အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ချီဖွေနှင့် ပန်ဝါတို့တွင် မြေရှားလုပ်ကွက်သစ် တူးဖော်ခွင့် KIA ခွင့်ပြုတော့မည် 

တရုတ်နယ်စပ်ရှိ အမေရိကန် ဒေါ်လာဘီလီယံချီ တန်ကြေးရှိသော မြေရှားလုပ်ကွက်များရှိရာ ချီဖွေနှင့် ပန်ဝါဒေသတွင် မြေရှားသတ္တု လုပ်ကွက်သစ်များ တူးဖော်ခွင့်ပြုရန် စီစဉ်နေသည်ဟု KIA ပြန်ကြားရေးအရာရှိက ပြောသည်။

နိုင်ငံမြောက်ဖျား မြန်မာနှင့် တရုတ်နယ်စပ်ရှိ အမေရိကန် ဒေါ်လာဘီလီယံချီ တန်ကြေးရှိသော မြေရှားလုပ်ကွက်များရှိရာ ချီဖွေနှင့်ပန်ဝါဒေသကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) က တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး တစ်နှစ်ကျော်အကြာတွင် မြေရှားလုပ်ကွက်သစ်များ တူးဖော်ခွင့်ပြုရန် စီစဉ်နေကြောင်း စုံစမ်းသိရှိရသည်။ 

အာဏာသိမ်းစစ်ကော်မရှင် ဩဇာခံ ပြည်သူ့စစ်ခေါင်းဆောင် ဦးဇခုန်တိန့်ယိန်း ထိန်းချုပ်ခဲ့သည့် ကချင်အထူးဒေသ(၁) နယ်မြေရှိ ပန်ဝါပြည်သူ့စစ်ဌာနချုပ်ကို ၂၀၂၄ ခုနှစ် အောက်တိုဘာလတွင် အပြီးသတ်တိုက်ခိုက်ပြီး မြေရှားသတ္တုသိုက်များတည်ရှိရာ ချီဖွေ၊ ပန်ဝါနှင့် ဆောလော့ဒေသများကို KIA က အုပ်ချုပ်နေသည်။ 

ယခုနှစ်ကုန်တွင် KIA က မြေရှားလုပ်ကွက်သစ်များ ချထားပေးရန် စီစဉ်နေသည်ဟု KIA ပြောခွင့်ရ ဗိုလ်မှူးကြီး နော်ဘူက Myanmar Now ကို အတည်ပြုပြောဆိုသည်။ 

“သက်ဆိုင်ရာဌာနက ဒီနှစ်ကုန်ပိုင်းလောက် ချပေးနိုင်မလားမသိဘူး။ အခုလောလောဆယ်တော့ မကြားရသေးပါ ဘူး” ဟု ၎င်းက ပြောသည်။ 

ချီဖွေနှင့် ပန်ဝါဒေသအား KIA တိုက်ခိုက်သိမ်းပိုက်စဉ် ပန်ဝါနယ်စပ်အပါဝင် ကချင်ပြည်နယ်နှင့် ထိစပ်နေသည့် တရုတ်နယ်စပ်ဂိတ်များကို တရုတ်က ပိတ်ထားခြင်းကြောင့် မြေရှားသတ္တု တူးဖော်ရာတွင် အသုံးပြုသည့် အမိုနီယမ်ဆာလဖိတ်နှင့် အခြားဓာတုပစ္စည်းများ ပြတ်လပ်သွားပြီး လုပ်ငန်းများ ရပ်ဆိုင်းထားခဲ့ရသည်။

ယင်းနောက် KIA က ထိုဒေသကို ထိန်းချုပ်ပြီး ဓာတုကုန်ကြမ်း လက်ကျန်များဖြင့် လုပ်ငန်းရှင်များက မြေရှားသတ္တု ဆက်လက်တူးဖော်ခဲ့ကြသည်။ ယခုအခါတွင် ချီဖွေမြို့နယ်အတွင်းရှိ မြေရှားလုပ်ကွက် အဟောင်းအားလုံးနီးပါး ပြန်လည်တူးဖော်လာသလို လုပ်ကွက်သစ်လျှောက်ထားရန် ပြင်ဆင်လာသည်ဟုလည်း မြေရှားတူးဖော်မှုများကို လေ့လာစောင့်ကြည့်နေသော အမည်မဖော်လိုသည့် ချီဖွေဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။ 

