အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

စစ်အုပ်စု နိုင်ငံတကာနှင့် ပိုမိုဆက်ဆံနိုင်ရေး ထိုင်း ထောက်ခံ၊ မြန်မာခရိုနီများ ပံ့ပိုးသည့်စီးပွားရေးဖိုရမ် စစ်ခေါင်းဆောင်တက်ရောက်

ဦးမင်းအောင်လှိုင်၏ ဘန်ကောက်ခရီးစဉ်အတွင်း ထိုင်းအစိုးရက သံတမန်ရေးရာ ထောက်ခံအားပေးမှု ပိုမိုပြသခဲ့သော်လည်း  လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများနှင့် အဖွဲ့အစည်းများက ပြင်းပြင်းထန်ထန် ဝေဖန်ကြသည်။

အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) ယန္တရားများအတွင်း မြန်မာနိုင်ငံ “အပြည့်အဝနှင့် တန်းတူညီမျှ ပါဝင်ခွင့်” အပါအဝင် နိုင်ငံတကာနှင့် ထိတွေ့ဆက်ဆံမှု ပိုမိုတိုးမြှင့်ရေးကို ထပ်လောင်းထောက်ခံကြောင်း မြန်မာစစ်ခေါင်းဆောင် ဦးမင်းအောင်လှိုင် ဘန်ကောက်သို့ ရောက်ရှိနေစဥ် ထိုင်းနိုင်ငံက ထုတ်ဖော်ပြောဆိုလိုက်သည်။ 

ကိုယ့်ကိုယ်ကိုယ် သမ္မတခန့်ထားသည့် အာဏာသိမ်းစစ်ခေါင်းဆောင်သည် ထိုင်းဝန်ကြီးချုပ် အနုတင် ချန်ဝီရကွန်နှင့် ယနေ့နံနက်ပိုင်း တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ပြီး မြန်မာခရိုနီများပိုင် ကုမ္ပဏီအချို့က ပံ့ပိုးသည့် ‘ထိုင်း-မြန်မာ စီးပွားရေးဖိုရမ်’ သို့ နေ့လယ်ပိုင်းတွင် ထိုင်းဝန်ကြီးချုပ်နှင့်အတူ တက်ရောက်ခဲ့သည်။ 

၂၀၂၁ ခုနှစ်တွင် ဗိုလ်ချုပ်မှူးကြီးဘဝဖြင့် ဦးဆောင်အာဏာသိမ်းခဲ့သည့် အရပ်သားအရေခြုံသမ္မတ ဦးမင်းအောင်လှိုင်သည် ၎င်း၏ ရုပ်သေးအစိုးရအဖွဲ့အတွက် နိုင်ငံတကာအသိအမှတ်ပြုမှု ပိုမိုရရှိရန် အစဉ်တစိုက် ကြိုးပမ်းလာခဲ့သည်။ အထူးသဖြင့် ၎င်းဦးဆောင်သောစစ်တပ်က စိတ်တိုင်းကျခြယ်လှယ် ကျင်းပသည့် ရွေးကောက်ပွဲအပြီး အရပ်သားအုပ်ချုပ်ရေး ပြန်လည်တည်ထောင်နိုင်ပြီဟု ကြွေးကြော်နေသည်။ ထိုအခြေအနေတွင် စစ်အစိုးရအား အာဆီယံတွင် အပြည့်အဝပြန်လည်ပါဝင်နိုင်ရေး ဆက်တိုက်နှိုးဆော်နေသည့် ထိုင်းနိုင်ငံက စစ်ခေါင်းဆောင်ကို  တရားဝင်ခရီးစဉ် လာရောက်ရန် ဖိတ်ခေါ်ခဲ့ခြင်းဖြစ်သည်။ 

