မြန်မာ- တရုတ်နယ်စပ် မြန်မာပြည်မြောက်ဖျားပိုင်း ကချင်ပြည်နယ် ခေါင်လန်ဖူးပြည်သူ့စစ်အဖွဲ့မှ ဗိုလ်ကြီးတစ်ဦးနှင့် တပ်ဖွဲ့ဝင်နှစ်ဦးတို့ကို လက်ရဖမ်းမိခဲ့ပြီး ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ထံ လွှဲပြောင်းပေးရန် စီစဉ်နေကြောင်း ခါကာဘိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (KPF) အဖွဲ့ထံက သိရသည်။
ပြီးခဲ့သည့် နိုဝင်ဘာလ ၁၁ ရက်က ပူတာအိုမြို့၏ အရှေ့တောင်ဘက် မိုင် ၁၀၀ ကျော်ခန့်အကွာ ခေါင်လန်ဖူးမြို့နယ်အတွင်း တရုတ်နယ်စပ်အနီးရှိ ရှေ့တန်းစခန်းသို့ စစ်ဆေးရန် သွားနေသော ခေါင်လန်ဖူးပြည်သူ့စစ်အဖွဲ့၏ စစ်ကြောင်းမှူး ဗိုလ်ကြီးဖလားဒါဝိကို တပ်ဖွဲ့ဝင် နှစ်ဦးနှင့်အတူ ဖမ်းဆီးမိခဲ့ခြင်းဖြစ်သည်ဟု ခါကာဘိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(KPF)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“နိုဝင်ဘာ ၁၁ ရက်နေ့မှာ ဖမ်းမိတာပါ။ ရှိန်းခေါင်ဘက် ထောက်ပို့စခန်းကနေ ရှေ့တန်းစစ်မျက်နှာ သူ့တပ်ဖွဲ့တွေဆီအသွားလမ်းမှာ ဖမ်းခံထားရတာဖြစ်ပါတယ်။ သူ့ရဲဘော်နှစ်ယောက်ပါတယ်၊ သူတို့ကိုင်တဲ့ လက်နက်ပါတယ်”ဟု KPF အဖွဲ့မှ တာဝန်ရှိသူ အမျိုးသားတစ်ဦးက ဆိုသည်။
ထိုသူများကို စစ်သုံ့ပန်းစည်းကမ်းနှင့်အညီ ကောင်းမွန်စွာထိန်းသိမ်းထားပြီး စစ်မေးနေဆဲဖြစ်ကြောင်း၊ အဆိုပါ ပြည်သူ့စစ်အရာရှိကို KIA ထံ လွှဲပြောင်းပေးရန် စီစဉ်နေသည်ဟု သိရသည်။
ပူတာအိုနှင့် ခေါင်လန်ဖူးမြိုတို့တွင် စစ်ရေးလှုပ်ရှားနေသည့် တော်လှန်ရေးအဖွဲ့တစ်ဖွဲ့ ဖြစ်သည့် KPF အဖွဲ့သည် KIA ကွပ်ကဲမှုဖြင့် အာဏာသိမ်း စစ်တပ်ကို တိုက်ခိုက်နေသည့် အဖွဲ့တစ်ဖွဲ့ဖြစ်သည်။ ထိုအခြေအနေနှင့် ပတ်သက်၍ KIA ပြန်ကြားရေး တာဝန်ရှိသူ ဗိုလ်မှူးကြီးနော်ဘူကို Myanmar Now က ဆက်သွယ်မေးမြန်းနေဆဲဖြစ်သည်။
ဦးတန်ဂူးတန် ဦးဆောင်သည့် ပူတာအိုပြည်သူ့စစ်အဖွဲ့နှင့် ခေါင်လန်ဖူးပြည်သူ့စစ်အဖွဲ့တို့သည် အဆိုပါ ပူတာအိုနှင့် ခေါင်လန်ဖူးမြို့နယ်တို့တွင် စစ်တပ်နှင့်အတူ ပူးတွဲစစ်ရေးလှုပ်ရှားနေကာ KIA နှင့် ကချင်ဒေသပြည်သူ့ကာကွယ်ရေးတပ် (KPDF) များကို တိုက်ခိုက်နေသည်
ခေါင်လန်ဖူးမြို့အရှေ့မြောက်ဘက် ၂၅ မိုင်ခန့်အကွာ ရှိန်းခေါင်ကျေးရွာအနီး ၂၀၂၅ ခုနှစ်မှ စတင်၍ စစ်တပ်နှင့် ခေါင်လန်ဖူးပြည်သူ့စစ်တို့က တရုတ်လုပ်ငန်းရှင်များ ပူးပေါင်းကာ မြေရှားသတ္တုတူးဖော်ရန် ကြိုးပမ်းနေကြ သည်။ ယင်းအပြင် ဒေသခံများ၏ မြေယာနှင့်စိုက်ခင်းများကို လျော်ကြေးပေး ဖယ်ရှားနိုင်ရန်လည်း ကြိုးပမ်းနေကြကြောင်း ကချင်ဒေသအခြေစိုက်သတင်းများအရ သိရသည်။

