အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ဘန်ကောက်ပစ်ခတ်မှုနှင့် ပတ်သက်၍ လူသုံးဦးကို ရဲတပ်ဖွဲ့ဖမ်းဆီး

ယခုလ ၃ ရက်နေ့က ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ဈေးဝယ်စင်တာတစ်ခုတွင် ဖြစ်ပွားခဲ့သော သေနတ်ပစ်ခတ်မှုနှင့်ပတ်သက်၍ ပြစ်မှုကျူးလွန်သူ လူငယ်ကို လူသတ်မှုဖြင့် အရေးယူပြီးနောက် ထိုင်းရဲတပ်ဖွဲ့က အခြားလူသုံးဦးကိုလည်း လက်နက်ခဲယမ်းရောင်းချမှု သံသယဖြင့် ဖမ်းဆီးလိုက်သည်။

ဈေးဝယ်စင်တာ၌ ပစ်ခတ်မှုကျူးလွန်ခဲ့သည့် အသက် ၁၄ နှစ်အရွယ် လူငယ်ကို သေနတ်ရောင်းချခဲ့သည်ဟူသော သံသယဖြင့် ယမန်နေ့အစောပိုင်း၌ နိုင်ငံတောင်ပိုင်းရှိ ရာလာပြည်နယ်၌ သားအဖနှစ်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု AFP သတင်းဌာနက ရေးသားသည်။

“သူတို့အိမ်ကို စီးနင်းပြီး ဖြစ်စဉ်နဲ့ ဆက်စပ်တဲ့ သက်သေအထောက်အထားတွေ ရှာဖွေခဲ့တယ်။ စစ်ဆေးမေးမြန်းဖို့ ဘန်ကောက်ကို ပို့လိုက်ပါပြီ” ဟု ရာလာပြည်နယ်မှ အကြီးတန်းရဲအရာရှိတစ်ဦးက ပြောသည်။

ဆက်ကျော်သက်လူငယ်ကို လက်နက်ခဲယမ်းရောင်းချခဲ့သည်ဆိုသော သံသယဖြင့် တတိယမြောက် အမျိုးသားတစ်ဦးကိုလည်း ဘန်ကောက်မြို့၌ ထပ်မံဖမ်းဆီးခဲ့သည်ဟု သိရသည်။

ဘန်ကောက်မြို့လယ်ရှိ Siam Paragon စျေးဝယ်စင်တာ၌ ဖြစ်ပွားခဲ့သော ပစ်ခတ်မှုကြောင့် မြန်မာအမျိုးသမီးတစ်ဦးနှင့် တရုတ်နိုင်ငံသား အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပြီး လူအချို့လည်း ဒဏ်ရာရရှိခဲ့သည်။

ပစ်ခတ်မှုကျူးလွန်သူ လူငယ်ကို လူသတ်မှု၊ အများပြည်သူနှင့်ဆိုင်သော နေရာတွင် သေနတ်ကိုင်ဆောင် ပစ်ခတ်မှု၊ လိုင်စင်မရှိဘဲ သေနတ်ကိုင်ဆောင်မှုတို့ဖြင့် ရဲတပ်ဖွဲ့က အမှုဖွင့်အရေးယူထားသည်။ ရုံးတင် စစ်ဆေးနိုင်ရန်အတွက် ထိုလူငယ်ကို စိတ်ပိုင်းဆိုင်ရာ စစ်ဆေးနေသည်ဟု သိရသည်။

ဘန်ကောက်မြို့လယ်တွင် ပစ်ခတ်မှုဖြစ်ပြီးနောက် နိုင်ငံအတွင်း လက်နက်ကိုင်ဆောင်မှုနှင့် ပတ်သက်၍ တင်းတင်းကျပ်ကျပ်ကိုင်တွယ်ရန် အပူတပြင်းတောင်းဆိုမှုများ ပေါ်ပေါက်နေပြီး လိုအပ်သော ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံဝန်ကြီးချုပ် Srettha Thavisin က ကတိပြုထားသည်။

ဘန်ကောက်မြို့လယ် ဈေးဝယ်စင်တာပစ်ခတ်မှုမှာ ထိုင်းနိုင်ငံသမိုင်းတွင် လူအများဆုံးသေဆုံးခဲ့ရသည့် သေနတ်ပစ်ခတ်မှု နှစ်ပတ်လည်နေ့ မတိုင်မီ ရက်အနည်းငယ်အလိုတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ပြီးခဲ့သည့်နှစ်အတွင်းက ထိုင်းနိုင်ငံမြောက်ပိုင်းရှိ မူကြိုကျောင်းတစ်ခုတွင် ရဲအရာရှိဟောင်းတစ်ဦးက သေနတ်နှင့် ဓားကိုင်ဆောင်တိုက်ခိုက်မှုကြောင့် ကလေးငယ် ၂၄ ဦးနှင့် လူကြီး ၁၂ ဦး သေဆုံးခဲ့ရသည်။

ထိုင်းနိုင်ငံတွင် သေနတ်အရေအတွက် ၁၀ သန်းခန့်ရှိနေပြီး နိုင်ငံသား ၇ ဦးလျှင် တစ်ဦးနှုန်း သေနတ်ကိုင်ဆောင်နေခြင်းဖြစ်ကာ ဒေသတွင်း၌ အမြင့်ဆုံးဖြစ်သည်ဟု AFP သတင်းက ဆိုသည်။

၂၀၂၀ ပြည့်နှစ်ကလည်း ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်းရှိ မြို့နယ်တစ်ခုတွင် စစ်သားတစ်ဦး၏ ပစ်ခတ်မှုကြောင့် လူပေါင်း ၂၉ ဦး သေဆုံးခဲ့ရသည်။

သတင်းနှင့်ဓာတ်ပုံ – AFP

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button