အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေအဖွဲ့ခေါင်းဆောင် ပြောရေးဆိုခွင့် ကန့်သတ်ခံရ 

ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးဝင်းမြင့်တို့၏ အမှုများတွင် လိုက်ပါဆောင်ရွက်ပေးနေသည့် ရှေ့နေအဖွဲ့ခေါင်းဆောင် ဦးခင်မောင်ဇော်ကို မီဒီယာအပါအဝင် မည်သည့်ပုဂ္ဂိုလ်အဖွဲ့အစည်းနှင့်မျှ ဆက်သွယ်၍ တရားခွင်ဆိုင်ရာကိစ္စ ထုတ်ဖော်ပြောဆိုခြင်းမပြုရန် စစ်ကောင်စီက ကန့်သတ်လိုက်သည်။

နေပြည်တော်၊ ပျဉ်းမနားမြို့တွင် နေထိုင်သည့် ဦးခင်မောင်ဇော်၏ ပြောဆိုချက်များမှာ ပုဂ္ဂိုလ်တစ်ဦးဦးအား နှောင့်ယှက်မှု သို့မဟုတ် ထိခိုက်နာကျင်ဆုံးရှုံးမှု၊ အများပြည်သူတို့၏ ငြိမ်ဝပ်မှု၊ ရုန်းရင်းဆန်ခတ်မှုများ ဖြစ်စေနိုင်သည်ဆိုကာ နောက်ထပ် အမိန့်တစ်စုံတစ်ရာ မထုတ်မချင်း ပြောခွင့်မရှိဟု မြို့နယ်အုပ်ချုပ်ရေးမှူးက အောက်တိုဘာ ၁၄ ရက်စွဲဖြင့် ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၁၄၄ ထုတ်ဆင့်ခဲ့ကြောင်း ရှေ့နေအသိုင်းအဝိုင်းက အတည်ပြုသည်။

ဦးခင်မောင်ဇော်အနေဖြင့်​ ပြည်တွင်းပြည်ပမီဒီယာများအပါအဝင် သံတမန်များ၊ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများ စသည့် မည်သည့်​ပုဂ္ဂိုလ်အဖွဲ့အစည်းနှင့်မျှ ဆက်သွယ်ပြောဆိုခြင်း မပြုရန် စစ်ကောင်စီက ကန့်သတ်လိုက်ခြင်းခြင်းဖြစ်သည်။ 

ထိုမတိုင်မီ နှစ်ရက်ဖြစ်သည့် အောက်တိုဘာ ၁၂ ရုံးချိန်၌ အာဏာသိမ်းသည့်နေ့က စစ်တပ်က ဖိအားပေးခြိမ်းခြောက်ခဲ့ပုံများနှင့် ပတ်သက်၍ သမ္မတဦးဝင်းမြင့်၏ ထွက်ဆိုချက်ကို ရှေ့နေအဖွဲ့ခေါင်းဆောင် ဦးခင်မောင်ဇော်က ကမ္ဘာသိ သတင်းပြန်ကြားပေးခဲ့သည်။ 

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေအဖွဲ့ခေါင်းဆောင် ဦးခင်မောင်ဇော်ကို စစ်ကောင်စီက ယခုကဲ့သို့ ကန့်သတ်ပိတ်ပင်ခြင်းနှင့် ပတ်သက်၍ တရားရုံးများမှာ အများပြည်သူနှင့် သက်ဆိုင်သည့် နေရာများဖြစ်သည်ကို မမေ့သင့်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အဖွဲ့မှ တရားရေးဝန်ကြီး ဦးသိန်းဦးက ဆိုသည်။ 

စစ်ကောင်စီ၏ တရားခွင်၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ခေါင်းဆောင်များဖြစ်ကြသည့် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ အပြန်အလှန်ပြောဆိုမှုမှန်သမျှကို ပြည်သူများသိရှိရန် ရှေ့နေများက ထင်မြင်ယူဆချက်မပါဘဲ ပြန်ကြားခွင့်ရှိကြောင်းလည်း ဦးသိန်းဦးက ထောက်ပြသည်။ 

“တရားခွင်မှာ အာဏာရှိတာက တရားသူကြီး။ ထွေအုပ်က ပြောတယ်ဆိုလို့ရှိရင် ထွေအုပ်တောင် ပြန်ပြီး တရားရုံးက အရေးယူရမှာ။ ဒါ တရားခွင်နဲ့ ပတ်သက်တဲ့ကိစ္စ ထွေအုပ်နဲ့ ဘာမှမဆိုင်ဘူး” ဟု ၎င်းက ပြောသည်။

ထိုကိစ္စနှင့် ပတ်သက်၍ ဦးဝင်းမြင့်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့၏ ငါးဦးပါ ရှေ့နေအဖွဲ့ထံမှ မှတ်ချက်တစ်စုံတစ်ရာ မရသေးသလို စစ်ကောင်စီထံ မေးမြန်းနိုင်ခြင်းလည်း မရှိသေးပါ။

ဖေဖော်ဝါရီ ၁ အာဏာမသိမ်းမီကတည်းက ဖမ်းခံထားရသည့် ဦးဝင်းမြင့်ကို စစ်ကောင်စီက ပုဒ်မ ၅၀၅ (ခ) အပြင် ကိုဗစ်ကာလအတွင်း မဲဆွယ်ယာဉ်တန်းကို ကြိုဆိုမှုဖြင့် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ ပုဒ်မဖြင့်ပါ တရားစွဲထားသည်။

ဒေါ်အောင်ဆန်းစုကြည်မှာမူ ပြစ်ဒဏ်ကြီးလေးသည့် အဂတိမှုများအပါအဝင် စုစုပေါင်း ပုဒ်မ ၁၁ ခုဖြင့် တရားရင်ဆိုင်နေရသည်။

မည်သည့်နေရာတွင် ထိန်းသိမ်းထားမှန်း အတည်မပြုနိုင်သေးသည့် ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးဝင်းမြင့်အတွက် နေပြည်တော်ကောင်စီဝင်းအတွင်းရှိ ခြံအမှတ် ၁ တွင် သီးသန့်တရားရုံးဖွင့်ကာ အမှုအလိုက် သက်ဆိုင်ရာ မြို့နယ်နှင့် ခရိုင်အဆင့် တရားသူကြီးက လာရောက်ရုံးထိုင်ကြားနာသည်။

ထိုသီးသန့်တရားရုံးတွင် ဒေါ်အောင်ဆန်းစုကြည်က တစ်ပတ်လျှင် လေးရက်၊ ဦးဝင်းမြင့်က တစ်ပတ်လျှင် နှစ်ရက် စစ်ဆေးခံနေရပြီး ဦးခင်မောင်ဇော်ဦးဆောင်သည့် ငါးဦးပါရှေ့နေအဖွဲ့က လိုက်ပါဆောင်ရွက်ပေးနေသည်။ 

ဦးခင်မောင်ဇော်နည်းတူ ထိုငါဦးပါရှေ့နေအဖွဲ့ဝင် ဒေါ်စန်းမာလာညွန့်ကို စစ်ကောင်စီက လွန်ခဲ့သည့် နှစ်လကျော်က အလားတူပိတ်ပင်ခဲ့သည်။ ၎င်းသည် ထိန်းသိမ်းခံထားရသည့် ဒေါ်အောင်ဆန်းစုကြည်အတွက် စားသောက်ဖွယ်ရာများ ပုံမှန်ပို့ပေးနေသူဖြစ်သည်။ 

လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles