စစ်ကောင်စီသစ္စာခံ ဇခုန်တိန့်ယိန်းဦးဆောင်သည့် ပြည်သူ့စစ်များကိုတိုက်ထုတ်ပြီး မြေရှားသတ္တု အများအပြားထွက်ရှိရာ ကချင်ပြည်နယ်ထဲရှိ ချီဖွေနှင့်ပန်ဝါဒေသများကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က ထိန်းချုပ်ထားနိုင်သော်လည်း တရုတ်အစိုးရ၏ နယ်စပ်ပိတ်ဆို့မှုများကြောင့် သတ္တုတူးဖော်မှုလုပ်ငန်းအများစု ရပ်ဆိုင်းထားသည်ဟု သိရသည်။
လျှပ်စစ်ကား(EV)၊ လေစွမ်းအင်သုံးတာဘိုင်များ၊ စမတ်ဖုန်း၊ ကွန်ပျူတာနှင့် လျှပ်စစ်ပစ္စည်းများ ထုတ်လုပ်ရာတွင် အရေးပါသည့် မြေရှားသတ္တုသည် တရုတ်နိုင်ငံနှင့် ထိစပ်နေသည့် ချီဖွေ၊ ပန်ဝါဒေသများတွင် အများအပြားထွက်ရှိသည်။
ထိုဒေသတွင် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း တရုတ်လုပ်ငန်းရှင်များနှင့် စစ်ကောင်စီသစ္စာခံ ပြည်သူ့စစ်တို့က အများအပြားတူးဖော်ခဲ့ကြသည်။
ယခုနှစ် မတ်လဆန်းပိုင်းမှစ၍ ကချင်ပြည်နယ်အတွင်းရှိ စစ်ကောင်စီတပ်စခန်းများကို KIAက အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်လျက်ရှိပြီး အောက်တိုဘာလတွင် တရုတ်နိုင်ငံက အများဆုံးဝယ်ယူနေသည့် မြေရှားသတ္တုထွက်ရှိရာ ချီဖွေ၊ ပန်ဝါမြို့များကိုပါ သိမ်းယူနိုင်ခဲ့သည်။
တရုတ်နှင့် နယ်နိမိတ်ချင်း ဆက်နေသော ချီဖွေနှင့် ဆော့လော်မြို့တို့ရှိ စစ်တပ်နှင့် ပြည်သူ့စစ်စခန်းများကို အောက်တိုဘာ ၁ မှ စတင်ပြီး နှစ်ရက်အတွင်း KIAက အပြီးသတ် တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။
ထို့နောက် KIA ဆက်လက်ထိုးစစ်ဆင်သည့် ပန်ဝါမြို့ကို အောက်တိုဘာ ၁၈ ညနေပိုင်းတွင် အပြီးသတ် သိမ်းပိုက်နိုင်ခဲ့သည်။
ချီဖွေ၊ ပန်ဝါဒေသကို ၎င်းတို့ ထိန်းချုပ်ထားကြောင်း၊ မြေရှားသတ္တုလုပ်ငန်းများနှင့်ပတ်သက်၍ သီးခြားအစီစဉ်များမရှိသေးကြောင်း KIAပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူက အောက်တိုဘာ ၂၉တွင် ပြောသည်။
“မြေရှားသတ္တုတွေကတော့ ဆက်ပြီးမှ ဘယ်လိုလုပ်မယ်ဆိုတာက သက်ဆိုင်ရာဌာနရှိပါတယ်၊ သူတို့ကနေ ဆက်ပြီးမှ ဆောင်ရွက်မှာဖြစ်ပါတယ်။ အခုလောလောဆယ်တော့ ဘာမှထုတ်ပြန်တာမရှိသေးပါဘူး”ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
