ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၌ ယနေ့ (မေ ၂၇) တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဒေသခံ ၃ ဦး သေဆုံးသွားသည်ဟု ဒေသခံများက ပြောသည်။
ယနေ့နံနက် ၁၀ နာရီခွဲခန့်က စစ်ရှောင်များအတွက် ငုပလော့ရပ်ကွက်တွင် ရိက္ခာသယ်ယူရန် သွားသော အမျိုးသားနှစ်ဦးကို နေအိမ်တစ်လုံး၌ ဝင်ရောက်နေသည့် စစ်သားများက ပစ်ခတ်ခဲ့ကြောင်း ဒီးမော့ဆိုမှ ကရင်နီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (KPDF) အဖွဲ့ဝင်တစ်ဦးက ပြောသည်။
“ပြည်သူတွေက ပစ္စည်းတွေ သွားပို့တာ။ ကားထဲမှာ တစ်ခါတည်း မနိုင်ဘူးပေါ့။ ပစ္စည်းက မနိုင်တဲ့အခါ ပထမတစ်ခေါက် သယ်ပြီး ဒုတိယတစ်ခေါက် ပြန်လာသယ်တဲ့အခါ အဲဒီအိမ်ထဲမှာ စစ်သားတွေက ရှိနေတာပေါ့” ဟု ၎င်းက ပြောသည်။
သေဆုံးသူ Alfred လုဒူ၊ Patrick ဘိုးရယ်တို့၏ ရုပ်အလောင်းများကို သွားရောက်ယူဆောင်ပြီး နာရေးအစီအစဉ် ချက်ချင်းပြုလုပ်ခဲ့ရကြောင်း ဒီးမော့ဆို PDF က ထုတ်ပြန်သည်။
ထို့နောက် ယနေ့နေ့လယ်ပိုင်းတွင် တစ်နာရီခွဲကြာ တိုက်ပွဲဖြစ်ပွားခဲ့သည်။
တိုက်ပွဲအတွင်း စစ်ရှောင်ပြည်သူများကို ကယ်ဆယ်ရန်သွားသည့် Free Burma Ranger (Karenni) မှ အသက် ၂၀ ကျော်အရွယ် အဖွဲ့ဝင် အော်လိုစိန်ဆိုသူ ကျည်ထိမှန်သေဆုံးခဲ့သည်ဟု ဒေသခံတစ်ဦးက Myanmar Now ကို ပြောသည်။
ငွေတောင်ဆည်ဘက်မှ တက်လာသော ရွာသားနှစ်ဦး၊ ကရင်နီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် (KPDF) တစ်ဦးတို့လည်း ပစ်ခတ်ခံခဲ့ရသည်ဟု သူက ဆက်ပြောသည်။
“သူတို့ ဆည်မြောင်း(ငွေတောင်ဆည်)အောက်က တက်လာတာ။ အဲဒါ ဟိုဘက်(စစ်တပ်)က လှမ်းပစ်လိုက်တာ။ သူ့တစ်ယောက် (KPDF တပ်ဖွဲ့ဝင်) ကိုပဲ ကယ်ထုတ်နိုင်တာ။ ကျန်တဲ့ရွာသားနှစ်ယောက်က ထိတယ်။ ဘယ်နားရောက်သွားလဲ မသိဘူး၊ ရှာလို့မရဘူး” ဟု အမည်မဖော်လိုသော ထိုဒေသခံက ပြောသည်။
တိုက်ပွဲဖြစ်ပွားပြီးနောက် လက်နက်ကြီးကျည်များ မကြာခဏ ကျရောက်ပေါက်ကွဲနေသဖြင့် ပြည်သူများ ဖြတ်သန်းသွားလာခြင်းမပြုရန် ဒီးမော့ဆို PDF က ယနေ့ ကြေညာထားသည်။
ပြီးခဲ့သည့် မေ၂၃ နှင့် ၂၄ တွင် ရှမ်းပြည်နယ် ဖယ်ခုံမြို့နှင့် ကယားပြည်နယ် လွိုင်ကော်မြို့ရှိ ခရစ်ယာန်ဘုရားကျောင်းနှစ်ကျောင်း လက်နက်ကြီးဖြင့် ပစ်ခတ်ခံရသည်။
လွိုင်ကော်မြို့နယ်အတွင်းမှ ကယန်းသာယာရွာဘုရားကျောင်း လက်နက်ကြီးကျည်ထိပြီး စစ်ဘေးရှောင် ၄ ဦး သေဆုံးကာ၊ ၈ ဦး ဒဏ်ရာရခဲ့သည်။
ထို့ကြောင့် မြန်မာနိုင်ငံ ကက်သလစ်ခရစ်ယာန်ဂိုဏ်းချုပ်ဆရာတော် ကာဒီနယ်ချားလ်စ်မောင်ဘိုက ” အများပြည်သူ ဝတ်ပြုကိုးကွယ်သည့် ဘုရားကျောင်းကန်များနှင့် ဘာသာရေးဆိုင်ရာ ရှိခိုးကိုးကွယ်သော နေရာများ၌ ခိုလှုံနေကြသောပြည်သူများကို တန်ဖိုးထားရန်” မေ ၂၅ က တိုက်တွန်းထားသည်။
စစ်ကောင်စီကမူ ထိုပစ်ခတ်မှုများအတွက် တောင်းပန်ခြင်း၊ သေဆုံးထိခိုက်မှုများအတွက် လျော်ကြေးပေးခြင်း မရှိသေးပေ။
လက်နက်ကိုင်သောင်းကျန်းသူများသည် လူနေအိမ်များ၊ အုပ်ချုပ်မှုအဆောက်အအုံများ၊ ဘာသာရေးအဆောက်အအုံများကို အကာအကွယ်ပြုကာ လုံခြုံရေးတပ်ဖွဲ့ဝင်များကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ပြီး မြို့တွင်းတိုက်ပွဲအသွင်ဆောင်လာရန် လုပ်ဆောင်နေသည်ဟု စစ်ကောင်စီက ယနေ့ သတင်းထုတ်ပြန်သည်။
ကယား (ကရင်နီ) ပြည်နယ်တွင် မေ ၂၁ မှစ၍ စစ်ကောင်စီတပ်နှင့် ကရင်နီပြည်သူ့ကာကွယ်ရေးတပ်တို့ တိုက်ပွဲများဖြစ်ပွားခဲ့ပြီး ဒီးမော့ဆို၊ ဖရူဆို၊ လွိုင်ကော်နှင့် ဖယ်ခုံမြို့နယ်တို့မှ ပြည်သူ ၅၀,၀၀၀ ကျော် စစ်ရှောင်နေရသည်။



