အာဆီယံ၏ တူညီဆန္ဒ (၅) ရပ် ကို စစ်ကောင်စီက တရားဝင်ပယ်ချပြီး အာဆီယံ၏ ဆုံးဖြတ်ချက်များသည် အဖွဲ့ဝင်နိုင်ငံအားလုံး၏ သဘောတူညီချက်ဖြင့် ထုတ်ပြန်ခဲ့ခြင်းမဟုတ်ကြောင်း စွပ်စွဲလာသဖြင့် အာဆီယံနှင့် စစ်ကောင်စီအကြား တင်းမာမှု ပိုမိုမြင့်တက်လာသည်။ ထို့အပြင် စစ်ကောင်စီကိုယ်စားလှယ်အား ဘန်ကောက်တွင် ကျင်းပသည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၏ အလွတ်သဘောအစည်းအဝေးသို့ ဖိတ်ကြားခဲ့ခြင်းကလည်း အာဆီယံ၏ မြန်မာ့အရေး ရပ်တည်ချက် ပြောင်းလဲလာသလားဆိုသည့် မေးခွန်းများနှင့် ဝေဖန်မှုများကို ဖြစ်ပေါ်စေခဲ့သည်။
ဆောင်းပါးတွင် စစ်ကောင်စီ၏ စွပ်စွဲချက်များသည် ၂၀၂၁ ခုနှစ်က အာဆီယံနှင့် စစ်ကောင်စီကိုယ်တိုင် ထုတ်ပြန်ခဲ့သည့် ကြေညာချက်များနှင့် ကွဲလွဲနေကြောင်း သက်သေအထောက်အထားများဖြင့် တင်ပြထားသည်။ အထူးသဖြင့် Five-Point Consensus ကို ယခင်က စစ်ကောင်စီကိုယ်တိုင် “တူညီဆန္ဒ (၅) ရပ်” အဖြစ် အသိအမှတ်ပြုခဲ့သော်လည်း ယခုအခါ “အာဆီယံထုတ်ပြန်ချက် (၅) ရပ်” ဟု အဓိပ္ပာယ်ပြောင်းလဲသုံးစွဲကာ အာဆီယံကို ပြန်လည်စွပ်စွဲတိုက်ခိုက်နေကြောင်း ထောက်ပြထားသည်။
ထို့ကြောင့် အာဆီယံအနေဖြင့် မင်းအောင်လှိုင်၏ စွပ်စွဲချက်များကို ရှင်းလင်းတုံ့ပြန်ပြီး၊ အာဆီယံပဋိညာဉ်စာတမ်းနှင့်အညီ မြန်မာ့အရေးအပေါ် ပိုမိုပြတ်သားသည့် ရပ်တည်ချက်ကို ချမှတ်သင့်ကြောင်း ဆောင်းပါးရှင် ‘သုတဇော်’ က သုံးသပ်ထားသည်။