လက်ရှိတွင် ပန်ဝါမြို့အပါဝင် ကချင်နှင့် တရုတ်အကြားရှိ နယ်စပ်ဂိတ်များကို တရုတ်ဘက်က ပိတ်ထားပြီး၊ တရုတ်ဘက်ကပေးဝေနေသည့် လျှပ်စစ်ဓာတ်အားကိုလည်း အောက်တိုဘာ ၁၉ မှစတင်ပြီး ဖြတ်တောက်လိုက်သဖြင့် မြေရှားတူးဖော်ရေးလုပ်ကွက်များမှာ ပိတ်သိမ်းလျက်ရှိသည်ဟု မြို့ခံ တစ်ဦးက ပြောသည်။
“ဆီတို့၊ စားနပ်ရိက္ခာကျန်နေတဲ့ သတ္တုဆိုက်တွေ (လုပ်ကွက်တွေ) လောက်ပဲ ဖွင့်တော့တယ်။ သူတို့လည်း လက်ကျန်ရှိသလောက်ပဲ ဆက်လုပ်မယ်ထင်တယ်။ အလုပ်သမားတွေလည်း ပြန်ကုန်ကြပြီ”ဟု ၎င်းက ပြောသည်။
ယခင်က ချီဖွေ၊ ပန်ဝါဒေသတွင် စစ်တပ်နှင့် ဇခုန်တိန့်ယိန်းဦးဆောင်သည့် ပြည်သူ့စစ်များ၏ လက်အောက်တွင် မြေရှားသတ္တုကို အထိန်းအကွတ်မရှိ တူးဖော်နေခြင်းဖြစ်ပြီး သတ္တုတူးဖော်ရေးလုပ်ငန်းခွင် ၃၀၀ ထက်မနည်းရှိသည်ဟု နိုင်ငံတကာစောင့်ကြည့်လေ့လာရေးအဖွဲ့ Global Witness က မေ ၂၃ တွင် ထုတ်ဖော် ရေးသားထားသည်။
မြန်မာနိုင်ငံသည် တရုတ်နှင့်အမေရိကန်ပြည်ထောင်စုပြီးပါက ကမ္ဘာပေါ်တွင် တတိယမြောက် မြေရှားထုတ်လုပ်မှု အများဆုံးနိုင်ငံဖြစ်ပြီး ကမ္ဘာ့စျေးကွက်၏ ၁၃ % နှုန်းရှိသည်ဟု သိရသည်။
ကမ္ဘာ့မြေရှားစျေးကွက်၏ ၉၀ % နှုန်းခန့်ကို ထိန်းချုပ်ထားသည့် တရုတ်နိုင်ငံသည့် မြန်မာ့မြေရှားသတ္တုကို အများဆုံးဝယ်ယူသည့် နိုင်ငံဖြစ်သည်ဟု Global Witness က ရေးသားထားသည်။
၂၀၂၁ တွင် မြန်မာဘက်မှ တရုတ်သို့ မြေရှားတင်ပို့မှုမှာ တန်ချိန် ၁၉,၅၀၀ ရှိခဲ့ပြီး ၂၀၂၃ တွင်မူ တန်ချိန် လေးသောင်းကျော် ၄၁,၇၀၀ ရှိသည်။ ယင်းပမာဏမှာ တရုတ်ပြည်အတွင်း ထုတ်ယူတူးဖော်မှုခွဲတမ်းပမာဏထက်ပင် နှစ်ဆကျော်လွန်နေသည်ဟု အစီရင်ခံစာတွင် တွေ့ရသည်။
အမေရိကန်အစိုးရ ပြည်ထဲရေးဌာနလက်အောက်မှ United States Geological Survey က ပြုစုထားသည့် စာတမ်းတွင်လည်း ၂၀၂၀ ပြည့်နှစ်အတွင်း မြန်မာမှ တရုတ်သို့ မြေရှားသတ္တုတင်ပို့မှုသည် တရုတ်နိုင်ငံအတွင်း ထုတ်ယူသည့် ပမာဏထက်ပင် များပြားကြောင်း ဖော်ပြထားသည်။
တရုတ်သည် ကချင်တောင်တန်းများပေါ် တူးဖော်ထုတ်လုပ်သည့် မြေရှားသတ္တု ကုန်ကြမ်းကို ၎င်းတို့ စက်ရုံများတွင် သန့်စင်ပြုပြင်သည်။ ထို့နောက် အမြဲတမ်းသံလိုက်များ ထပ်မံထုတ်လုပ်ပြီး နောက် ကမ္ဘာ့စျေးကွက်ကို ပြန်လည် တင်သွင်းနေခြင်းဖြစ်သည်။
