သတင်း

အာဆီယံကိုယ်စားလှယ်၏ မြန်မာခရီးစဉ် မအောင်မြင်ဟု NLD ဝေဖန်

ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး ပရက်ဆော့ခွန် အာဆီယံအထူးကိုယ်စားလှယ်အဖြစ် မြန်မာနိုင်ငံသို့ ၃ ရက်ကြာ လာရောက်ခဲ့သော်လည်း အလုပ်မဖြစ်သည့် ခရီးစဉ်ဖြစ်သည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးအောင်ကြည်ညွန့်က ဝေဖန်လိုက်သည်။ 

မြန်မာနိုင်ငံသို့ ရောက်ခဲ့သည်ဟူသော သဘောထက် မပိုဟု သူက ဆိုသည်။

“အောင်မြင်တဲ့ခရီးစဉ် မဟုတ်ဘူး၊ စတိလောက်ပဲ၊ လာတယ်ဆိုတဲ့ အနေအထားလောက်ပဲ မြင်တယ်” ဟု ဦးအောင်ကြည်ညွန့်က ပြောသည်။

အထူးကိုယ်စားလှယ်၏ ခရီးစဉ်အတွင်း အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် သူ၏ အစိုးရအဖွဲ့ဝင် ဝန်ကြီးအချို့နှင့် တွေ့ပြီး အခြားအဖွဲ့အစည်းများနှင့် ပတ်သက်၍မူ ဦးကိုကိုကြီးဦးဆောင်သည့် ပြည်သူ့ပါတီနှင့်သာ တွေ့နိုင်ခဲ့သည်။

၂၀၂၁ ဧပြီ ၂၄ အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တွင် ပြုလုပ်သည့် မြန်မာ့အရေးအရေးပေါ်အစည်းအဝေးက ဘုံသဘောတူညီချက် ၅ ချက် ချမှတ်ခဲ့ရာ ထိုအချက်များတွင် မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်က သက်ဆိုင်သူအားလုံးနှင့် တွေ့ဆုံရန်ဟူသည့် အချက်လည်း ပါဝင်သည်။

သို့သော်လည်း နောက်ဆုံးအချက်ဖြစ်သည့် “သက်ဆိုင်သူအားလုံးနှင့် တွေ့ဆုံရန်” ဟူသည့်အချက်ကိုလည်း မစ္စတာ ပရက်ဆော့ခွန်၏ ခရီးစဉ်က အကောင်အထည်မဖော်နိုင်ခဲ့ဟု ဦးအောင်ကြည်ညွန့်က ဆိုသည်။

“ဘက်ပေါင်းစုံကလူတွေနဲ့ တွေ့ဖို့ သူကြိုးစားရမဲ့နေရာမှာ စစ်ကောင်စီက ခွင့်ပြုတဲ့လူလောက်နဲ့ပဲ တွေ့ပြီးတော့ ပြန်သွားတယ်ဆိုတော့ တကယ်ထိရောက်တဲ့ ဖြေရှင်းနည်းလမ်းမဟုတ်ဘူးဆိုတာ ပြတ်ပြတ်သားသား သုံးသပ်လို့ရတယ်” ဟု ဦးအောင်ကြည်ညွန့်က ပြောသည်။

စစ်တပ်က ဖမ်းဆီးထားသည့် NLD ထိပ်တန်းခေါင်းဆောင်များ မည်သူနှင့်မျှ တွေ့ခွင့်မရသေးပေ။

အာဏာသိမ်းစစ်ခေါင်းဆောင်က မစ္စတာ ပရက်ဆော့ခွန်နှင့် တွေ့ရာတွင် ၂၀၂၀ ရွေးကောက်ပွဲအတွင်း မဲမသမာမှုများကြောင့် ၂၀၀၈ ဖွဲ့အစည်းပုံအခြေခံဥပဒေအရ နိုင်ငံ့တာဝန်ကို ထမ်းခဲ့ရသည်ဟု ပြောကြောင်း စစ်ကောင်စီ၏ ဝါဒဖြန့်သတင်းစာများတွင် ဖော်ပြသည်။

အလားတူ နိုင်ငံအတွင်း အကြမ်းဖက်မှုများနှင့် ပတ်သက်၍ အလေးပေးပြောခဲ့သည်ဟု ဆိုသည်။

စစ်ကောင်စီတပ်သားများ၏ လက်ချက်ကြောင့် သေဆုံးသွားရသူ အရပ်သား ၁,၇၀၀ ထက်မနည်း ရှိကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းက ယနေ့ ထုတ်ပြန်ထားသည်။

အာဏာသိမ်းဗိုလ်ချုပ်ကြီးများကမူ ထိုကိန်းဂဏန်း မှားနေသည်ဟု တုံ့ပြန်ခဲ့ဖူးသည်။ ရွာလုံးကျွတ်မီးရှို့သည်ဟူသော ဖြစ်ရပ်များနှင့် ပတ်သက်ပြီးလည်း ငြင်းချက်ထုတ်ထားသည်။

စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ချင်းပြည်နယ်၊ ကယားပြည်နယ်၊ မန္တလေးတိုင်း စသည့်ဒေသများတွင် လူနေအိမ် ၇,၀၀၀ ကျော် မီးရှို့ဖျက်ဆီးခံထားရကြောင်း Data For Myanmar က ကောက်ယူထားသည့် အချက်အလက်များတွင် တွေ့ရသည်။

အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်များ မီးရှို့ဖျက်ဆီးခဲ့သည့် လူနေအိမ်ပေါင်း ၇၂၅၀ ခန့်ရှိပြီး မီးရှို့ခံရသည့် လအလိုက်အခြေပြဇယား (Data- Data for Myanmar, Graphic-Myanmar Now)

ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီ၏ ဥက္ကဋ္ဌဖြစ်သူ ဦးအောင်ကြည်ညွန့်က ထိုအခြေအနေများကို ထောက်ပြလျက် အာဆီယံဘုံသဘောတူညီချက် ၅ ချက်တွင် ပထမဆုံးအချက်တစ်ချက်ဖြစ်သော “အကြမ်းဖက်မှုများ ချက်ချင်းရပ်တန့်ရန်” ဟူသည့် အရေးကြီးဆုံးအချက်ကိုလည်း အာဆီယံအထူးကိုယ်စားလှယ်က ဖြေရှင်းနိုင်မည်မဟုတ်ကြောင်းလည်း ဝေဖန်သည်။

“စီမံကိန်းတစ်ခုအနေနဲ့ကို ရည်ရွက်ချက်ရှိရှိနဲ့ မီးရှို့ဖျက်ဆီးနေတာ ဆက်တိုက်လုပ်နေတဲ့အခါမှာ အာဆီယံဘုံသဘောတူညီချက် ပထမဆုံးအချက်ကိုတောင်မှ လုံးဝလက်မခံတဲ့ အနေအထားမျိုးမှာ ရှိနေတယ်” ဟု သူက ဆိုသည်။

“အဲဒီအပေါ်မှာ မူတည်ပြီးတော့ ထိရောက်တဲ့ အရေးယူမှုပုံစံ မပါဘဲနဲ့တော့ ဘယ်လိုမှ အကောင်အထည်ပေါ်လာမှာ မဟုတ်ဘူး” 

အာဆီယံဘုံသဘောတူညီချက် ၅ ချက်တွင် “လူသားချင်းစာနာထောက်ထားမှု အကူအညီများပေးရန်” ဟူသည့် အချက်လည်း ပါဝင်သည်။ သို့သော် စစ်ကောင်စီဝန်ကြီးများနှင့် အာဆီယံကိုယ်စားလှယ်တို့ တွေ့ဆုံရာတွင် အဆိုပါ အချက်ကို ထည့်သွင်းဆွေးနွေးနေသည်ဟုသာ စစ်ကောင်စီဝါဒဖြန့်သတင်းစာများက ယေဘုယျဖော်ပြသည်။

“(စစ်ကောင်စီ) လုပ်ချင်တိုင်းလုပ်နေတာကို လုပ်ခွင့်ပြုပြီးတော့ နောက်ကနေလိုက်ပြီးတော့ လူသားချင်းစာနာပါမယ်ဆိုတဲ့ အကူအညီမျိုးကလည်း လက်တွေ့မကျဘူး၊ ဒါကြောင့်မလို့ ထိရောက်ထိုက်တန်တဲ့ အကူအညီမျိုးကိုတော့ နိုင်ငံတကာက လုပ်ပေးဖို့လိုတယ်” ဟုလည်း ဦးအောင်ကြည်ညွန့်က ဆိုသည်။

အထူးကိုယ်စားလှယ်နှင့် တွေ့ဆုံခဲ့သူ ဦးကိုကိုကြီးကမူ ယခုခရီးစဉ်သည် ပထမခြေလှမ်းဖြစ်ပြီး ရှေ့ဆက်ရန် လမ်းပွင့်သွားခြင်းဟု ယူဆသည်။

“လူသားချင်းစာနာမှု အကူအညီတွေပေးနိုင်ဖို့ ကိစ္စမှာ ဒီခရီးစဉ်နဲ့ တစ်ပါတည်းမှာ အတိုင်းအတာတစ်ခုအထိတော့ ပါလာလိမ့်မယ်၊ အောင်မြင်လာလိမ့်မယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်၊ အဲဒါပြီးရင်တော့ အကြမ်းဖက်မှုတွေကို ရပ်တန့်နိုင်ဖို့အတွက် နိုင်ငံရေးမျှော်လင့်ချက်ကောင်းကောင်းရရှိဖို့ တွေ့ဆုံဆွေးနွေးဖို့လုပ်နိုင်ရင် ရှေ့မှာ လမ်းကြောင်းပွင့်လာလိမ့်မယ်လို့ မျှော်လင့်ပါတယ်” ဟု ဦးကိုကိုကြီးက ပြောသည်။