“KIA စ ဝင်လာတဲ့အချိန်မှာ လုပ်ကွက်အသစ်ကို ပိတ်ထားတယ်။ လုပ်ကွက်အဟောင်းတွေကိုတော့  ဆက်လက်လုပ်ကိုင်ဖို့ အခွင့်အရေးပေးထားတာပေါ့။ တချို့ကျတော့ အဲ့ဒီမှာသုံးတဲ့ ကုန်ကြမ်းကို သိုလှောင်ထားနိုင်တဲ့ ဆိုက်(လုပ်ငန်းခွင်)ဆိုရင် နည်းနည်းပါးပါး လည်ပတ်နိုင်တာပေါ့။ ကုန်ကြမ်းမရှိတဲ့ ဆိုက်တွေကတော့ ရပ်ထားရတာပေါ့” 

“အခုတော့ လုပ်ကွက်ဟောင်းတွေက တော်တော်များများ ပြန်လုပ်နေပြီ။ လုပ်ကွက်အသစ်ကိုတော့ လျှောက်ခိုင်းထားတယ်။ ဘယ်နေရာမှာ ဘယ်လို၊ ဘယ်သူ၊ ဘယ်ကုမ္ပဏီ၊ ဘယ်လောပန်က ဘယ်လောက်လုပ်မလဲ ဆိုတဲ့ဥစ္စာကို အသစ်လျှောက်ဖို့ပေါ့နော်” ဟု  ပြောသည်။

မြေရှားတူးဖော်သည့် လုပ်ငန်းရှင်များသည် တရုတ်စီးပွားရေးသမားများဖြစ်ပြီး KIA ကို တင်ပြပြီးနောက် မြေရှားလုပ်ကွက်အနီး ကျေးရွာတာဝန်ရှိသူများနှင့် ဆွေးနွေးညှိနှိုင်း၍ တူးဖော်ရန်စီစဉ်ရလေ့ရှိသည်ဟုလည်း အထက်ပါ ချီ​ဖွေဒေသခံက ပြောသည်။

တရုတ်၏ မြေရှားထုတ်လုပ်မှုအတွက် အဓိကကုန်ကြမ်းအရင်းအမြစ်ဖြစ်သလို ကမ္ဘာ့ဈေးကွက်တွင် အရေးပါသည့် မြန်မာ့မြေရှားကို ကမ္ဘာ့အင်အားကြီးနိုင်ငံများဖြစ်သည့် အမေရိကန်နှင့် အိန္ဒိယတို့က လက်လှမ်းမီရရှိနိုင်ရေး ကြိုးပမ်းမှုများရှိကြောင်း ရိုက်တာသတင်းဌာနက ဇူလိုင်နှင့် စက်တင်ဘာလများတွင် ဖော်ပြခဲ့သည်။

မြန်မာ့မြေရှားကို နိုင်ငံကြီးများက မျက်စိကျလာချိန်တွင် တရုတ်သည် မြန်မာနယ်စပ်ဂိတ်များမှတစ်ဆင့် မြေရှားတူးဖော်ထုတ်လုပ်ရန် လိုအပ်သည့်ကုန်ကြမ်းများကို ရလျှင်ရသလို တင်သွင်းသိုလှောင်ထားကြသည်ဟု ကချင်ပြည်နယ်အတွင်း သယံဇာတတူးဖော် ထုတ်လုပ်မှုများကို လေ့လာစောင့်ကြည့်နေ့သည့် နောက်ထပ် ဒေသခံတစ်ဦးကလည်း ပြောသည်။ ယခုလပိုင်းအတွင်း မိုင်းလုပ်သားများခေါ်ယူခြင်း၊ မြေရှားထုတ်လုပ်ရာတွင် လိုအပ်သော ပစ္စည်းကိရိယာများသယ်ယူရွှေ့ပြောင်းခြင်းတို့ကို တွေ့မြင်ရသည်ဟု သူက ဆိုသည်။

“တရုတ်ပြည်ကလာတဲ့ မြေရှားတူးဖော်ရေး ကုန်ကြမ်းသာမကဘူး။ ရွှေတူးဖော်မှုနဲ့ ပတ်သက်တဲ့ ယန္တရားပေါ့နော်။ ရွှေနဲ့ပတ်သက်တဲ့စက်တွေ ကိရိယာတန်ဆာပလာတွေ ဝင်နေတယ်။ သူ့အချိန်နဲ့သူ အကန့်အသတ်ရှိပေမယ်ပေါ့။ ဟိုဘက်က ဝင်တဲ့ဟာတွေက အကုန်ဝင်တယ်။ အမြဲတမ်းဝင်တယ်” ဟု ၎င်းက ပြောသည်။ 