သတ္တုရှာဖွေရာတွင် တောင်တန်းများရှိ သစ်ပင်များကို ခုတ်ထွင်ရှင်းလင်းကာ တောင်ကို တွင်းများတူး၍ ထိုတွင်းများအတွင်းသို့ အမိုနီယမ်ဆာလဖိတ် ဓာတုဆေးရည်ထိုးထည့်သည်။ ထို့နောက် မြေကြီးများ အရည်ပျော်သွားသည့်အခါ ထိုအရည်ကို တောင်အောက်ရှိ သိုလှောင်ကန်များသို့ ပိုက်များဖြင့် သွယ်တန်းကာ သတ္တုများကို စစ်ယူရသည်။
ထိုလုပ်ငန်းစဉ်ကြောင့် ဂေဟစနစ်ပျက်စီးခြင်း၊ မြေသားပျက်စီးကာ သစ်ပင် မပေါက်နိုင်တော့ခြင်း၊ ဓာတုဆေးရည် ထည့်သွင်းခြင်းကြောင့် မြေအောက်ရေ အဆိပ်သင့်ခြင်း၊ မြစ်၊ချောင်းများအတွင်း ဓာတုရည် စီးဝင်ကာ ရေနေသတ္တဝါများ သေကျေခြင်းနှင့် လူများအတွက် သောက်သုံးရေအဆိပ်သင့်ခြင်းတို့ကို ဖြစ်ပေါ်စေသည်။
ထိုသို့သဘာဝပတ်ဝန်းကျင် ပျက်စီးစေခြင်းကြောင့် တရုတ်အစိုးရက ထိုနည်းပညာအသုံးပြုမှုကို ထိန်းချုပ်ထားသလို ၎င်း၏ နိုင်ငံအတွင်း ထုတ်လုပ်မှုကန့်သတ်ထားသည်။
ကမ္ဘာ့မြေရှားသတ္တုလုပ်ငန်းကို ထိန်းချုပ်နိုင်ရန် အခြားနိုင်ငံများသို့ တင်ပို့နေမှုကို တရုတ်က တင်းတင်းကြပ်ကြပ်ကိုင်တွယ်လျက်ရှိပြီး စျေးကွက်ကို ထိန်းချုပ်နိုင်ရန် ကြိုးပမ်းနေသည်ဟု New York Times သတင်းစာက အောက်တိုဘာ ၂၈ တွင် ရေးသားထားသည်။
တရုတ်အစိုးရသည် ကွန်ပျူတာ၊ လျှပ်စစ်ပစ္စည်းထုတ်လုပ်သူများအတွက် မြေရှားသတ္တုအပါဝင် အခြားသတ္တုများနှင့်ပတ်သက်၍ အလွယ်တကူဝယ်ယူမရရှိနိုင်စေရန် တင်းကြပ်ထားခြင်းဖြစ်သည်။
ဝယ်ယူသူများအနေဖြင့် မြေရှားသတ္တုဒြပ်စင် ဝယ်ယူမှုအတွက် အသေးစိတ်တင်ပြရမှာဖြစ်ပြီး အနောက်နိုင်ငံများတွင် ပြန်လည်အသုံးပြုမည့်ပုံကို အဆင့်ဆင့်ခြေရာခံနိုင်ရေး တင်ပြန်ရန် အောက်တိုဘာ ၁ တွင် မူဝါဒချမှတ်ထားသည်။
ယခုနှစ် ဇန်နဝါရီမှ သြဂုတ်အထိ ကချင်တောင်တန်းများမှ ထုတ်ယူသည့် မြေရှားသတ္တုကို တရုတ်နိုင်ငံသို့ တန်ချိန် ၂၆,၈၉၂ ခန့် တင်သွင်းထားရာ အမေရိကန်ဒေါ်လာ သန်း ၆၀၀ ကျော်တန်ဖိုးရှိသည်ဟု တရုတ် အကောက်အခွန်ဌာန၏ စာရင်းတွင် ဖော်ပြထားည်။
၂၀၂၃ ခုနှစ် မြေရှားသတ္တုတင်ပို့ရောင်းချမှုတန်ဖိုးမှာ ဒေါ်လာ ၁.၄ ဘီလီယံအထိ ရှိခဲ့သည်ဟု Global Witness ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။