ယနေ့ နေ့လယ်ပိုင်း ဘန်ကောက်ရှိ ‘မိဖုရားကြီးသီရိခေတ် အမျိုးသားအစည်းအဝေးခန်းမ’ ၌ ကျင်းပခဲ့သည့်  စီးပွားရေးဖိုရမ်ကို ထိုင်းဝန်ကြီးချုပ်နှင့် အာဏာသိမ်း စစ်ခေါင်းဆောင် ဦးမင်းအောင်လှိုင်တို့လည်း တက်ရောက်ခဲ့ပြီး ရင်းနှီးမြှုပ်နှံသူများ၊ ဘဏ္ဍာရေးအဖွဲ့အစည်းများ၊ ကုန်သည်နှင့်စက်မှုအသင်းများလည်း ပါဝင်တက်ရောက်ခဲ့သည်။ ထိုပွဲကို ပံ့ပိုးကူညီသူများတွင် မြန်မာမှ ခရိုနီဦးအောင်ကိုဝင်းပိုင် ကမ္ဘောဇဘဏ်၊ မြန်မာအပြည်ပြည်ဆိုင်ရာ လေကြောင်း (MAI)၊  မြန်မာ့သြဘာ၊  ခရိုနီဦးခင်မောင်အေးပိုင် သမဝါယမဘဏ် (CB Bank) တို့အပြင် ထိုင်းကုမ္ပဏီများဖြစ်သည့် Amata Corporation၊ PTT Exploration and Production (PTTEP)၊ SCG၊ Bangkok Bank နှင့် ThaiBev တို့လည်း ပါဝင်ခဲ့သည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ထိုင်း- မြန်မာ ချစ်ကြည်ရေးအသင်းက အိမ်ရှင်အဖြစ် ကျင်းပသည့် အဆိုပါ ဆွေးနွေးပွဲအပြီးတွင် နှစ်ဖက်လုံးက ကုန်သွယ်ရေး၊ လုံခြုံရေးနှင့် စွမ်းအင် ပူးပေါင်းဆောင်ရွက်မှုများကို တိုးချဲ့ပြီး သယ်ယူပို့ဆောင်ရေးနှင့် နယ်စပ်ချိတ်ဆက်မှုများ အားကောင်းအောင် ဆောင်ရွက်ရန် သဘောတူကြောင်း ပူးတွဲ ကြေညာချက်ထုတ်ပြန်သည်။ 

ထို့အပြင် ထိုင်းနှင့် မြန်မာ နှစ်နိုင်ငံကုန်သွယ်မှုပမာဏကို အမေရိကန်ဒေါ်လာ ၇ ဒသမ ၄ ဘီလီယံမှ ၁၂ ဘီလီယံသို့ တိုးမြှင့်ရန် ရည်မှန်းကြောင်းနှင့် အခြေခံအဆောက်အဦ ကဏ္ဍများ ပူးပေါင်းဆောင်ရွက်မှုများကို တိုးချဲ့သွားမည်ဖြစ်ပြီး မဲဆောက်- မြဝတီ နယ်စပ်ဂိတ်မှတဆင့် ပိုမိုချိတ်ဆက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်သည်။

လုံခြုံရေးအခြေအနေကိုလိုက်၍ နှစ်နိုင်ငံ နယ်စပ်ဂိတ်အသစ်များကို ဖွင့်လှစ်ရေး၊ ထိုင်းနိုင်ငံ တောင်ပိုင်း ရနောင်းဆိပ်ကမ်းနှင့် မြန်မာဆိပ်ကမ်းများအကြား ရေကြောင်းချိတ်ဆက်မှု၊ ထီးခီး- ထားဝယ် စင်္ကြံလမ်း၊ အိန္ဒိယ- မြန်မာ- ထိုင်း သုံးနိုင်ငံ အဝေးပြေးလမ်းနှင့်အထူးစီးပွားရေး ဇုန်များတွင် ပူးတွဲလုပ်ကိုင်ရေးတို့လည်း ပါဝင်သည်။

ထိုင်းနှင့် မြန်မာစစ်အုပ်စုက ယခုခရီးစဉ်ကို စီးပွားရေးပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းစေရန်နှင့် ရင်းနှီးမြှုပ်နှံမှုများ ဆွဲဆောင်ရန် ရည်ရွယ်ကြောင်းဆိုသော်လည်း လူ့အခွင့်အရေးအဖွဲ့များနှင့် တက်ကြွလှုပ်ရှားသူများကမူ ယခုခရီးစဉ်သည် စစ်အစိုးရ၏ နိုင်ငံတကာအသိအမှတ်ပြုမှု ရရှိရေး ကြိုးပမ်းမှုကို ပိုမိုအထောက်အကူဖြစ်စေသည်ဟု ဝေဖန်ခဲ့ကြသည်။

