အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

မြင်းခြံတွင် စစ်ကောင်စီခန့် ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦး ပစ်သတ်ခံရ 

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်တွင် စစ်ကောင်စီက ခန့်အပ်သည့် သဲဖြူဝကျေးရွာအုပ်ချုပ်ရေးမှူး ဦးမြင့်ဌေး လုပ်ကြံသတ်ဖြတ်ခံရကြောင်း သေဆုံးသူ၏ မိသားစုဝင်နှင့် မြင်းခြံမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တစ်ခုထံမှ သိရသည်။

ယနေ့ (ဇွန် ၂၇) နံနက် ၁၁ နာရီခန့်တွင် မြင်းခြံမြို့နယ်၊ ရွာစည်ရွာရှိ ‘ကျော်’ စက်သုံးဆီဆိုင်အနီး အသက် ၆၃ နှစ်အရွယ် ဦးမြင့်ဌေး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး ရင်ဘတ် နှစ်ချက်၊ နောက်ကျော တစ်ချက် ကျည်ထိမှန်ကာ ယင်းနေရာမှာပင် သေဆုံးခဲ့ခြင်း ဖြစ်သည်။

ဦးမြင့်ဌေးသည် အနီးအနားရှိ ရွာစည်ရွာသို့ အိမ်ဆောက်ပစ္စည်းသွားဝယ်စဉ် အနီးကပ် ပစ်သတ်ခံရခြင်း ဖြစ်ကြောင်း မျက်မြင်များကို ကိုးကား၍ ၎င်း၏ ညီဖြစ်သူက ပြောသည်။ 

“ရွာကနေပြီးတော့ အိမ်ဆောက်ပစ္စည်းသွားဝယ်တာ။ အိမ်ရှေ့တံခါးလုပ်ဖို့ သံချောင်းသံပင် သွားဝယ်တာ။ နောက်က တစ်ယောက်က သေသေချာချာ အနီးကပ် မတ်တတ်ရပ်ပြီးပစ်သွားတာ” ဟု ဦးမြင့်ဌေး၏ ညီဖြစ်သူက ပြောသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ဦးမြင့်ဌေးသည် စစ်ကောင်စီသတင်းပေးဒလန်ဖြစ်၍ လုပ်ကြံသတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း မြင်းခြံမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တစ်ခုဖြစ်သည့် Seven People Defence Force မှ အဖွဲ့ဝင်တစ်ဦးက ပြောသည်။

“သူက စစ်ကောင်စီသတင်းပေး၊ သဲဖြူဝကျေးရွာရဲ့ ဒလန်ပါ။ စစ်မှုထမ်းဟောင်းတစ်ဦးဖြစ်ပြီး USDP (ပြည်ခိုင်ဖြိုး) ပါတီ အမာခံတစ်ဦးပါ။ သူ့ကြောင့် ဒုက္ခရောက်ရတာတွေရှိပါတယ်ဗျ။ ရှားတောရွာ တစ်ရွာလုံး လူငယ်မှန်သမျှ အကုန် တောထဲ ထွက်ပြေးနေရပါတယ်။ ဖမ်းခံရတာတွေလည်း ရှိပါတယ်” ဟု ၎င်းအဖွဲ့ဝင်က ဆိုသည်။

ပြီးခဲ့သည့် ဧပြီလက သဲဖြူဝကျေးရွာအုပ်စုရှိ ရှားတောရွာအပါအဝင် ကျေးရွာများတွင် စစ်တပ်က ဝင်ရောက်ခြောက်လှန့်ပစ်ခတ်ကာ ရွာသားများကို ဖမ်းဆီးခြင်းကြောင့် ဒေသခံအများအပြား ထွက်ပြေးခဲ့ရသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် ဦးမြင့်ဌေးသည် ကျေးရွာအုပ်ချုပ်ရေးမှူးအဖြစ် တာဝန်ယူခဲ့သူဖြစ်သည်ဟု သဲဖြူဝရွာခံတချို့က ပြောသည်။ 