“အားလုံးနဲ့ တွေ့ခွင့်ရဖို့ ဆိုတာကတော့ မပြည့်စုံသေးဘူး၊ သို့သော် ကျယ်ကျယ်ပြန့်ပြန့်တွေ့နိုင်ဖို့ကိုလည်း တိုက်တွန်းခဲ့ပါတယ်၊ ဒီခရီးစဉ်ကနေပြီးတော့ ပိုပြီးအားကောင်းတဲ့ ထိတွေ့မှုတွေ ဆွေးနွေးမှုတွေ ဖြစ်လာဖို့အတွက်ကို အားလုံးဝိုင်းပြီး ကြိုးပမ်းဖို့လိုတယ်လို့ မြင်ပါတယ်”  

အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်များ မီးရှို့ဖျက်ဆီးခဲ့သည့် လူနေအိမ်ပေါင်း ၇၂၅၀ ခန့်ရှိပြီး မီးရှို့ခံရသည့် ဒေသများပြဇယား (Data- Data for Myanmar, Graphic-Myanmar Now) 

အမျိုးသားညီညွတ်ရေးအစိုးရ NUG ၏ အာဆီယံရေးရာသံအမတ် ဦးဘိုလှတင့်ကမူ စစ်ကောင်စီကို အလျှော့ပေးဆက်ဆံခြင်းသည် မြန်မာ့အရေးအတွက် တိကျသည့် အဖြေရမည်မဟုတ်ဟု Myanmar Now နှင့် အင်တာဗျူးတစ်ခုတွင် ပြောဆိုထားသည်။

“စစ်ကောင်စီကိုမှ ဦးစားပေးပြီးတော့ စစ်ကောင်စီရဲ့ ပူးပေါင်းဆောင်ရွက်မှုကို ရရှိဖို့ အလျှော့ပေးဆက်ဆံခြင်းအားဖြင့်တော့ မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ နိုင်ငံရေးအဖြေတွေ ထွက်လာမှာမဟုတ်ဘူးဆိုတာ အရင်တုန်းကလည်း ကျွန်တော်တို့ ပြောပါတယ်၊ အခုလည်းပဲ ဒီအတိုင်း ရပ်တည်နေပါတယ်” ဟု ဦးဘိုလှတင့်က ဆိုသည်။

အထူးကိုယ်စားလှယ်၏ ၃ ရက်ကြာခရီးစဉ်သည် မတ်လ ၂၃ ရက်တွင် အဆုံးသတ်သွားပြီဖြစ်သည်။ သူနှင့်အတူ သိပ္ပံနည်းပညာနှင့် တီထွင်ဆန်းသစ်မှုဝန်ကြီး Kitti Setta Pandita Cham Prasidh နှင့် အာဆီယံအတွင်းရေးမှူးချုပ် Dato Lim Jock Hoi တို့လည်း လိုက်ပါလာကြသည်။

ဒီမိုကရေစီအရေးလှုပ်ရှားမှုကို နှိပ်ကွပ်ခဲ့သည့် ယခင်အာဏာသိမ်းစစ်အစိုးရကလည်း အာဆီယံကို အသုံးချကာ အချိန်ဆွဲပြီး စစ်တပ်အာဏာကြီးသည့် အစိုးရ ပေါ်ပေါက်လာစေရန် ကြိုးပမ်းခဲ့သည်။ 

ယခု စစ်ကောင်စီ စိတ်ပြောင်းစေရန် အာဆီယံ၏ ကြိုးပမ်းချက်ကို အာဏာသိမ်းမှု ဆန့်ကျင်သူတို့က မျှော်လင့်၊ အားကိုးခြင်း မရှိကြပေ။

သမ္မတ ဦးဝင်းမြင့်၊ ဒေါ်အောင်ဆန်းစုကြည်တို့နှင့် တွေ့ခွင့်မပြုခြင်းကြောင့် မြန်မာ့အရေးဖြေရှင်းရန် လမ်းပိတ်နေကြောင်း သူက ဖေဖော်ဝါရီ ၁၇ တွင် ပြောဆိုခဲ့ပြီး ဖြစ်သည်။ 

သူ၏ ခရီးစဉ်မှာ စစ်ကောင်စီကို တရားဝင်အသိအမှတ်ပြုရာရောက်သည်ဟူသော ဝေဖန်ချက်များကို နားလည်ကြောင်း၊ သို့သော်လည်း ငြိမ်းချမ်းရေးအတွက် ဤခရီးစဉ်က အကျိုးရှိသည့် ခြေလှမ်းဖြစ်ကြောင်း ဒုဝန်ကြီးချုပ်လည်းဖြစ်သော အထူးကိုယ်စားလှယ်က သူ့နိုင်ငံသို့ ပြန်ရောက်စဉ် သတင်းသမားများကို ပြောဆိုခဲ့သည်ဟု Reuters သတင်းတစ်ပုဒ်တွင် ရေးထားသည်။ 

အကျဉ်းသားများ လွှတ်ပေးရန်လည်း စစ်ကောင်စီကို တိုက်တွန်းခဲ့သည်ဟု ဆိုသည်။

မြန်မာ့အရေးသည် ရှုပ်ထွေးနေပြီး ဖြေရှင်းရန် အချိန်ယူရမည်ဟုလည်း သူက ပြောသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button