မြန်မာစီးပွားရေးလုပ်ငန်းများနှင့် စစ်အစိုးရကြား ဆက်နွှယ်မှုများကို အဆက်မပြတ် စုံစမ်းဖော်ထုတ်လာနေခဲ့သည့် Justice For Myanmar အဖွဲ့ကမူ ထိုင်းအစိုးရသည် “တရားမဝင် စစ်အာဏာရှင်အဖွဲ့ကို တရားဝင်မှုရရှိစေရန် ကူညီပေးနေပြီး ပြည်သူများအပေါ် မြန်မာစစ်အုပ်စု ပိုမိုအကြမ်းဖက်နိုင်အောင်  စီးပွားရေးသဘောတူညီချက်အသစ်များမှတဆင့် ငွေရလမ်းရှာဖွေ ပံ့ပိုးပေးနေသည်” ဟု ဝေဖန်သည်။ 

စစ်အုပ်စုသည် ၎င်းတို့ ငါးနှစ်ကျော်ကြာအောင် မည်သူနှင့်မျှတွေ့ဆုံခွင့်မပေးဘဲ အထူးလျှို့ဝှက်ထားသည့် နေရာတွင် မတရားအကျဉ်းချထားသော ဒေါ်အောင်ဆန်းစုကြည်ကို ဦးမင်းအောင်လှိုင်၏ ထိုင်းခရီးစဥ်မစမီရက်ပိုင်းအလိုတွင် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ ကော်မတီ၏  တာဝန်ရှိသူတစ်ဦးနှင့် တွေ့ဆုံခွင့်ပြုခဲ့သည်။ အသက် ၈၁ နှစ်အရွယ် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်သည် နေပြည်တော်ရှိ နေရာတစ်ခုတွင် လုံခြုံရေးတင်းကျပ်စွာဖြင့် ဆက်လက်ထိန်းသိမ်းခံထားရဆဲဖြစ်သည်။ မြန်မာစစ်တပ်က နိုင်ငံတကာနှင့် ထိတွေ့ရန်ကြိုးစားချိန် နိုင်ငံတကာခေါင်းဆောင်များက ဒေါ်အောင်ဆန်းစုကြည်ကိုလွှတ်ပေးရေး၊ အာဆီယံကိုယ်စားလှယ်အဖွဲ့က ၎င်းကို တွေ့ဆုံခွင့်ရရေး ဆက်တိုက်ဖိအားပေးလာခဲ့သည်။ 

၂၀၂၆ ခုနှစ် ဩဂုတ်လ ၆ ရက်က ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ အစိုးရအိမ်တော်အနီး ကုလသမဂ္ဂရုံးရှေ့တွင် မြန်မာစစ်ခေါင်းဆောင် ဦးမင်းအောင်လှိုင်၏ ထိုင်းနိုင်ငံ တရားဝင်ခရီးစဉ်ကို ကန့်ကွက်သည့် ဆန္ဒပြပွဲ ပြုလုပ်ခဲ့စဉ်။ (ဓာတ်ပုံ – Rungroj Yongrit / EPA)

ဦးမင်းအောင်လှိုင်၏ ခရီးစဉ်အတွင်း ထိုင်းအာဏာပိုင်များသည် လုံခြုံရေးကို တင်းတင်းကျပ်ကျပ် ချထားခဲ့သော်လည်း မြန်မာနှင့် ထိုင်း လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများက ဘန်ကောက်ရှိ ကုလသမဂ္ဂရုံးအပြင်ဘက်၌ ယနေ့ (ဩဂုတ်လ ၆ ရက်) မွန်းလွဲပိုင်းတွင် ဆန္ဒပြခဲ့ကြသည်။

ဆန္ဒပြသူများက “မအလ မင်းလို ရာဇဝတ်ကောင်ကို ငါတို့ မကြိုဆိုပါ”၊ “စစ်အာဏာရှင်စနစ် ကျဆုံးပါစေ” နှင့် “မြန်မာနိုင်ငံအတွက် ဖက်ဒရယ်ဒီမိုကရေစီ” စသည့် ကြွေးကြော်သံများကို တစ်နာရီနီးပါးကြာ ဟစ်ကြွေးဆန္ဒပြခဲ့ကြသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button