အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ကိုးနှစ်တာအတွင်း မြေမြှုပ်မိုင်းကြောင့် သေဆုံးနှင့် ထိခိုက်ဒဏ်ရာရသူ ၁၉၀၀ ခန့်ရှိ 

မြန်မာနိုင်ငံတွင် ကိုးနှစ်တာအတွင်း မြေမြှုပ်မိုင်းကြောင့် သေဆုံးသူနှင့် ထိခိုက်ဒဏ်ရာရရှိသူ ၁,၉၀၀ ခန့်ရှိကြောင်း မြေမြှုပ်မိုင်းရှင်းလင်းရေးနှင့် ပတ်သက်၍ နိုဘယ်ဆုရရှိထားသည့် ဆွစ်ဇာလန်နိုင်ငံအခြေစိုက် Landmine and Cluster Munition Monitor အဖွဲ့က ယနေ့ ထုတ်ပြန်လိုက်သည်။ 

မြေမြှုပ်မိုင်းအန္တရာယ်အရှိဆုံး နိုင်ငံတစ်နိုင်ငံဖြစ်သော မြန်မာနိုင်ငံတွင် မြေမြှုပ်မိုင်းကြောင့် သေဆုံးသူ သို့မဟုတ် ဒဏ်ရာရသူ တစ်နေ့လျှင် တစ်ယောက်နှုန်း ရှိနေသည်ဟု မြေမြှုပ်မိုင်း စောင့်ကြည့်လေ့လာရေးဆောင်ရွက်နေသော အဆိုပါအဖွဲ့က ဆိုသည်။ 

“ငြိမ်းချမ်းရေးဆိုတာ သူတို့တင်မကဘဲ လူတိုင်းပါဝင်ရမယ့် ကိစ္စဖြစ်တာကြောင့် ချက်ချင်းမရနိုင်ပါဘူး။ သူတို့ (တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်) ကိုယ်တိုင်လုပ်နိုင်တာက မြေမြှုပ်မိုင်းအသုံးပြုမှုကို ချက်ချင်းရပ်လို့ ရပါတယ် “ ဟု ယင်းအဖွဲ့မှ သုတေသနညှိနှိုင်းရေးမှူးနှင့် အယ်ဒီတာဖြစ်သူ ဒေါက်တာ Yeshua Moser-Puangsuwam က ပြောသည်။ 

တပ်မတော်နှင့်တိုင်းရင်းသားလက်နက်ကိုင်များကို မိုင်းအသုံးပြုမှုရပ်ဆိုင်းရန် တောင်းဆိုခဲ့သော်လည်း နှစ်ဖက်စလုံးက ငြိမ်းချမ်းရေးသဘောတူညီချက်ရမှသာလျှင် ရပ်ဆိုင်းနိုင်မည်ဟု အကြောင်းပြန်ခဲ့ကြသည်ဟု  ၎င်းက ဆိုသည်။ 

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

၂၀၁၉ ခုနှစ်အတွင်း၌ပင် မြေမြှုပ်မိုင်းကြောင့် သေဆုံးသူ ၈၉ ဦးနှင့် ဒဏ်ရာရသူ ၂၆၉ ဦး ရှိခဲ့ပြီး အထူးသဖြင့် ရှမ်း၊ ကချင်နှင့် ရခိုင်ပြည်နယ်တို့တွင် အရေအတွက်အများဆုံးဖြစ်သည်ဟုလည်း ဆိုသည်။ 

ကမ္ဘာ့နိုင်ငံအားလုံး၏ ၈၀ ရာခိုင်နှုန်းကျော် လက်မှတ်ရေးထိုးထားသည့် မြေမြှုပ်မိုင်းသုံးစွဲမှု တားမြစ်ပိတ်ပင်ရေးသဘောတူညီချက်ကို  မြန်မာနိုင်ငံက လက်မှတ်ရေးထိုးထားခြင်း မရှိဘဲ အာဖဂန်နစ္စတန်နိုင်ငံပြီးလျှင် မြေမြှုပ်မိုင်းအန္တရာယ်အရှိဆုံးနိုင်ငံဖြစ်သည်ဟု Landmine and Cluster Munition Monitor ၏ အစီရင်ခံစာအရ သိရသည်။

 ၂၀၂၀ ၊ ဇွန်လအတွင်းက စစ်တမ်းတစ်ခုတွင် စစ်ရှောင်များနေရပ်ပြန်ရန် အစိုးရက ရွေးချယ်ထားသည့် ကချင်ပြည်နယ်၊ ကျေးရွာ ၅၉ ရွာအနက် ၇၀ ရာခိုင်နှုန်းသည် မိုင်းအန္တရာယ်များရှိနေသေးကြောင်း တွေ့ရသည်ဟု ဒေါက်တာ Yeshua Moser-Puangsuwam က ပြောသည်။ 

