တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) က ဖွဲ့စည်းလိုက်သည့် ကိုဗစ်ထိန်းချုပ်ရေးကော်မတီသည် နိုင်ငံရေးအရစေ့စပ်ဆွေးနွေးမှုများ ပြုလုပ်မည်မဟုတ်ဟု ဆိုသည်။
ပအိုဝ်းလက်နက်ကိုင်အဖွဲ့ (PNLO) ဦးဆောင်နာယက ဗိုလ်မှူးကြီးခွန်ဥက္ကာနှင့် ရှမ်းလက်နက်ကိုင်အဖွဲ့ (RCSS) အတွင်းရေးမှူး ဗိုလ်မှူးကြီးစိုင်းငင်းတို့ အပါအဝင် အဖွဲ့ဝင် ၁၁ ဦးပါ ကိုဗစ်ထိန်းချုပ်ရေးကော်မတီကို ဇူလိုင် ၁၇ ရက်တွင် ဖွဲ့စည်းခဲ့ကြောင်း PPST က ယနေ့ (ဇူလိုင် ၂၄) ထုတ်ပြန်သည်။
ကိုဗစ်နိုင်တင်း (COVID-19) ကပ်ရောဂါထိန်းချုပ်ရေးအတွက် ဖွဲ့စည်းခဲ့သည့် အဆိုပါကော်မတီသည် ကျန်းမာရေးကို အကြောင်းပြု၍ နိုင်ငံရေးကို စေ့စပ်ဆွေးနွေးမှုများလုပ်ရန်မရှိဟု ကော်မတီပြောရေးဆိုခွင့်ရှိသူ ဦးမျိုးဝင်းက Myanmar Now ကို ပြောသည်။
“နိုင်ငံရေးအခြေခံပေါ်က လုပ်မှာမဟုတ်ဘူး။ လူသားချင်းဆိုတဲ့ Humanitarian ထောင့်ကနေပြီးတော့မှ လူသားတွေရဲ့ ဘေးဒုက္ခကို ဖြေရှင်းနိုင်ရေး ဦးစားပေးဆောင်ရွက်သွားမှာဖြစ်ပါတယ်” ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) ဒုဥက္ကဋ္ဌလည်းဖြစ်သူ ၎င်းက ပြောသည်။
“ဒီလုပ်ငန်းစဉ်ပေါ်ကနေ နိုင်ငံရေးအမြတ်မထုတ်ဘဲနဲ့ လုပ်သွားဖို့ လူသားဆိုတဲ့အခြေခံပေါ်ကနေ လုပ်သွားကြဖို့ တိုက်တွန်းလိုပါတယ်” ဟုလည်း ဦးမျိုးဝင်းက ပြောသည်။
အဆိုပါကော်မတီသည် ကိုဗစ်ထိန်းချုပ်ရေးနှင့် ကုသရေးဆိုင်ရာလုပ်ငန်းများ အလျင်အမြန် အကောင်အထည်ဖော်နိုင်ရန် Stakeholder များအားလုံး၊ နိုင်ငံတကာအစိုးရများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် လက်တွဲပူးပေါင်းလုပ်ဆောင်သွားမည်ဖြစ်ကြောင်းလည်း သတင်းထုတ်ပြန်ထားသည်။
နိုင်ငံရေးအရ အခြေခံခြင်းမဟုတ်ဘဲ တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံး၏ ကျန်းမာရေးကို ဦးစားပေးခြင်းဖြင့် အားလုံးက ဆောင်ရွက်သင့်ကြောင်းလည်း PPST ၏ ထုတ်ပြန်ချက်က ဆိုသည်။
ကော်မတီအနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ အာဏာသိမ်းစစ်ကောင်စီတို့နှင့် လုပ်ငန်းများ ဆက်စပ်ဆောင်ရွက်ရန်ရှိမရှိ မေးမြန်းရာတွင် ဦးမျိုးဝင်းက “လက်ရှိ လိုအပ်ချက်အရကတော့ တွေ့သင့်တွေ့ထိုက်တဲ့ အင်အားစုအားလုံးနဲ့ တွေ့ရမယ်ဆိုတဲ့ အခြေခံသဘောထားတော့ ရှိပါတယ်” ဟု ဖြေကြားသည်။
မြန်မာ- ထိုင်းနယ်စပ်ရှိ မယ်တော်ဆေးခန်းပဲ့ကိုင်ရှင် ဒေါက်တာစင်သီယာမောင်ဦးဆောင်မည့် ကိုဗစ်ထိန်းချုပ်ကုသရေးအဖွဲ့ (CTF) ကို တိုင်းရင်းသားကျန်းမာရေးအဖွဲ့အစည်းများနှင့် NUG ပူးပေါင်း၍ ဇူလိုင် ၁၇ ရက်၌ပင် ဖွဲ့စည်းခဲ့ပြီး NUG ၏ ကျန်းမာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုးက အဖွဲ့ဒုတိယခေါင်းဆောင်အဖြစ် ပါဝင်မည်ဖြစ်သည်။
အပစ်ရပ် ၁၀ ဖွဲ့၏ ကိုဗစ်ကော်မတီအနေဖြင့် CTF နှင့် ချိတ်ဆက်မှုရှိမရှိ မေးမြန်းရာတွင် ၎င်းတို့နှင့် လုပ်ငန်းသဘောသဘာဝ မတူညီသော်လည်း ဒေါက်တာစင်သီယာမောင်ဦးဆောင်သည့် အဖွဲ့ကို ကြိုဆိုရမည်ဖြစ်ကြောင်း ဦးမျိုးဝင်းက ပြောသည်။
စစ်အာဏာသိမ်းမှုကို ပြင်းထန်စွာကန့်ကွက်ကြောင်း၊ စစ်ကောင်စီနှင့် နိုင်ငံရေးအရ ဆွေးနွေးမည်မဟုတ်ကြောင်း သဘောထားထုတ်ပြန်ထားသော်လည်း ရွေးကောက်ပွဲအနိုင်ရအမတ်များဖြင့် စုဖွဲ့ထားသည့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) နှင့်သော်လည်းကောင်း၊ NUG နှင့်သော်လည်းကောင်း ထိတွေ့ဆက်ဆံရေးနှင့် ပတ်သက်၍ PPST က ရှင်းရှင်းလင်းလင်း ထုတ်ပြန်ပြောဆိုခြင်း မရှိသေးပေ။
အပစ်ရပ်စာချုပ် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့အနက် မွန်အဖွဲ့ (NMSP)၊ ရခိုင်အဖွဲ့ (ALP)၊ ကရင်အဖွဲ့ KNLA(PC) နှင့် DKBA တို့သည် စစ်ကောင်စီနှင့် တစ်ဖွဲ့ချင်းစီ ဆွေးနွေးမှုများ ပြုလုပ်ထားပြီး ချင်းအမျိုးသားတပ်ဦး(CNF) ကမူ NUG နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း ကြေညာထားသည်။



