားရုံးနှင့် နီးစပ်သူက ပြောသည်။

စစ်ကောင်စီ၏ ကမ်းလှမ်းချက်ဖြင့် နေပြည်တော်၊ လယ်ဝေးမြို့နယ်နေ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင်ဟောင်း ဦးထွန်းမြင့်အောင် (ခ) ဦးညီညီဆိုသူက စွဲဆိုထားသည့် ထောင်သုံးနှစ်အထိ ချနိုင်သော သဘာဝဘေးစီမံခန့်ခွဲမှုဆိုင်ရာဥပဒေ ပုဒ်မ ၂၅ အမှု ဖြစ်သည်။

ထိုအမှုတွင် မန္တလေးအိုးဘိုထောင်၌ ရှိနေပြီး နေပြည်တော်သို့ သက်သေလာထွက်ရန် စစ်ကောင်စီဘက်က အကြိမ်ကြိမ်ငြင်းဆိုထားသည့် NLD ဒုတိယဥက္ကဋ္ဌတစ်ဦးဖြစ်သူ အသက် ၇၀ အရွယ် မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က Video Conferencing စနစ်ဖြင့် တရားခွင်သို့ သက်သေထွက်သည်ဟု တရားရုံးနှင့် နီးစပ်သူထံမှ သိရသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် ဒေါက်တာဇော်မြင့်မောင်တို့ တရားခွင်အတွင်း Video Conferencing စနစ်ဖြင့် နှုတ်ဆက်ကြသည်ဟု ၎င်းက ပြောသော်လည်း အသေးစိတ်မသိရပေ။

ဦးညီညီစွဲဆိုထားသည့် သဘာဝဘေးအမှုကို ဒီဇင်ဘာ ၃ ရက်သို့ ပြန်လည်ချိန်းဆိုလိုက်ပြီး ထိုနေ့တွင် အပြီးသတ်လျှောက်လဲချက်ပေးရမည်ဟု တရားရုံးနှင့် နီးစပ်သူထံမှ သိရသည်။

အသက် ၇၆ နှစ်အရွယ် ဒေါ်အောင်ဆန်းစုကြည်မှာ စစ်ကောင်စီ စွပ်စွဲထားသည့် ထောင်ဒဏ်နှစ်များစွာချနိုင်သော အဂတိဆိုင်ရာ စွပ်စွဲချက်များအပါအဝင် စုစုပေါင်း ၁၀ မှုနှင့် ဆက်လက်ရင်ဆိုင်ရရန်ရှိသည်။

NLD က အစိုးရဖွဲ့နိုင်သည်အထိ အပြတ်အသတ် ထပ်မံအနိုင်ရသည့် ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို ငြင်းပယ်ကာ အာဏာသိမ်းခဲ့သည့် စစ်တပ်က ဒေါ်အောင်ဆန်းစုကြည်ကို မဲမသမာမှုဖြင့် အရေးယူမည်ဟုလည်း ကြေညာထားသည်။

ယနေ့ရုံးချိန်းတွင် ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာရှိသည်ဟု တရားရုံးနှင့် နီးစပ်သူက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်ဘက်ကို ရှေ့နေအဖွဲ့နှင့် လွတ်လပ်စွာ ဆက်သွယ်ပြောဆိုရန် ခွင့်ပြုထားကြောင်း အာဏာသိမ်းစစ်ခေါင်းဆောင်က ပြီးခဲ့သည့် သီတင်းပတ်အတွင်း ထုတ်ဖော်ပြောဆိုခဲ့သော်လည်း အမှန်တကယ်တွင် ရှေ့နေအဖွဲ့၏ ပြောရေးဆိုခွင့်ကိုလည်း စစ်ကောင်စီက ပိတ်ပင်ထားသည်။ 

စစ်ကောင်စီက ပုဒ်မများစွာဖြင့် စွပ်စွဲထားသည့် ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်ကောင်စီဝင်းအတွင်းရှိ သီးသန့်တရားရုံး၌ အပတ်စဉ် နေ့ရက်များခွဲ၍ ရုံးထုတ်စစ်ဆေးနေသည်။

ဒေါ်အောင်ဆန်းစုကြည်ကို ပထမအကြိမ် အမှု ၂ ခုအတွက် ပြစ်ဒဏ်ချစဉ်က စစ်ကောင်စီကို နိုင်ငံတကာက ပြစ်တင်ဝေဖန်ခဲ့ကြပြီး နိုင်ငံရေးရည်ရွယ်ချက်ဖြင့် အဓိပ္ပာယ်မရှိသည့် လုပ်ရပ်ဟုပင် ရှုတ်ချပြောဆိုမှုများရှိခဲ့သည်။

လူ့အခွင့်အရေးဆိုင်ရာ အာဆီယံလွှတ်တော်အမတ်များအဖွဲ့ (APHR) ၏ ဥက္ကဋ္ဌ Charles Santiago က “အတုအယောင်တရားစီရင်မှု” ဟုပင် ဒီဇင်ဘာ ၆ ရက်က ဝေဖန်သည်။

ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Michelle Bachelet ကလည်း မြန်မာစစ်အာဏာသိမ်းမှုအပေါ် နိုင်ငံတကာအသိအမှတ်မပြုမှု ပိုမိုနက်ရှိုင်းလာမည်ဟု ထောက်ပြဖူးသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles