အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့တွင် တိုက်ပွဲပြင်းထန်နေဆဲဖြစ် 

ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့တွင် ယမန်နေ့က ဒေသခံများနှင့် တိုက်ပွဲဖြစ်ပွားသဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးထက်မနည်း သေဆုံးခဲ့ကာ ယနေ့ (ဧပြီ ၂၇) တွင်လည်း တိုက်ပွဲပြင်းထန်နေကြောင်း သိရသည်။

“မနက် ကိုးနာရီခွဲလောက်ကတည်းက တိုက်ပွဲစဖြစ်နေတယ်။ သူတို့ (စစ်ကောင်စီ) ဘက်က လက်နက်ကြီးတွေ အာပီဂျီတွေနဲ့ တောက်လျှောက်ထုနေတာ။ အခု တိုက်ပွဲပြင်းထန်နေတယ်” ဟု Chinland Defense Force (CDF) အဖွဲ့ဝင် မင်းတပ်မြို့ခံ လူငယ်ခေါင်းဆောင်တစ်ဦးက Myanmar Now ကို ယနေ့ မွန်းလွဲပိုင်းတွင် ပြောသည်။ 

စစ်ကောင်စီကို ခုခံတော်လှန်ရန် ချင်းပြည်နယ်အတွင်းရှိ မြို့နယ် ၉ ခုနှင့် ပြည်နယ်ပြင်ပရှိ ချင်းအမျိုးသားများစုပေါင်းကာ CDF ကို ဧပြီလဆန်းပိုင်းက စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ 

မင်းတပ်မြို့သို့ စစ်ကူလာသည့် စစ်ကား ၉ စီးကို မင်းတပ်မြို့မှ ငါးမိုင်အကွာတွင် ဒေသခံများက ခုခံကာကွယ်နေခြင်းဖြစ်ပြီး ယနေ့နံနက်ပိုင်းမှ မွန်းလွဲပိုင်းအထိ တိုက်ပွဲများပြင်းထန်နေကြောင်း သိရသည်။ 

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ဧပြီ ၂၄ ရက်က မင်းတပ်မြို့ ဗိုလ်ချုပ်ကြေးရုပ်အနီး စစ်အာဏာရှင်ဆန့်ကျင်ရေး စတစ်ကာကမ်ပိန်းပြုလုပ်နေစဉ် စစ်ကောင်စီလက်နက်ကိုင်တပ်က ဖမ်းဆီးသွားသည့် လူငယ် ၆ ဦးကို ပြန်လွှတ်ပေးရန် ဒေသခံများက တောင်းဆိုခဲ့သော်လည်း ပြန်လွှတ်ပေးခြင်းမရှိသဖြင့် အပြန်အလှန်ပစ်ခတ်မှုများ စတင်ဖြစ်ပွားခဲ့သည်။ 

ဧပြီ ၂၄ ရက် အပြန်အလှန်ပစ်ခတ်မှုအတွင်း စစ်ကောင်စီလက်နက်ကိုင် ၃ ဦး သေဆုံးခဲ့ကြောင်း ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) က ထုတ်ပြန်ထားသည်။ 

ယမန်နေ့ (ဧပြီ ၂၆) တွင် မတူပီမြို့နယ်မှ မင်းတပ်သို့ ပို့ဆောင်မည့် စစ်ကောင်စီ၏ စစ်ကူယာဉ်တန်းကို မင်းတပ်ဒေသခံများက ပြောက်ကျားနည်းဖြင့် တိုက်ခိုက်ခဲ့ပြီး မင်းတပ်မြို့ အရှေ့ပြင်ရပ်ကွက်တွင်လည်း အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့သည်။

ယမန်နေ့က ပစ်ခတ်မှုများအတွင်း စစ်ကောင်စီလက်နက်ကိုင် ၁၀ ဦးထက်မနည်း သေဆုံးခဲ့ခြင်းဖြစ်ကာ ထိခိုက်ဒဏ်ရာရရှိသူအချို့ရှိသည်ဟု သိရသော်လည်း အတိအကျမသိရသေးကြောင်း CDF အဖွဲ့ဝင်တစ်ဦးက ဆိုသည်။

ဧပြီ ၂၆ ရက်တွင် မင်းတပ်မြို့နှင့် ပခုက္ကူမြို့အကြား လမ်းကြောင်းလုံခြုံရေးယာဉ်တန်းကို လမ်းဘေးဝဲယာမှ အကြမ်းဖက်ရန်ပြု ပစ်ခတ်တိုက်ခိုက်သည့်အတွက် လက်နက်ကိုင်တစ်ဦး သေဆုံးပြီး ၃ ဦး ထိခိုက်ဒဏ်ရာရခဲ့သည်ဟု စစ်ကောင်စီက ထုတ်ပြန်ခဲ့သည်။ 

မင်းတပ်မြို့တွင် စစ်ကောင်စီလက်နက်ကိုင်များကို ဒေသခံများက အမဲလိုက်ရာတွင် အသုံးပြုသည့် ရိုးရာလက်လုပ်တူမီးသေနတ်များ၊ တစ်လုံးထိုးသေနတ်များဖြင့် ပြန်လည်ခုခံနေခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးက ဆိုသည်။

“မင်းတပ်မှာက မြို့တွင်းမှာလည်း ဆိုင်တွေလည်းပိတ်ထားတယ်။  အိမ်တွေရောပိတ်ထားတယ်။ လူသွားလူလာ မရှိသလောက်ပဲ” ဟုလည်း ၎င်းက ပြောသည်။ 

စစ်ကိုင်းတိုင်းအနောက်ခြမ်းရှိ ကလေး၊ တမူး၊ တန့်ဆည်၊ ယင်းမာပင်နှင့် ကနီမြို့နယ်များတွင် စစ်ကောင်စီလက်နက်ကိုင်တပ်များကို ဒေသခံများက တူမီးသေနတ်အပါအဝင် ရရလက်နက်ဖြင့် ခုခံတော်လှန်လျက်ရှိပြီး စစ်ကောင်စီဘက်တွင် ထိခိုက်သေဆုံးမှုများ ရှိနေသည်။ 

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button