ခေါင်လန်ဖူးမြို့၏ တောင်ဘက်တွင်ရှိသည့် လန်ဆယ်၊ ဖီမော၊ ဆဒုံး၊ ပန်ဝါစသည့် နယ်စပ်ဒေသများ အပါအဝင် စစ်တပ်ဩဇာခံ ပြည်သူ့စစ်ခေါင်းဆောင် ဦးဇခုန်တိန့်ယိန်း ကချင်အထူးဒေသ(၁) နယ်မြေရှိ ပန်ဝါပြည်သူ့စစ် ဌာနချုပ်ကိုပါ ၂၀၂၄ ခုနှစ် နှင့် ၂၀၂၅ ခုနှစ်များအတွင်း KIA နှင့် ပူးပေါင်းတပ်များက သိမ်းပိုက်ထားပြီးဖြစ်သော ကြောင့် နယ်စပ်အနီး မြေရှားသတ္တုထွက်သော ခေါင်လန်ဖူးဒေသကို KIA ထံ လက်မလွှတ်ရရေး စစ်တပ်အတွက် အရေးပါသော အခြေအနေဖြစ်သည်။
လက်ရှိတွင် မြေရှားသတ္တုသိုက်များတည်ရှိရာ ချီဖွေ၊ ပန်ဝါနှင့် ဆောလော့ဒေသများကို KIA က အုပ်ချုပ်ပြီး ယမန်နှစ် နှောင်းပိုင်းမှစတင်၍ တူးဖော်မှုများ ပြုလုပ်နေသည်။ မြေရှားသတ္တုသည် လျှပ်စစ်ကား (EV)၊ လေစွမ်းအင်သုံး တာဘိုင်များ၊ စမတ်ဖုန်း၊ ကွန်ပျူတာနှင့် လျှပ်စစ်ပစ္စည်းများ ထုတ်လုပ်ရာတွင် အရေးပါသည့် ဒြပ်စင်တစ်ခုဖြစ်ပြီး ကမ္ဘာ့အင်အားကြီး နည်းပညာကုန်ပစ္စည်းထုတ် နိုင်ငံများ၏ သည်းခြေကြိုက်ဖြစ်သည်။
ထို့ကြောင့် တရုတ်နယ်စပ်နှင့် မိုင်အနည်းငယ်သာ ဝေးပြီး တောင်တန်းထူထပ်သည့် အဆိုပါ ခေါင်လန်ဖူးဒေသကို စိုးမိုးနိုင်ရန် စစ်တပ်က ဒေသခံ ဌာနေပြည်သူ့စစ်များ၏ အင်အားဖြင့် ကြိုးပမ်းနေသည်။
ခေါင်လန်ဖူးမြို့သည် ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ပေ ၄၆၈၀ တွင်တည်ရှိပြီး ၂၀၁၉ ခုနှစ် စက်တင်ဘာလအထိ အုပ်ချုပ်ရေးဦးစီးဌာနစာရင်းများအရ ခေါင်လန်ဖူးမြို့တွင် မြို့ပေါ် ရပ်ကွက် လေးခု၊ တမြို့နယ်လုံးတွင် ကျေးရွာပေါင်း ၁၄၁ ရွာ ရှိကာ လူဦးရေ ၁၄၃၀၄ ဦး ရှိသည်။ လီဆူနှင့် ရဝမ်တိုင်းရင်းသားများ အဓိကနေထိုင်ပြီး အများစုသည် ခရစ်ယာန်ဘာသာ ကိုးကွယ်ကြသည်။
၂၀၂၅ ခုနှစ် နှစ်ဆန်းပိုင်းမှစတင်၍ ခေါင်လန်ဖူး၊ ရှိန်းခေါင်၊ လန်ဆယ်ဒေသများတွင် စစ်တပ်၊ ပြည်သူ့စစ် ပူးပေါင်းတပ်များနှင့် KIA၊ KPDF တို့တိုက်ပွဲများ ပြင်းထန်ခဲ့ပြီး အထူးသဖြင့် လန်ဆယ်ဒေသတိုက်ပွဲများတွင် စစ်တပ်ဘက်က အထိနာခဲ့သည်။
KIA နှင့် ပူးပေါင်းတပ်များ၏ ၂၀၂၄ ခုနှစ် မတ်လမှစတင်သည့် ထိုးစစ်အတွင်း ရှမ်းပြည်နယ်မြောက်ပိုင်း မဘိမ်းမြို့နှင့် ကချင်ပြည်နယ် မြို့ ၁၄ မြို့ကို KIA က သိမ်းပိုက်ထိန်းချုပ်ထားနိုင်ခဲ့သည်။
လက်ရှိတွင် စစ်တပ်က ကချင်နှင့်ထိစပ်နေသော စစ်ကိုင်းတိုင်းအထက်ပိုင်းဒေသများကို ပြန်လည်ထိန်းချုပ်နိုင် ရန် စစ်ရေးလှုပ်ရှားနေပြီး စစ်ကိုင်း- ကချင်အစပ် KIA ထိန်းချုပ်သည့် ဒေသများနှင့် အမျိုးသားညီညွတ်ရေး အစိုးရ(NUG) ၏ ကသုံးလုံးနယ်မြေ (ကသာ- ကောလင်း- ကန့်ဘလူ) တို့ကို စစ်ရေးအရ ဖိအားပေးနိုင်ရန် အပြင်းအထန် ကြိုးပမ်းနေသည်။
အာဏာသိမ်းစစ်တပ်က အင်းတော်- ဝန်းသို- ကောလင်း- ကျွန်းလှ- ကန့်ဘလူလမ်းကြောင်းနှင့် အင်းတော်- ကျောက်တန်း- စပ္ပါယ်နံသာလမ်းကြောင်းများတလျှောက် ရှင်းလင်းတိုက်ခိုက်နေကြောင်း ယမန်နေ့က ထုတ်ပြန်ထားသည်။