မိသားစုဝင်များဘက်ကမူ ဦးမြင့်ဌေးသည် အုပ်ချုပ်ရေးမှူးအဖြစ် နာမည်ထွက်နေခြင်းသာ ဖြစ်သည်ဟု ဆိုသည်။ 

“ကျွန်တော်တို့ကလည်း လက်မခံ၊ မိသားစုကလည်း လက်မခံ၊ အုပ်ချုပ်ရေးမှူးလည်း မလုပ်ရသေးပါဘူးဗျာ။ လုပ်မယ်လို့ နာမည်ထွက်သလားမသိဘူး။ မိသားစုဝင်တွေက စိတ်မချတော့ အသွားအလာဆင်ခြင်ဖို့၊ ကိုယ့်အိမ်ကိုယ်နေဖို့ သူ့ကို အမြဲတမ်းပြောတယ်” ဟု ဦးမြင့်ဌေး၏ ညီဖြစ်သူက ဆိုသည်။

၁၉၈၈ မတိုင်မီ မှော်ဘီရှိ အင်ဂျင်နီယာတပ်ရင်းတစ်ခုမှ တပ်သားအဖြစ် နုတ်ထွက်ထားသည့် ဦးမြင့်ဌေးသည် ရွာထဲတွင် ဒလန်ဟု စွပ်စွဲခံနေရကြောင်း၊ သားဖြစ်သူမှာလည်း တပ်ကြပ်ကြီးအဖြစ် ကယားပြည်နယ်တွင် တာဝန်ထမ်းဆောင်နေကြောင်း ၎င်းက ဆက်ပြောသည်။ 

အုပ်ချုပ်ရေးမှူးများ၊ ဒလန်ဟု စွပ်စွဲခံရသူများသည် အာဏာသိမ်းမှုဆန့်ကျင်သူတို့ နှိပ်ကွပ်ခံရစေရန် သတင်းပေးသည်ဟုဆိုကာ အများအပြားလုပ်ကြံခံနေရသည်။

စစ်ကောင်စီကမူ ဒေသတချို့တွင် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများနှင့် ပြည်သူလူထုကို လက်နက်ကိုင်အကြမ်းဖက်သူများက သေနတ်များ၊ တုတ်/ဓားများအသုံးပြုကာ အကြောင်းမဲ့ ရက်စက်စွာ လုပ်ကြံသတ်ဖြတ်လျက်ရှိသည်ဟု သတင်းထုတ်ပြန်နေသည်။ 

ဇွန်လ ၁၈ ရက်ကလည်း စစ်တပ်နှင့် ပူးပေါင်းပြီး ငွေညှစ်သည်ဟုဆိုကာ ယာဉ်ထိန်းရဲတစ်ဦးကို မြင်းခြံမြို့အခြေစိုက် စစ်တပ်သတင်းပေးဒလန်ရှင်းလင်းရေးအဖွဲ့ဖြစ်သည့် ဇီးရိုးပြောက်ကျားတပ်ဖွဲ့က မြို့ပေါ်တွင် ပစ်သတ်ခဲ့သည်။ 

မေလကုန်ခန့်ကလည်း မြင်းခြံခရိုင်အတွင်း စစ်တပ်နှင့် ပနံသင့်သည့် အုပ်ချုပ်ရေးမှူးသုံးဦး၊ အတွင်းရေးမှူးတစ်ဦး နှစ်ရက်အတွင်း လုပ်ကြံခံရသည့်ဖြစ်စဉ် ဖြစ်ပွားခဲ့သည်။ 

ယနေ့မွန်းလွဲပိုင်း၌ သဲဖြူဝကျေးရွာအုပ်ချုပ်ရေးမှူး အသတ်ခံရသည့် ကိစ္စနှင့် ပတ်သက်ပြီး စစ်ကောင်စီတပ်ဖွဲ့များက ရွာခံ ၄ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ကျော်ဆီဆိုင်မှ တာဝန်ရှိသူတစ်ဦးကို ဖမ်းခေါ်သွားခဲ့ကြောင်း ဒေသခံများထံမှ သိရှိရသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button