အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

တပ်ထောက်ခံပွဲတွင် တပ်နှင့်ပတ်သက်၍ မကြွေးကြော်ရန် ကန့်သတ်ခံရ

မန္တလေးတိုင်း ပျော်ဘွယ်မြို့နယ်၌ ယနေ့ (ဇန်နဝါရီ ၁၄) နံနက်တွင် ပြုလုပ်သည့် တပ်မတော်ထောက်ခံပွဲတွင် တပ်မတော်နှင့်ပတ်သက်သည့် ကြွေးကြော်သံများ၊ အလံများ၊ အဆောင်အယောင်များ၊ ဓာတ်ပုံများ အသုံးမပြုရန် တိုင်းအစိုးရအဖွဲ့က ကန့်သတ်ညွှန်ကြားခဲ့ကြောင်း ထောက်ခံပွဲဦးဆောင်သူများက ပြောသည်။

ထောက်ခံပွဲစီစဉ်သူများက မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ထံ တင်ပြထားသည့် ဆန္ဒထုတ်ဖော်ပွဲ ကြွေးကြော်သံများအနက် တပ်မတော်နှင့် ပတ်သက်သည့် ကြွေးကြော်သံနှစ်ခုကို အသုံးမပြုခဲ့ကြောင်း ထောက်ခံပွဲတွင် ပါဝင်ဟောပြောသူ ပျော်ဘွယ်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဒေါ်ငြိမ်းငြိမ်းက Myanmar Now ကို ပြောသည်။

“ကန့်သတ်လိုက်တော့ တပ်နဲ့ ပတ်သက်တာတွေ မအော်တော့ဘူးပေါ့။ ရွေးကောက်ပွဲနဲ့ ပတ်သက်တာတွေပဲ ကြွေးကြော်ပါတယ်” ဟု ဒေါ်ငြိမ်းငြိမ်းက ပြောသည်။

ဆန္ဒပြသူတို့ ရုပ်သိမ်းလိုက်သည့် ကြွေးကြော်သံများအကြောင်းကို အသေးစိတ် မသိရသေးပေ။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

၂၀၂၀ အထွေထွေရွေးကောက်ပွဲ တရားမမျှတမှုများကို စိစစ်ဖော်ထုတ်နေသည့် တပ်မတော်ကို ထောက်ခံကြောင်းနှင့် ဖြေရှင်းမပေးသည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို ကန့်ကွက်ရှုတ်ချကြောင်း ဆန္ဒဖော်ထုတ်ခြင်းဖြစ်သည်ဟု ထောက်ခံပွဲစီစဉ်သူများက ပြောသည်။

ထောက်ခံပွဲပြုလုပ်ရာတွင် တပ်နှင့်သက်ဆိုင်သည်များ မကြွေးကြော်ရန်နှင့် အသုံးမပြုရန်၊ လူ ၃၀ ထက်ပို၍ စီတန်းလှည့်လည်မှု မပြုရန်၊ ကိုဗစ်နိုင်တင်းရောဂါ ကာကွယ်ထိန်းချုပ်ရေး စည်းကမ်းချက်များနှင့်အညီ ပြုလုပ်ရန် ဦးဆောင်စီစဉ်သူ ပျော်ဘွယ်မြို့ခံ ဦးကိုကိုလွင် ၏ အမည်ကို မြို့နယ်စီမံခန့်ခွဲမှုကော်မတီက ဝန်ခံကတိလက်မှတ်ရေးထိုးစေထားသည့် မှတ်တမ်းတွင် တွေ့ရသည်။​

စီစဉ်သူများတင်ပြထားသော ကြွေးကြော်သံ ၁၈ ချက်အနက် တပ်နှင့် ပတ်သက်သည့် ကြွေးကြော်သံများ၊ အလံ၊ အဆောင်အယောင်နှင့်ဓာတ်ပုံများကို သုံးခွင့်မပြုဟု အဆိုပါ မှတ်တမ်းတွင် ရေးသားထားသည်။ 

ထိုကန့်သတ်မှုနှင့် စပ်လျဉ်း၍ ပျော်ဘွယ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းထွန်းကို Myanmar Now က ဆက်သွယ်မေးမြန်းရန် ကြိုးပမ်းခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိသေးပေ။ 

ထိုသို့ ကန့်သတ်ထားသော်လည်း တပ်မတော်အမှတ်တံဆိပ် အလံများကို ထောက်ခံပွဲတွင် ပါဝင်သူအချို့ ကိုင်ဆောင်ထားသည်ကို ပွဲမှတ်တမ်းဓာတ်ပုံများအရ သိရသည်။ 

“ဝန်းရံသူတွေပဲ ကိုင်တာပါ။ ဟောပြောပွဲနဲ့ စီတန်းလှည့်လည်ပွဲ စည်းဝိုင်းအတွင်းမှာရှိတဲ့ ခွင့်ပြုထားတဲ့လူ ၃၀ က မကိုင်ပါဘူး” ဟု ဒေါ်ငြိမ်းငြိမ်းက ဆိုပြီး ဝန်းရံသူအင်အားမှာ ၁,၀၀၀ ကျော်ခန့် ရှိသည်ဟုလည်း ပြောသည်။

လူဦးရေ ၃၀ ထက် မပိုရန် ကန့်သတ်ထားသော်လည်း ဝန်းရံသူ ရာထောင်ချီ ရှိနေမှု၊ တပ်မတော်အမှတ်တံဆိပ်အလံများ သုံးစွဲမှုအပေါ် အရေးယူရန် ရှိမရှိ မြို့နယ်အုပ်ချုပ်ရေးအာဏာပိုင်များထံမှ မှတ်ချက်တစ်စုံတစ်ရာ မရှိသေးပေ။ 

အလားတူ တပ်ထောက်ခံပွဲတစ်ခုကို ရန်ကုန်၌ ဒီဇင်ဘာ ၂၈ တွင် ပြုလုပ်ခဲ့ပြီး ယင်းဆန္ဒထုတ်ဖော်ပွဲတွင် ‘ပြည်ပ ပထွေးမျှော် ဖအေတော်ချင်သူများ ချေမှုန်းကြ၊ ချေမှုန်းကြ’၊ ‘တိုင်းပြည် သိက္ခာကျအောင် မဲခိုးသူ ဒို့ရန်သူ ဒို့ရန်သူ’ စသည့် ဆိုင်းဘုတ်များ ကိုင်ဆောင်လျက် ရွေးကောက်ပွဲကော်မရှင်ကို ကန့်ကွက်ခဲ့ကြပြီး အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ရန် တာဝန်ရှိနေခြင်းကြောင့် တပ်မတော်ကို ထောက်ခံသည်ဟု ကြွေးကြော်ခဲ့ကြသည်။ 

ယင်းတပ်မတော်ထောက်ခံပွဲကို ဦးဆောင်စီစဉ်သည့် အခြေခံလူတန်းစားဘဝမြင့်မားရေးပါတီ ဗဟိုကော်မတီဝင် ဒေါ်မိုးမိုးခိုင်ကို အနောက်ပိုင်းခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ အရာရှိတစ်ဦးက ဇန်နဝါရီ ၁၁ တွင် ငြိမ်းစုစီပုဒ်မ ၂၀ ဖြင့် အမှုဖွင့်တရားစွဲဆိုခဲ့သည်။ 

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button