အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ကုလအထူးသံတမန်ကို ‘ကောင်းကျိုးမပေးတဲ့ သံတမန်’ ဟု မြန်မာစစ်တပ်ခေါင်းဆောင်သစ်၏ အင်တာနက်စာမျက်နှာတွင်ရေးသား

မစ္စဂျူလီဘိရှော့ကို ‘လူမှုရေးဆိုင်ရာ အားနည်းချက် ရှိနေတဲ့လူ’ ၊ ‘ကိုယ်တိုင်က အနိုင်ကျင့်တတ်တဲ့ စရိုက်ရှိသူ’ စသည့်နာမဝိသေသနများဖြင့်လည်း စစ်ဗိုလ်ချုပ်တို့က ရည်ညွှန်းတိုက်ခိုက်ခဲ့သည်။

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန် မစ္စဂျူလီဘိရှော့ (Ms. Julie Bishop) ကို ‘မြန်မာနိုင်ငံအတွက် ကောင်းကျိုးမပေးတဲ့ သံတမန်’ ဟု ကင်ပွန်းတပ်ထားသည့် ဝါဒဖြန့်ဝေဖန်ချက်ကို  ယမန်နေ့က မြန်မာစစ်တပ်ခေါင်းဆောင်သစ် ၏  ‘တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး (cincds.gov.mm) ’ အင်တာနက်စာမျက်နှာတွင် ဖော်ပြခဲ့သည်။

An Open Letter to the United Nations Secretary-General (1) ဟု အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားသည့် ယင်းဆောင်းပါးတွင် မစ္စဂျူလီဘိရှော့ကို ‘လူမှုရေးဆိုင်ရာ အားနည်းချက် ရှိနေတဲ့လူ’ ၊ ‘ကိုယ်တိုင်က အနိုင်ကျင့်တတ်တဲ့ စရိုက်ရှိသူ’ စသည့်နာမဝိသေသနများဖြင့် ရည်ညွှန်းခဲ့သည်။

စစ်ထောက်လှမ်းရေးတပ်(စရဖ) ခေါင်းဆောင်ဟောင်း ဗိုလ်ချုပ်ကြီး ရဲဝင်းဦးသည် မြန်မာစစ်တပ်ခေါင်းဆောင် ရာထူးကို အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံမှ ပြီးခဲ့သည့် မတ်လကုန်ပိုင်းတွင် လက်လွှဲယူခဲ့သူဖြစ် သည်။

ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၏ အင်တာနက်စာမျက်နှာနည်းတူ တစ်ရက်တည်းဖြန့်ချိသည့် စစ်တပ်ထိန်းချုပ် မြဝတီနှင့်ရတနာပုံ သတင်းစာတို့တွင်လည်း မြန်မာ-အင်္ဂလိပ် နှစ်ဘာသာဖြင့် ယင်း‌ ဝါဒဖြန့် ဝေဖန်ထိုးနှက်ချက်ကိုပုံနှိပ်ဖော်ပြခဲ့သည်။ အလားတူ အခြားသော စစ်တပ်ထိန်းချုပ်သတင်းစာများတွင်လည်း ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ထံသို့ အိတ်ဖွင့်ပေးစာ(၁) ခေါင်းစဉ်တပ်၍ မြန်မာဘာသာဖြင့် ထပ်မံပုံနှိပ်ဖော်ပြခဲ့သည်။

သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီးအဖြစ်လည်း တာဝန်ယူဖူးသူ မစ္စဂျူလီဘိရှော့သည် ၂၀၂၄ ခုနှစ် ဧပြီမှစတင်၍ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန်အဖြစ်ခံအပ်ခံခဲ့ရသူဖြစ်သည်။

စစ်တပ်ပိုင် ရတနာပုံသတင်းစာကလည်း တပ်ချုပ်သစ် ရဲဝင်းဦး၏ အင်တာနက်စာမျက်နှာတွင် ဖော်ပြသကဲ့သို့ ကုလသံတမန်ကို ဝေဖန်သည့်သဘောထားမှတ်ချက်ကို ပုံနှိပ်ဖော်ပြခဲ့သည်။

ဝေဖန်ချက်မှာဘာတွေပါလဲ

စစ်တပ်ဘက်ကလွှင့်တင်သည့် ဝေဖန်ချက်သည် ပြီးခဲ့သည့် ဇွန်လ ၁၉ ရက်တွင် အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့၌ ကျင်းပခဲ့သည့် ကုလသမဂ္ဂအထွေထွေညီလာခံ အလွတ်သဘောအစည်းအဝေးတွင် စစ်တပ်၏လူ့အခွင့်အရေး ချိုးဖောက်မှုများကို မစ္စဂျူလီဘိရှော့ကထောက်ပြခဲ့သည်ကို တန်ပြန်ထားခြင်းဖြစ်သည်။

နယူးယောက်ဆွေးနွေးပွဲတွင် ကုလကိုယ်စားလှယ်က အရပ်သားများကို စစ်တပ်ကပစ်မှတ်ထား တိုက်ခိုက်မှုများ၊ စစ်အုပ်ချုပ်ရေးအောက်တွင် မြန်မာသည် ကမ္ဘာပေါ်တွင် အင်တာနက်အွန်လိုင်း ငွေလိမ်လုပ်ငန်းများ၏ ဗဟိုချက်ဖြစ်လာခြင်း၊ မူးယစ်ဆေးထုတ်လုပ်မှုနှင့် အတိုက်အခံများကိုဖမ်းဆီးပြီး ကျင်းပခဲ့သည့် စစ်တပ်သြဇာလွှမ်းသည့် ရွေးကောက်ပွဲတို့ကိုလည်း ထည့်သွင်း အစီရင်ခံခဲ့သည်။ ထို့အပြင် ဖမ်းဆီးခံ ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးရန်တောင်းဆိုခဲ့သည်။

