ကရင်တိုင်းရင်းသားဒေသများတွင် ဇူလိုင်လအတွင်း စစ်ကောင်စီတပ်၏ အကြမ်းဖက်ဖိနှိပ်မှု၊ နယ်ခြားစောင့်တပ် (BGF) နှင့် ပူးပေါင်းကာ စစ်ရေးတိုးချဲ့လှုပ်ရှားမှုများနှင့် ပတ်သက်ပြီး ကရင်အမျိုးသားအစည်းအရုံး (KNU) က ယမန်နေ့ (ဩဂုတ် ၈) တွင် အသေးစိတ်ထုတ်ပြန်ခဲ့သည်။
“စစ်တပ်က လူထုကို ထိခိုက်မှု ဆုံးရှုံးမှုဖြစ်အောင်လုပ်တဲ့အခါ ကန့်ကွက်တာပေါ့။ ဒီလိုမျိုး ဆက်လက်ရှိနေမယ်ဆိုရင်၊ ကျွန်တော်တို့ နယ်မြေထဲမှာ ဆက်တက်လာမယ်ဆိုရင် ကျွန်တော်တို့လူထုကို ကျွန်တော်တို့ ကာကွယ်ရမှာပဲ” ဟု KNU (ဗဟို) တာဝန်ရှိသူတစ်ဦးက ပြောသည်။
စစ်ကောင်စီ၏ မတရားသောလုပ်ရပ်များ၊ လူ့အခွင့်အရေးချိုးဖောက်မှုများကို ဆက်လက်ဖော်ပြရမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
စစ်ကောင်စီတပ်သည် BGF နှင့် ပူးပေါင်းကာ ပြည်သူများ၏ လယ်ယာလုပ်ငန်းခွင်များအတွင်း လက်နက်ကြီး အလုံး ၅၈ လုံး ပစ်ချခဲ့ပြီး လူနေအိမ် ၅ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကာ အများပြည်သူ သွားလာရာလမ်းများ၌ မိုင်းထောင်ခဲ့ကြောင်း၊ ယင်းကြောင့် ဇူလိုင်အတွင်း အရပ်သား ၆ ဦး ဒဏ်ရာရခဲ့ပြီး ကျွဲ၊ နွားနှင့် အိမ်မွေးတိရစ္ဆာန်များလည်း ထိခိုက်သေဆုံးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ယင်းတစ်လအတွင်း ကရင်ဒေသရှိ လူထု၏ စည်းစိမ်ဥစ္စာများ ၊ ရွှေငွေများ၊ တခြားပစ္စည်းများနှင့် စားနပ်ရိက္ခာများ အတင်းအဓမ္မ လုယူဖျက်ဆီးမှုများပြုခဲ့ပြီး ကာလတန်ဖိုးအရ ကျပ် သိန်း ၁၀၀ ကျော်ခန့် ရှိခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ယခုလ အစောပိုင်း၌ KNU တပ်မဟာ(၅) နယ်မြေတွင် စစ်တပ်လေယာဉ်များ ပျံသန်းကင်းထောက်နေ၍ ဒေသခံများ စိုးရိမ်ထိတ်လန့်နေရသည်ဟု KNU က ဆိုသည်။
မတ်လအတွင်း စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲခဲ့သော တပ်မဟာ(၅)နှင့် တပ်မဟာ(၃) နယ်မြေတွင် စစ်ရှောင် ၇၇,၀၀၀ ကျော်ရှိပြီး လက်ရှိတွင် အခက်အခဲအကျပ်အတည်းများနှင့် ရင်ဆိုင်ကြုံတွေ့နေရသည်ဟု သိရသည်။
ဇူလိုင်အတွင်း KNU ၏ တပ်မဟာ (၁) ၊ တပ်မဟာ (၂) ၊ တပ်မဟာ (၃) နှင့် တပ်မဟာ (၅) နယ်မြေများတွင် တိုက်ပွဲ ၁၈၀ ခန့်ဖြစ်ပွားခဲ့ရာ တပ်မဟာ (၅) နယ်မြေတွင် တိုက်ပွဲ ၁၃၃ ကြိမ်ဖြင့် တိုက်ပွဲအများဆုံးဖြစ်ပွားခဲ့သည်။
တိုက်ပွဲဖြစ်ပွားရခြင်းမှာ စစ်ကောင်စီတပ်နှင့် နယ်ခြားစောင့်တပ်တို့၏ စစ်ရေးလှုပ်ရှားမှုများ၊ တပ်စခန်းတိုးချဲ့မှုများ ပြုလုပ်နေခြင်းကြောင့်ဟု တပ်မဟာ(၅) ၏ ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး စောကလယ်ဒိုက ပြောသည်။