ထိုဒေသကို KIA တိုက်ခိုက်သိမ်းပိုက်ပြီးနောက် မြေရှားလုပ်ကွက်များ ပိတ်သိမ်းထားလိုက်ရသဖြင့် နိုင်ငံအနှံ့မှလုပ်သားများ နေရပ်ပြန်သွားခဲ့ကြသည်။ ယခုမိုင်းတွင်များ ပြန်စရန်ပြင်ဆင်ချိန်တွင် အလုပ်သမား ခေါင်းဆောင်များက လုပ်သားများပြန်လည်ရှာဖွေနေပြီး ချီဖွေနှင့်မြစ်ကြီးနားလမ်း မန်ဝင်းကျေးရွာရှိ စားသောက်ဆိုင်တစ်ခုတွင် ပန်ဝါသတ္တုကျင်း လုပ်သားခေါ်သည့် ကြော်ငြာများတွေ့ရကြောင်းအထက်ပါ ဒေသခံက ပြောသည်။

“လွန်ခဲ့တဲ့အပတ်ကပဲ ချီဖွေဘက် ပြန်သွားတော့ အလုပ်ခေါ်စာတွေ့လို့ မေးကြည့်တော့ တစ်လလောက် ရှိပြီလို့တော့ ပြောတယ်။ အလုပ်ခေါ်စာတောင် ကပ်တယ်ဆိုတော့ နည်းနည်းတော့ ပြန်စနေပြီထင်တယ်။ ပြန်လုပ်လာတဲ့ အနေအထားရှိတယ်” ဟု ၎င်းက ဆိုသည်။ 

ခရီးသွား အများအပြားတည်းခိုလေ့ရှိသည့် ချီဖွေမြို့ရှိ တည်းခိုခန်းတစ်ခုတွင် တရုတ်နိုင်ငံသားများ အဆက်မပြတ်လာရောက်သည်ကို‌ တွေ့ရပြီး ၎င်းတိုသည့် ရွှေနှင့် မြေရှားသတ္တုတွင်း လုပ်ငန်းများတွင် ဝင်ရောက်လုပ်ကိုင်ကြဖွယ်ရှိသည် ဟုလည်း သူက မှတ်ချက်ပြုသည်။

ပန်ဝါသတ္တုတွင်း လုပ်ငန်းများတွင် လုပ်ကိုင်ရန်ခေါ်ယူထားသည့် အလုပ်ခေါ်ကြော်ငြာ (ဓာတ်ပုံ-ပေးပို့)

မြေရှားသတ္တုသည် တောင်များကို ဒေါင်လိုက်နှင့် အလျားလိုက် အပေါက်များဖောက်၍ သတ္တုရိုင်းများ စစ်ထုတ်နိုင်သည့် နိုက်ထရွစ်အက်ဆစ်နှင့် ဓာတုပစ္စည်းရည်များ လောင်းထည့်ပြီး ပေ ၃၀ ဝန်းကျင် ကျင်းကြီးများထဲတွင် အနည်ထိုင်သန့်စင် ထုတ်လုပ်ကြရကြောင်း သိရသည်။

ထိုမြေရှားသတ္တုလုပ်ငန်းများမှ စွန့်ပစ်ရေများသည် မိုးရေနှင့်အတူ ချောင်းနှင့် မြစ်များအတွင်းစီးဝင်၍ ရေညစ်ညမ်းခြင်း၊ မြေဆီလွှာပျက်စီးခြင်းစသည့် ပတ်ဝန်းကျင်ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်စေကြောင်း သယံဇာတ တူးဖော်ရေးဆိုင်ရာ စောင့်ကြည့်လေ့လာသူများကဆိုသည်။ 

မြေရှားမိုင်းတွင်းအဟောင်းကို စနစ်တကျ မပိတ်သိမ်းခြင်း၊ ထိုလုပ်ငန်းတွင် အသုံးပြုသည့် ဓာတုပစ္စည်းများ စည်းကမ်းမဲ့စွန့်ပစ်ခြင်းကြောင့် ဒေသခံများ မွေးမြူထားသည့် ကျွဲနွားများ ထိခိုက်သေဆုံးခြင်း၊ မြေရှားလုပ်ကွက် များတွင် ဝင်ရောက်လုပ်ကိုင်သူများသည်လည်း လုံလောက်သည့်အကာကွယ်မရှိဘဲ လုပ်ကိုင်ရခြင်းကြောင့် ကျန်းမာရေးထိခိုက်မှုများ ရှိသည်ဟု လေ့လာသူတို့က ဆိုသည်။

