အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

မိုး​မောက်မြို့နယ်တွင် KIA နှင့် အာဏာသိမ်းစစ်တပ် တိုက်ပွဲပြင်းထန်

ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်၊ ဒေါ့ဖုန်းယန်မြို့နယ်ခွဲတွင် ယမန်နေ့ညနေမှစ၍ ကချင်လွတ်လပ်​ရေးတပ်မ​တော် (KIA) နှင့် အာဏာသိမ်းစစ်တပ်တို့ တိုက်ပွဲများပြင်းထန်နေကြောင်း ဒေသခံတချို့က ပြောသည်။

“KIA ရဲ့ တပ်ရင်းတပ်ဖွဲ့ ဌာနချုပ်ဧရိယာတွေကို စစ်ဆင်ရေးလုပ်တယ်လို့ မြင်တယ်” ဟု ​ဒေသခံတစ်ဦးက ပြောသည်။ 

ယခုတိုက်ပွဲဖြစ်ပွားရာနေရာသည် မတ်လအတွင်း KIA တိုက်ခိုက်သိမ်းပိုက်ခဲ့သည့် စစ်တပ်စခန်း (အလော့ဘွမ်) တဝိုက်တွင် ဖြစ်သည်ဟု အဆိုပါဒေသခံက ပြောသည်။

ယင်း အလော့ဘွမ်တပ်စခန်းကို စစ်တပ်က လေကြောင်းဖြင့် တိုက်ခိုက်ခဲ့​သော်လည်း စခန်းကို KIA ကပင် ထိန်းချုပ်ထားသည်။ 

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ထိုစခန်းကို ပြန်ရရန် စစ်တပ်က မြေပြင် စစ်ကြောင်းနှစ်ကြောင်းဖြင့် ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်ကြောင်း ​KIA နှင့် နီးစပ်သူတစ်ဦးက​ ပြောသည်။

KIA သတင်းနှင့် ပြန်ကြားရေးဌာနတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ဖြစ်စဉ်များအား အတည်ပြုရန် စောသေးကြောင်း ပြောသည်။

“ဘာကြောင့်လဲဆိုတော့ အခုက နေရာတကာမှာ လက်နက်ကြီးနဲ့ ထုတာတွေ၊ မိုင်းထောင်ပြီးမှ ဖောက်ခွဲတာတွေ အများကြီးရှိပါတယ်။ အဲဒါကြောင့် ပြည်သူလူထုတွေ ပြောတာလောက်ပဲ ကြားပါတယ်။ ကျွန်တော်တို့ တပ်ပိုင်းဆိုင်ရာ တရားဝင်အောက်ခြေသတင်းတွေ ဘာမှ မကြားရသေးပါဘူး။ မဟုတ်ဘူးလို့တော့ မပြောလိုပါဘူး” ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

KIA နှင့် အာဏာသိမ်းစစ်တပ်တို့ နှစ်ဖက်လုံး စစ်ရေးလှုပ်ရှားမှုများရှိ၍ တင်းမာသည့်အနေအထားဖြစ်ကြောင်း ၎င်းက ဆက်​ပြောသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် မတ်လမှစ၍ KIA သည် ကချင်ပြည်နယ်အတွင်းရှိ ဖားကန့်၊ မိုးကောင်း၊ ဝိုင်းမော်၊ အင်ဂျန်းယန်၊ မိုးမောက် စသည့် မြို့နယ်များမှ တပ်စခန်းအချို့ကို ထိုးစစ်ဆင်ခဲ့သည်။ 

စစ်ကောင်စီကလည်း KIA စခန်းတချို့တည်ရှိသည့် နေရာများကို လက်နက်ကြီးဖြင့် ပစ်ခတ်သည့်အပြင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်သည့်နည်းဖြင့်လည်း တုံ့ပြန်နေသည်။

မတ်လ ၂၈ တွင် ဖားကန့်မြို့နယ်တိုက်ပွဲတွင်လည်းကောင်း၊ မတ် ၃၀ တွင် မိုးကောင်းမြို့နယ်အတွင်းနှင့် တနိုင်း-ဟူးကောင်းဒေသအတွင်းရှိ ကချင်လွတ်လပ်ရေးတပ်မတော် KIA ၏ တပ်မဟာ ၂ လက်အောက်ရှိ တပ်ရင်း ၁၁ နှင့် ၁၄ တပ်စခန်းများကိုလည်းကောင်း ဗုံးကြဲခဲ့သည်။

စစ်တပ်က မတ် ၃၁ တွင် အပစ်ရပ်မည်ဟု ကြေညာခဲ့သော်လည်း စစ်ရေးလှုပ်ရှားမှုများဆက်လုပ်နေ၍ ကချင်ပြည်နယ်အတွင်း တိုက်ပွဲများဆက်လက်ဖြစ်ပွားနိုင်သည်ဟု KIA ၏ ပြန်ကြားရေးတာဝန်ခံက Myanmar Now ကို ပြောထားသည်။ 

ပြီးခဲ့သည့် ဧပြီ ၃ ရက်နေ့ကလည်း မိုးကောင်းမြို့နယ်၊ နမ္မတီးမြို့အနီး၌ တိုက်ပွဲဖြစ်ပွားခဲ့သည်။ 

မကြာသေးခင်က ကရင်အမျိုးသားအစည်းအရုံး KNU တပ်များက စစ်ကောင်စီ၏ တပ်စခန်းငယ်တစ်ခုကို တိုက်ခိုက်ခဲ့ပြီး မြောက်ပိုင်းမဟာမိတ်ညီနောင်သုံးဖွဲ့ဖြစ်သည့် AA,TNLA နှင့် MNDAA တို့ကလည်း လားရှိုးမြို့အနီး နောင်မွန်ရဲကင်းစခန်းကို တိုက်ခိုက်ခဲ့သည်။ 

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles