သတင်း

နိုင်ကျဉ်းအားလုံးကို လွှတ်ပေးရန် အမေရိကန်နှင့် စင်ကာပူ တောင်းဆို

နိုင်ငံအတွင်း အကြမ်းဖက်မှုများရပ်တန့်ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်တို့အပါအဝင် နိုင်ငံရေးအကျဉ်းသားများအားလုံး လွှတ်ပေးရန် စစ်ကောင်စီကို အမေရိကန်နှင့် စင်ကာပူတို့က ပူးတွဲတောင်းဆိုလိုက်သည်။

ဝါရှင်တန်သို့ ရောက်ရှိနေသည့် စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်းနှင့် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်တို့ တွေ့ဆုံစဉ် မြန်မာ့အရေးလည်း ထည့်သွင်းဆွေးနွေးပြီးနောက် မတ်လ ၂၉ ရက် ရက်စွဲဖြင့် ထုတ်ပြန်သည့် နှစ်နိုင်ငံပူးတွဲထုတ်ပြန်ချက်တွင် ထိုသို့ ထည့်သွင်းတောင်းဆိုထားခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင်းအခြေအနေများကြောင့် ဒေသတွင်းတည်ငြိမ်မှုအတွက် အထူးစိုးရိမ်ရပြီး လူသားချင်းစာနာထောက်ထားမှုအကူအညီများ ခွင့်ပြုပေးရန်နှင့် ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်တက်ရန်လည်း အဆိုပါ နှစ်နိုင်ငံက တိုက်တွန်းထားသည်။

သို့သော် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှု၊ ကျေးရွာများ မီးရှို့ဖျက်ဆီးမှုများကြောင့် အတိဒုက္ခရောက်ကြရသည့် ပြည်သူများထံသို့ အာဆီယံနိုင်ငံများ၊ တရုတ်၊ အိန္ဒိယကဲ့သို့ အိမ်နီးချင်းနိုင်ငံများမှ အကူအညီများရောက်ရှိရန် စစ်ကောင်စီက လမ်းဖွင့်ပေးမထားကြောင်း လေ့လာသူတို့က ထောက်ပြကြသည်။

အာဆီယံဒေသတွင်းနိုင်ငံတစ်နိုင်ငံ၏ ဝန်ကြီးချုပ်နှင့် အမေရိကန်သမ္မတတို့ မြန်မာ့အရေး မျက်နှာချင်းဆိုင် ထည့်သွင်းဆွေးနွေးမှုသည် ပထမဆုံးအကြိမ်ဖြစ်သော်လည်း အာဆီယံနှင့် ကမ္ဘာ့နိုင်ငံများ၏ မြန်မာ့အရေးတုံ့ပြန်မှုမှာ မလုံလောက်ဟု ဝေဖန်မှုများလည်း ရှိနေသည်။

ချက်သမ္မတနိုင်ငံ Prague Civil Society Centre ၏ အကြီးတန်းအကြံပေး Igor Blazevic က အာဆီယံနိုင်ငံများအပါအဝင် ဒေသတွင်းနိုင်ငံများသည် “မြန်မာ့အရေး ထည့်သွင်းဆွေးနွေးသည်” ဟူသည့် အချက်ဖြင့်သာ တင်းတိမ်နေသည်ဟု ပြောသည်။

“အိမ်နီးချင်းနိုင်ငံတွေ၊ ဒေသတွင်းနဲ့ နိုင်ငံတကာက မြန်မာ့အရေးမှာ ဝင်မပါချင်ကြပါဘူး။ ရှုပ်ထွေးတယ်လို့ မြင်ကြပါတယ်။ ဒါကြောင့် အရင်လို လုပ်နေကျအတိုင်းပဲ မြန်မာ့အရေး ထည့်သွင်းဆွေးနွေးတယ်ဆိုတာလောက်ပဲ ဆက်လုပ်ချင်ကြတာပါ” ဟု Igor Blazevic က မှတ်ချက်ပြုသည်။

အာဆီယံဘုံသဘောတူညီချက် ၅ ချက်ကို အကောင်အထည်ဖော်ပေးရန်လည်း လီရှန်လွန်းနှင့် ဂျိုးဘိုင်ဒန်တို့က စစ်ကောင်စီကို ထပ်မံတိုက်တွန်းထားသည်။

အာဆီယံဘုံသဘောတူညီချက်တွင် အကြမ်းဖက်မှုများရပ်ရန်၊ ဖမ်းဆီးထားသူများအားလုံး လွှတ်ပေးရန်တို့ ပါဝင်သည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်ကလည်း ၂၀၂၁ ဇူလိုင်လကတည်းကပင် အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည်ဖော်ပေးရန် တောင်းဆိုခဲ့သေးသည်။

သို့သော် စစ်ကောင်စီသည် အာဏာသိမ်းပြီးစဉ်ကတည်းက လူပေါင်း ၁၇၀၀ ကျော်ကို သတ်ဖြတ်ခဲ့ပြီး ပြည်သူတို့၏ အိမ်ပေါင်း ၈၀၀၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ပြီးဖြစ်သည်။

အာဆီယံဥက္ကဋ္ဌ ကမ္ဘောဒီးယားနိုင်ငံကလည်း နိုင်ငံခြားရေးဝန်ကြီး ပရက်ဆော့ခွန်ကို အာဆီယံအထူးကိုယ်စားလှယ်အဖြစ် ခန့်ကာ မတ်လ ၂၁ ရက်က အာဏာသိမ်းစစ်ခေါင်းဆောင်နှင့် တွေ့ဆုံခဲ့သည်။ 

အာဆီယံဘုံသဘောတူညီချက် ၅ ရပ်တွင် သက်ဆိုင်သူအားလုံးနှင့် အာဆီယံအထူးကိုယ်စားလှယ် တွေ့ဆုံရန်ဟူသည့် အချက်လည်း ပါဝင်သည်။

သို့သော် ပရက်ဆော့ခွန်၏ ခရီးစဉ်တွင် အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်နှင့် သူ၏ အစိုးရအဖွဲ့ဝင် ဝန်ကြီးအချို့ကိုသာ တွေ့ဆုံနိုင်ခဲ့ခြင်းကြောင့် မအောင်မြင်သည့် ခရီးဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က ဝေဖန်ထားသည်၊

“ဘက်ပေါင်းစုံကလူတွေနဲ့ တွေ့ဖို့ သူကြိုးစားရမဲ့နေရာမှာ စစ်ကောင်စီက ခွင့်ပြုတဲ့လူလောက်နဲ့ပဲ တွေ့ပြီးတော့ ပြန်သွားတယ်ဆိုတော့ တကယ်ထိရောက်တဲ့ ဖြေရှင်းနည်းလမ်းမဟုတ်ဘူးဆိုတာ ပြတ်ပြတ်သားသား သုံးသပ်လို့ရတယ်” ဟု NLD ဗဟိုအလုပ်အမှုဆောင် ဦးအောင်ကြည်ညွန့်က Myanmar Now နှင့် အင်တာဗျူးတစ်ခုတွင် ပြောဆိုထားသည်။

အာဆီယံဘုံသဘောတူညီချက် ၅ ချက်ကို ပြီးခဲ့သည့်နှစ် ဧပြီလ ၂၄ ရက်က အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တွင် ပြုလုပ်သည့် မြန်မာ့အရေးအရေးပေါ်အစည်းအဝေးတွင် ချမှတ်ခဲ့ခြင်းဖြစ်သည်။

သို့သော် ဘုံသဘောတူညီချက် ၅ ရပ်ပါ အချက်များကို စစ်ကောင်စီက ၁ နှစ်နီးပါး ကြာသည်အထိ လိုက်လျောပေးသည့် အခင်းအကျင်းနှင့် လုပ်ဆောင်ချက်များ မတွေ့ရသေးပေ။

ထိုအချက်နှင့် ပတ်သက်၍ မြန်မာ့အရေးဖြေရှင်းရန် စစ်ကောင်စီ လမ်းပိတ်ထားကြောင်း ပရက်ဆော့ခွန်က ယခုနှစ်ဆန်းပိုင်းက ဖနွမ်းပင်တွင် ကျင်းပသည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးတွင် ညည်းတွားခဲ့သည်။

ယခု အာဆီယံနိုင်ငံတစ်နိုင်ငံ၏ အဆင့်မြင့်ဆုံးဝန်ကြီးချုပ်နှင့် အမေရိကန်သမ္မတတို့ တွေ့ဆုံမှုတွင် မြန်မာ့စီးပွားရေးတိုးတက်မှုမရှိဘဲ နောက်ပြန်ဆုတ်သွားမည့် အခြေအနေနှင့် တရားမဝင်ငွေကြေးအန္တရာယ်တိုးလာမှုကိုလည်း စိုးရိမ်ကြောင်း နှစ်နိုင်ငံပူးတွဲထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ဤအတောအတွင်း အာဆီယံတူညီဆန္ဒ ၅ချက်ကို လက်ရှိ ဥက္ကဋ္ဌ ကမ္ဘောဒီးယားက လိုရာဆွဲ အဓိပ္ပာယ်ဖွင့်နေသလို စစ်ကောင်စီကလည်း အာဆီယံကို အသုံးချရန် ကြိုးစားနေသည်။

လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button