“သူတို့ကတော့ နယ်မြေစိုးမိုးရေးအတွက်ဆိုပြီး လှုပ်ရှားတဲ့အပေါ်မှာ KNLA တပ်မဟာ(၅) ဘက်ကလည်းပဲ ကိုယ့်ရဲ့ နယ်မြေဒေသကို ကာကွယ်တဲ့အနေနဲ့ အမြဲတမ်း တပ်ဖြန့်ထားတဲ့အပေါ်မှာ အမြဲတမ်းထိတွေ့မှုတွေဖြစ်တာ” ဟု ၎င်းက ဆိုသည်။
တပ်မဟာ (၅) တစ်ခုတည်းမှာပင် ပြီးခဲ့သည့် ဇူလိုင်လအတွင်း စစ်ကောင်စီတပ်မှ သေဆုံးသူ ၆၅ ဦးရှိပြီး တပ်ရင်းမှူးတစ်ဦးအပါအဝင် ဒဏ်ရာရသူ ၁၀၁ ဦးရှိခဲ့ကာ တပ်မဟာ (၅) KNLA ဘက်မှ ၃ ဦး ဒဏ်ရာရခဲ့သည်။
အဆိုပါ ခရိုင်/တပ်မဟာ ၄ ခုနယ်မြေတွင် ဖြစ်ပွားသော ၎င်းတိုက်ပွဲများတွင် စစ်တပ်နှင့် ၎င်း၏လက်အောက်ခံ BGF တပ်ဖွဲ့ဝင် ၂၅၀ ခန့်သေဆုံးခဲ့သည်။
ခရိုင်/တပ်မဟာ တစ်ခုချင်းစီတွင် လူထုအပေါ် ဖိနှိပ်မှုအခြေအနေများကိုလည်း KNU က အသေးစိတ်ထုတ်ပြန်ခဲ့ရာ KNU တပ်မဟာ(၁) နယ်မြေရှိ ကျေးရွာများတွင် အနည်းဆုံး တစ်ရွာတစ်ယောက် စစ်မှုထမ်းရန် စစ်ကောင်စီနှင့် BGF တို့က ဖိအားပေးခဲ့သည်ဟု သိရသည်။
စစ်မှုထမ်းရန် ငြင်းဆန်ပါက ကျေးရွာများကို နှောင့်ယှက်မည်ဟု စစ်တပ်က ရွာသားများကို ခြိမ်းခြောက်ပြောဆိုခဲ့သည်ဟု ဆိုသည်။
KNU တပ်မဟာ (၂) နယ်မြေတွင် Covid – 19 ရောဂါ ကာကွယ်ရန် ဒေသခံများက ၎င်းတို့ပိုင် ဥယျာဉ်ခြံများ၌ သွားရောက်နေထိုင်ခြင်းကို စစ်ကောင်စီတပ်က တားမြစ်ခဲ့ပြီး မလိုက်နာပါက ပစ်သတ်မည်ဟု ခြိမ်းခြောက်ခဲ့၍ ဒေသခံများ ကြောက်ရွံ့နေရသည်ဟု ထုတ်ပြန်ခဲ့သည်။
KNU တပ်မဟာ(၃) နယ်မြေတွင်မူ စစ်တပ်မှ အင်းပိုင်များကို ခေါ်ယူပြီး အင်းတစ်အင်းလျှင် အခွန်အဖြစ် ကျပ်သိန်း ၅၀ တောင်းခဲ့ပြီး မပေးပါက သတ်ဖြတ်မည်ဟု ခြိမ်းခြောက်ခဲ့ကြောင်း၊ အရပ်သားများ သွားလာမှုနှင့် လယ်ယာလုပ်ငန်းလုပ်ကိုင်ခြင်းကို ပိတ်ပင်ခဲ့ကြောင်း KNU ၏ ထုတ်ပြန်ချက်၌ ဖော်ပြသည်။
ယင်းနယ်မြေမှာပင် စည်းကမ်းဥပဒေနှင့်အညီ သွားလာခြင်းမရှိ ဟုဆိုကာ ဒေသခံ ၇၀ ဦးကို ဖမ်းထားကာ တစ်ဦးလျှင် ဒဏ်ငွေ ၂၅ သိန်းကျပ် ပေးဆောင်ရန် တောင်းခဲ့ကြောင်းလည်း ပါရှိသည်။
KNU ၏ ထုတ်ပြန်ချက်၊ ပြောဆိုချက်များနှင့် ပတ်သက်ပြီး စစ်ကောင်စီ ပြန်ကြားရေးတာဝန်ရှိသူတို့ကို မေးမြန်းရန် ကြိုးစားသော်လည်း တယ်လီဖုန်းအဆက်အသွယ် မရသေးပေ။
KNU သည် ၂၀၁၅ တွင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် ချုပ်ဆိုခဲ့ပြီးနောက် ဒေသတွင်းတိုက်ပွဲများ ရပ်စဲသွားရာမှ ၂၀၁၈ တွင် ဖာပွန်ဒေသ၌ တိုက်ပွဲများ ပြန်ဖြစ်ပွားခဲ့သည်။
စစ်အာဏာသိမ်းပြီးနောက် KNU တပ်မဟာ ၇ လုံးတွင် စစ်တပ်နှင့် တိုက်ပွဲများ ပြင်းထန်လာခဲ့ပြီး တပ်မဟာ (၅) တွင် တိုက်ပွဲအများဆုံး ဖြစ်ပွားခဲ့သည်။
စစ်အာဏာသိမ်းပြီးနောက် KNU နယ်မြေများအတွင်း ဖြစ်ပွားသော တိုက်ပွဲများနှင့် ပတ်သက်၍ စစ်ကောင်စီက သတင်းအမှောင်ချထားသည်။ တိုင်းရင်းသားဒေသများတွင် အပစ်ရပ်ထားခြင်းကို လစဉ် သက်တမ်းတိုးကြောင်း ကြေညာထားသည်။