အစီရင်ခံစာပါ အချက်များသည် ‘ကုလသမဂ္ဂ အထူးကိုယ်စားလှယ်ရဲ့မရိုးသားမှု’ ဟုလည်း ဝါဒဖြန့်ဆောင်းပါးကဆိုပြီး မစ္စဂျူလီဘိရှော့သည် ‘လူမှုရေးဆိုင်ရာ အားနည်းချက် ရှိနေတဲ့လူ’ ၊ ‘ကိုယ်တိုင်က အနိုင်ကျင့်တတ်တဲ့ စရိုက်ရှိသူ’ ဟုလည်း စွပ်စွဲထားသည်။

“သူ့ရဲ့ပုဂ္ဂိုလ်ရေးဆိုင်ရာ အကျင့်စရိုက်နဲ့ ပတ်သက်ပြီးကြားသိရတဲ့ သတင်းတွေအရ မစ္စဂျူလီဘိရှော့ဟာ လုပ်ဖော်ကိုင်ဖက်တွေအပေါ် အနိုင်ကျင့်စော်ကားခဲ့တဲ့ သမိုင်းကြောင်း ရှိကြောင်းနဲ့ ဂျူလီဘိရှော့ ဩစတြေးလျ အမျိုးသားတက္ကသိုလ် (Australia National University-ANU) မှာ တာဝန် ထမ်းဆောင်စဉ်က သူနဲ့ သူ့ရဲ့အဖွဲ့သားတွေရဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာ ပြင်းထန်စွာ အနိုင်ကျင့်မှု (Bullying) ဒဏ်ကြောင့် ဒေါက်တာ လစ်ဇ်အယ်လန် (Dr. Liz Allen)က ရင်သွေးလေး ဆုံးရှုံးခဲ့ရတဲ့အပြင် စိတ်ဒဏ်ရာတွေရရှိပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့အထိ ဆိုးရွားစွာ ခံစားခဲ့ရကြောင်း၊ အဲဒီလို ပုဂ္ဂိုလ်တစ်ဦး ကို အထူးကိုယ်စားလှယ်အဖြစ် ခန့်အပ် ခြင်းမှာ ကုလသမဂ္ဂရဲ့ မှားယွင်းသော ဆုံးဖြတ်ချက်ဖြစ်ကြောင်း ဝေဖန်မှုတွေ ထွက်ပေါ်နေတာကို ကြားသိရပါတယ်” ဟု အဆိုပါ ဆောင်းပါးတွင် ဖော်ပြထားသည်။

“ဂျူလီဘိရှော့ လုပ်ဆောင်ချက်တွေဟာ မြန်မာ့အရေးကို အမှန်တကယ် ဖြေရှင်းပေးဖို့ထက် “စီးပွားရေးဆန်ဆန် ကစားကွက်များ” (Business-like tactics)အဖြစ် အသုံးချခံရမှာကို စိုးရိမ် ရပါတယ်” ဟုလည်းရေးသားသည်။

၂၀၂၆ ခုနှစ် မတ်လ ၃၀ ရက်တွင်တပ်ချုပ်တာဝန် လွှဲပြောင်းခြင်းအခမ်းအနား နေပြည်တော်၌ ပြုလုပ်စဉ် တွေ့ရသော ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် (ဝဲ) နှင့် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး (ယာ) ။ (ဓာတ်ပုံ- စစ်တပ်ထိန်းချုပ် MOI)

‘ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ထံသို့ အိတ်ဖွင့်ပေးစာ(၁)’ ဟုအမည်တပ်ထားသည့် ယင်းဝေဖန်ချက်တွင် ရေးသားသူကို  ‘မင်းခန့်‘ဟုအမည်တပ်ထားသည်။ ဆောင်းပါးရှင် မည်သူမည်ဝါဖြစ်ကြောင်း မဖော်ပြဘဲ သူသည် ‘သာမန်ပြည်သူတစ်ဦး’ ဟု အစချီထားသည်။

သို့သော်ဆောင်းပါးထဲတွင် သာမန်ပြည်သူများမသိနိုင်သည့် စစ်အစိုးရ၏ ကယ်ဆယ်ရေးဌာနထံ ဖုန်းခေါ်ဆို အကူအညီတောင်းသည့် အရေအတွက်များကိုပါ အတိအကျ ထည့်သွင်းရေးသားထားသည်။

စစ်တပ်ကိုဝေဖန်သူများအား သတင်းစာဆောင်းပါးများဖြင့် တန်ပြန်ဝါဒဖြန့်  တိုက်ခိုက်ရေးသားရာတွင် စစ်အုပ်စုသည် ကလောင်ပုန်းများ အသုံးပြုလေ့ရှိသည်။ အဆိုပါ အလေ့အထကို မြန်မာစစ်တပ်၏ ထောက်လှမ်းရေးအရာရှိများသည် ဆယ်စုနှစ်ပေါင်းများစွာကတည်းက ကျင့်သုံးခဲ့သလို စစ်တပ်၏သဘောထားမပါသည့် မည်သည့်သတင်းအချက်အလက်မျှ စစ်တပ်ထိန်းချုပ် သတင်းဌာနများတွင် ပုံနှိပ်ထုတ်ဝေခွင့်မရှိပါ။ 

သို့ဖြစ်၍ အဆိုပါ ကုလအထူးသံတမန်နှင့် ပတ်သက်သည့် ဝါဒဖြန့်ချိဆောင်းပါသည် ဝန်ခံမထားသည့်တိုင် ယင်းဆောင်းပါးသည် စစ်တပ်၏အာဘော်ဟု နားလည်ရသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button