မိုင်းရှင်းလင်းရေးလုပ်ငန်းများကို မဟာဗျူဟာများချမှတ်ကာ မိုင်းရှင်းလင်းရေးအဖွဲ့များ ဖွဲ့ပြီး လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ၂၀၂၀ မေလတွင် မြန်မာအစိုးရက ပြောကြားခဲ့သော်လည်း မည်သည့်ပုံစံဖြင့် လုပ်ဆောင်သွားမည်ကို မသိရသေးဟု ၎င်းက ပြောသည်။

ကရင်ပြည်နယ်အတွင်း၌ မြေမြှုပ်မိုင်းနှင့် ပေါက်ကွဲစေတတ်သောပစ္စည်း သုံးသောင်းကျော်ကို တိုင်းရင်းသားလက်နက်ကိုင်များနှင့် ပေါင်းပြီးရှင်းလင်းခဲ့သည်ဟု မြန်မာအစိုးရက ၂၀၁၉ ခုနှစ် အောက်တိုဘာတွင် ကျင်းပခဲ့သည့် ကုလသမဂ္ဂအထွေထွေညီလာခံတွင် ပြောကြားခဲ့သော်လည်း ကရင်လက်နက်ကိုင်များနှင့် ကရင်အရပ်ဘက်အဖွဲ့အစည်းများက မသိရှိကြောင်းလည်း ဒေါက်တာ Yeshua က ပြောသည်။ 

ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တောင်ပိုင်းတွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) အကြား ဖြစ်ပွား သော တိုက်ပွဲများကြောင့် ထိခိုက်သေဆုံးမှုများ ရှိသည့်အပြင် မြေမြှုပ်မိုင်းကြောင့် ထိခိုက်သေဆုံး မှုများလည်း ရှိခဲ့သည်။ 

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ရုတ်သားကျေးရွာ၌ ပြီးခဲ့သည့် နိုဝင်ဘာ ၄ တွင် ရွာအနီး မိခင် နှင့်အတူ ဟင်းရွက်ခူးနေစဉ် မိုင်းပေါက်ကွဲကာ အသက် ၁၇ နှစ်အရွယ်ရှိ မစန္ဒာအေး ခြေထောက်နှစ်ဖက် ပြတ်တောက်ခဲ့သည်။ 

“ရွာကိုပြန်ရောက်တာ တစ်ညအိပ်ပဲ ရှိပါသေးတယ်။ နောက်တစ်ရက် မနက် ၁၁ နာရီလောက်မှာ မိုင်းနင်းမိတာ။ ဗြုန်းဆို မိုးကြိုးပစ်တယ် ထင်လိုက်မိတာ။ မိုင်းပေါက်တယ်ဆိုတော့ ခြေထောက်မရှိတော့ဘူးဆိုပြီး အမေက အော်ငိုတာ” ဟု မစန္ဒာအေးက Myanmar Now ကို ဒီဇင်ဘာ ၁၄ တွင် ပြောသည်။ 

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ကချင်နှစ်ခြင်းအသင်းတော် ( KBC) ဥက္ကဋ္ဌ ဒေါက်တာခလမ်ဆမ်ဆွန်နှင့်  ပြီးခဲ့သည့် ဒီဇင်ဘာ ၂ တွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ တွင် တွေ့ဆုံစဉ် ကချင်စစ်ရှောင်များနေရပ်ပြန်နိုင်ရေးနှင့် မိုင်းရှင်းလင်းရေးများ ဆွေးနွေးခဲ့သည်။ 

ကချင်ပြည်နယ်မှ ကျေးရွာ ၅ ရွာထက်မနည်းကို တပ်မတော်က မိုင်းရှင်းလင်းရေးလုပ်ပြီးဖြစ်သည့် အတွက် ရွာသား ၅,၀၀၀ နီးပါးခန့်သည် လာမည့်လအနည်းငယ်အတွင်း နေရပ်ပြန်နိုင်မည်ဖြစ်သည်ဟု ဒေါက်တာခလမ်ဆမ်ဆွန်က ဒီဇင်ဘာ ၁၈ တွင် Myanmar Now ကို ပြောသည်။

ကချင်ပြည်နယ်အတွင်း စစ်ရှောင်များနေရပ်ပြန်ရန်အတွက် ရွေးချယ်ထားသည့် ၁၇ ရွာ အနက် ဝိုင်းမော်မြို့နယ်အတွင်းရှိ ဒဘတ်ယန်ရွာတွင်‌ နေအိမ်များ၊ ဘုရားကျောင်း၊ စာသင်ကျောင်း စသည့်နေရာ များတွင် ၄ ရက်ကြာ မိုင်းရှင်းလင်းရေးလုပ်ဆောင်ခဲ့ရာ တိုက်မိုင်းကိုယ်ထည် ၁၀ လုံး ရှင်းလင်းနိုင်ခဲ့ သည်ဟု တပ်မတော််က ယနေ့ (ဒီဇင်ဘာ ၂၁) တွင် ထုတ်ပြန်သည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button