KIA က မြေရှားလုပ်ကွက်သစ်များကို ခွင့်ပြုရန်စီစဉ်ရာတွင် သဘာဝပတ်ဝန်းကျင်နှင့် အခွန်ဆိုင်ရာ ကိစ္စရပ်များကို မည်ကဲ့သို့ ဆောင်ရွက်မည်ကို အတိအကျမသိရသေးပေ။ သို့သော် ပန်ဝါဒေသကို KIA ထိန်းချုပ်ပြီးနောက် မြေရှားထုတ်လုပ်မှု၏ ၂၀ ရာခိုင်နှုန်းကို အခွန်ကောက်ယူရန် ညှိနှိုင်းနေသည်ဆိုသော သတင်းများလည်း ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာခဲ့သည်။

မြေရှားမိုင်းတွင်းအဟောင်း စနစ်တကျပိတ်သိမ်းခြင်းမရှိသည့်အပြင် ထိုလုပ်ငန်းတွင်အသုံးပြုသည့် ဓာတုပစ္စည်းများ၊ မြေရှားထည့်သည့်စွန့်ပစ်အိတ်များ စည်းကမ်းမဲ့စွန့်ပစ်နေသည် (ဓာတ်ပုံ ပေးပို့)

မြေရှားလုပ်ကွက်သစ်များ KIA က လုပ်ခွင့်ပြုတော့မည်ဟု ထုတ်ဖော်ပြောဆိုမှုသည် အမေရိကန်နှင့် တရုတ်တို့က ကချင်ဒေသရှိ မြေရှားသတ္ထုကို မျက်စိကျနေကြောင်း သတင်းများထွက်ပေါ်ချိန်နှင့်လည်း တိုက်ဆိုင်နေသည်။ 

မြေရှားသည် နိုင်ငံတိုင်း၏ သည်းခြေကြိုက်ဖြစ်သော်လည်း တရုတ်သည် မြန်မာ့မြေရှားထုတ်လုပ်မှုတွင် အနက်ရှိုင်းဆုံး ပါဝင်ပတ်သက်နေ၍ အမေရိကန်နှင့် အိန္ဒိယတို့၏ မြန်မာ့မြေရှားရရေး မျှော်မှန်းချက်သည် လက်တွေ့ဖြစ်နိုင်ခြေနည်းနိုင်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာ လှကျော်ဇော်က Myanmar Now ကို ပြောသည်။ 

“ပထဝီအနေအထားအရကလည်း တရုတ်က အသာစီးရထားတာဖြစ်တာပေါ့နော်။ အဲဒီတော့ အစကတည်းက လည်း ဆက်သွယ်ရေးတွေက ခိုင်ခိုင်မာမာလုပ်ထားပြီးပြီ။ အခြေခံအဆောက်အဦ တော်တော်ခိုင်ခိုင်မာမာ လုပ်ထားပြီးပြီ။ ဒါကြောင့်မို့ အိန္ဒိယတို့၊ အမေရိကန်တို့လိုချင်လည်း ရဖို့တော့ သိပ်မလွယ်ဘူး” ဟု ၎င်းက ပြောသည်။ 

ကချင်ပြည်နယ်ထွက် မြေရှားသတ္တုသည် လျှပ်စစ်ကား(EV)၊ လေစွမ်းအင်သုံးတာဘိုင်များ၊ စမတ်ဖုန်း၊ ကွန်ပျူတာနှင့် လျှပ်စစ်ပစ္စည်းများ ထုတ်လုပ်ရာတွင် အရေးပါသည်။ 

မြန်မာနိုင်ငံသည် တရုတ်နှင့် အမေရိကန်ပြည်ထောင်စုပြီးပါက ကမ္ဘာပေါ်တွင် တတိယမြောက် မြေရှားထုတ်လုပ်မှု အများဆုံးနိုင်ငံဖြစ်ပြီး ကမ္ဘာ့စျေးကွက်၏ ၁၃ ရာခိုင်နှုန်း ရှိသည်ဟု သိရသည်။

ကမ္ဘာ့မြေရှားစျေးကွက်၏ ၉၀ ရာခိုင်နှုန်းခန့်ကို ထိန်းချုပ်ထားသော တရုတ်နိုင်ငံသည် မြန်မာ့မြေရှားကို အများဆုံးဝယ်ယူသည့် နိုင်ငံဖြစ်သည်ဟု ဗြိတိန်အခြေစိုက် Global Witness က ရေးသားထားသည်။

Related Articles

Back to top button