ပဲခူးတိုင်းအတွင်းရှိ စစ်ကောင်စီစခန်းတစ်ခုကို ယမန်နေ့ ( စက်တင်ဘာ ၉) တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) ဗဟိုသတင်းနှင့် ပြန်ကြားရေးဌာနခွဲ၊ ပြောရေးဆိုခွင့်ရှိသူ စောယွာခွီဒူးက အတည်ပြုသည်။
“(စခန်းသိမ်းတဲ့ဖြစ်စဉ်) အဲဒါ မှန်တယ်လို့ပဲ ပြောလို့ရတယ်။ ဖြစ်စဉ်အသေးစိတ်မသိရသေး။ ကျွန်တော်တို့အခေါ် KNU ကျောက်ကြီးမြို့နယ်မှာပေါ့” ဟု ၎င်းက ဆိုသည်။
ကျောက်ကြီးမြို့နယ်၊ ကပေါတူတပ်စခန်းကို KNU တပ်မဟာ (၅) နှင့် (၃) တို့မှ တပ်ဖွဲ့ဝင်များ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း KNU အဖွဲ့ဝင်တစ်ဦးက ပြောသည်။
“မနက် ၆ နာရီ စတိုက်၊ ၈ နာရီမှာ ပြီးသွားတယ်။ ကျွန်တော်တို့ဘက်မှာ ထိခိုက်မှုမရှိဘူး။ စခန်းကို သိမ်းလိုက်ပြီ” ဟု ၎င်းက ဆက်ပြောသည်။
အသိမ်းခံရသည့်နေရာကို စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ထောက်လှမ်းခဲ့ကြောင်း၊ တိုက်ပွဲဖြစ်စဉ်နှင့် ထိခိုက်ကျဆုံးမှုကို ဆက်လက်ထုတ်ပြန်မည်ဖြစ်ကြောင်း KNU က သတင်းထုတ်ပြန်သည်။
အဆိုပါတပ်စခန်းတည်ရှိရာ ဒေသသည် KNU တပ်မဟာ (၃) နယ်မြေနှင့် တပ်မဟာ(၅) နယ်မြေ ဆက်စပ်နေသည့် ဒေသဖြစ်ကြောင်း ကရင်ဒေသခံတစ်ဦးက ပြောသည်။
“နယ်မြေကတော့ သူက တပ်မဟာ (၃) ကနေ ဖောက်သွားရင် တပ်မဟာ (၅) ကို တက်သွားလို့ရတယ်။ စစ်အူလမ်းကြောင်း ဖောက်လို့ရတယ်။ သံလွင်ငြိမ်းချမ်းရေးဥယျာဉ်ရဲ့အဝန်းအဝိုင်းကို ရောက်တယ်” ဟု အဆိုပါဒေသခံက ဆိုသည်။
အမျိုးသားညီညွတ်ရေးအစိုးရက စက်တင်ဘာ ၇ ရက်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ပြည်သူလူထု၏ ခုခံစစ်စတင်ပြီဖြစ်ကြောင်း ကြေညာပြီး ၄၈ နာရီအတွင်း KNU က စစ်ကောင်စီတပ်စခန်းတစ်ခုကို တိုက်ခိုက်သိမ်းပိုက်လိုက်ခြင်းလည်းဖြစ်သည်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် တပ်မဟာ (၅) နယ်မြေ ဖာပွန်ခရိုင်အတွင်းရှိ စစ်ကောင်စီတပ်စခန်းနှစ်ခုကို တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။ မတ် ၂၇ တွင် သီးမူထာစခန်း၊ ဧပြီ ၂၇ တွင် သော်လဲထာစခန်း တို့ အသိမ်းခံရပြီးနောက် စစ်ကောင်စီတပ်က စခန်းငယ်တချို့ကို စွန့်ခွာခဲ့သည်ဟု သိရသည်။
ယင်းနောက်ပိုင်း ၄ လကျော် အကြာတွင် ပြောက်ကျားစနစ်ဖြင့် တိုက်ခိုက်သည့် KNU/ KNLA က စခန်းတစ်ခု ထပ်မံသိမ်းပိုက်ခြင်း ဖြစ်သည်။

စစ်ကောင်စီတပ်ကို ခုခံစစ်ဆင်ရန် အသင့်တော်ဆုံးအချိန်သို့ ရောက်နေပြီဖြစ်ကြောင်း KNU အဖွဲ့ဝင်တစ်ဦးက မှတ်ချက်ပြုသည်။
“ရန်သူက KNU တစ်ခုတည်းရဲ့ ရန်သူမဟုတ်ဘူးလေ ဗမာပြည် ပြည်သူပြည်သားတစ်ခုလုံးရဲ့ ရန်သူဆိုတော့ အခုအချိန်က စတိုက်ရမယ့်အခြေအနေပေါ့” ဟု ပြောရေးဆိုခွင့်ရှိသူမဟုတ်သဖြင့် အမည်မဖော်ပြလိုသည့် အဆိုပါအမျိုးသားက ပြောသည်။
“ကျွန်တော်တို့ စစ်မတိုက်ချင်ဘူး။ ဒါပေမဲ့ နောက်ဆုံး နည်းလမ်းမရှိတဲ့အခါ၊ ရွေးစရာမရှိတဲ့အခါကျတော့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရရှိဖို့အတွက် ဒီတစ်လမ်းပဲရှိလို့ တော်လှန်ရေးစခဲ့တယ်။ အခုက ကျွန်တော်တို့လိုလားတောင့်တတာ မလွန်ဘူး။ ဖြစ်ရပ်မှန်ကို အခု ဗမာပြည်တစ်ပြည်လုံးရဲ့ ပြည်သူလူထုလည်း နားလည်ပြီ”
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း KNU တပ်မဟာ ၇ ခု လုံးတွင် တိုက်ပွဲများဖြစ်ပွားခဲ့ပြီး အထူးသဖြင့် ဖာပွန်ခရိုင် တပ်မဟာ (၅) နယ်မြေတွင် တိုက်ပွဲအဖြစ်များသည်။ ထို့နောက် မြိတ်/ထားဝယ် ခရိုင် တပ်မဟာ (၄) မှ အပ ကျန်ဒေသ ၆ ခုလုံးကို စစ်ကောင်စီက ထိုးစစ်ဆင်ရန် ကြိုးပမ်းလာသည်။
ဩဂုတ်လအတွင်း တပ်မဟာ (၁) ၊ (၂) ၊ (၃)၊ (၅) ၊ (၆) တို့တွင် တိုက်ပွဲပေါင်း ၂၀၀ ကျော် ဖြစ်ပွားခဲ့သည်။
အမျိုးသားညီညွတ်ရေးအစိုးရက ခုခံစစ်စတင်ကြောင်းကြေညာသည့် စက်တင်ဘာ ၇ တွင်မူ KNU တပ်မဟာ (၄) နယ်မြေ၌ တိုက်ပွဲများ ပြန်ဖြစ်ပွားခဲ့သည်။
KNU အနေဖြင့် စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်သော မည်သည့်အဖွဲ့အစည်းနှင့်မဆို ပူးပေါင်းမည်ဟု စက်တင်ဘာ ၄ ရက်တွင် ထုတ်ပြန်ထားပြီး အာဏာရှင်အားလုံးကို တော်လှန်သွားမည်ဟု အသိပေးထားသည်။
(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)
Donate here > https://www.userroll.com/site/register/m1f6pe



