အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရွေးကောက်ပွဲ

ရခိုင်ပြည်နယ်တွင် မွတ်စလင် ရွေးကောက်ပွဲကိုယ်စားလှယ်လောင်းတစ်ဦး ပယ်ချခံရ 

၂၀၂၀ ရွေးကောက်ပွဲတွင် စစ်တွေမြို့နယ်မှ ဝင်ရောက်ယှဉ်ပြိုင်ရန် မွတ်စလင်ကိုယ်စားလှယ်လောင်းငါးဦး လျှောက်ထားသည့်အနက် တစ်ဦးပယ်ချခံရသည်ဟု ဒီမိုကရေစီနှင့်လူ့အခွင့်အရေးပါတီဥက္ကဋ္ဌ ဦးကျော်မင်းက ပြောသည်။ 

ပယ်ချခံရသူမှာ စစ်တွေမြို့နယ်၊ ပြည်သူ့လွှတ်တော်နေရာအတွက် ဝင်ပြိုင်မည့် အဒူရော်ရှိဆိုသူဖြစ်ပြီး ၎င်းမွေးဖွားစဉ်က မိဘနှစ်ပါးမှာ နိုင်ငံသားများမဟုတ်ဟုဆိုကာ စစ်တွေခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးက သြဂုတ် ၁၁ တွင် ပယ်ချလိုက်ခြင်းဖြစ်သည်ဟု ဦးကျော်မင်းက Myanmar Now ကို ပြောသည်။

“မိဘတွေက သူမွေးစဉ်က နိုင်ငံသားဖြစ်ကြောင်း မခိုင်လုံဘူး။ အထောက်အထားမရှိဘူးဆိုပြီး ပယ်ချလိုက်တာ။ မိဘနှစ်ပါးစလုံးက အမျိုးသားမှတ်ပုံတင်(နိုင်/ကတ်)ကိုင်ထားတယ်။ အမေက နိုင်/ကတ်ပြားလည်း ရထားပြီ။ အဖေကတော့ ဆုံးသွားတာ ကြာပြီပေါ့။ အဲဒီမှတ်ပုံတင်ကိုင်တဲ့သူတွေက ဘာဖြစ်လို့ နိုင်ငံသားမဖြစ်သလဲဆိုတာ မွေးခွန်းထုတ်စရာပါ”ဟု ၎င်းက ဆိုသည်။

ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေများဖြင့် စစ်ဆေးပြီးမှ ပယ်ချခြင်းဖြစ်သည်ဟု ရခိုင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဒေါ်တင်လှိုင်က ပြောသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

“ပယ်ဖျက်တယ်ဆိုလို့ရှိရင် ကိုယ့်သဘောနဲ့ကိုယ် လုပ်လို့မရဘူး။ ရွေးကောက်ပွဲကော်မရှင်မှာ ဥပဒေ၊ နည်းဥပဒေတွေရှိတယ်။ ကော်မရှင်အဖွဲ့ခွဲဝင်တွေက အဲဒီကိုယ်စားလှယ်လောင်းတွေကို စစ်ဆေးတဲ့အခါမှာ ဒီဟာတွေနဲ့ပဲ စစ်ဆေးရတာပါ။ ဆိုတော့ ဒီဥပဒေတွေ၊ပုဒ်မတွေနဲ့ ငြိစွန်းရင် ကိုယ်စားလှယ်ဖြစ်လို့မရဘူး။ ဖြစ်ခွင့်မရှိဘူးပေါ့နော်”ဟု ၎င်းက ပြောသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ထုတ်ပြန်ထားသော တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲဥပဒေ အခန်း ၅ တွင် ရွေးကောက်တင်မြှောက်ခံပိုင်ခွင့်ရှိသူများနှင့် ဆက်လက်ရပ်တည်ပိုင်ခွင့် မရှိသူများဟု အဓိပ္ပာယ်ဖွင့်ဆိုရာတွင် ‘မွေးဖွားစဉ်က နိုင်ငံသားမဖြစ်သေးသော မိဘတစ်ပါးပါး မှဖြစ်စေ၊ နှစ်ပါးလုံးမှဖြစ်စေ မွေးဖွားသည့်နိုင်ငံသား’ ဟူသော အချက်ပါဝင်နေသည်။ 

ထိုသို့ပယ်ချလိုက်ခြင်းမှာ အခြေခံရပိုင်ခွင့်ကို ပိတ်ပင်လိုက်ခြင်းဟု မြင်မိပြီး ပြင်ဆင်ချက်အဆင့်ဆင့် တက်မည်ဟုလည်း ဦးကျော်မင်းက ပြောသည်။ 

၂၀၂၀ ရွေးကောက်ပွဲတွင် ဘူးသီးတောင်မြို့နယ်၊ ပြည်သူ့လွှတ်တော်နေရာအတွက် တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည့် အဘူလ်တာဟေရ်သည်လည်း ပြီးခဲ့သည့် ၂၀၁၅ ရွေးကောက်ပွဲတွင် အလားတူပယ်ချခံခဲ့ရသည်။ 

အဘူလ်တာဟေရ်၏ ဘိုးဘွားမိသာများသည် နိုင်ငံသားစိစစ်ရေးကတ်ရရှိထားသူများဖြစ်သောကြောင့် ရွေးကောက်ပွဲကော်မရှင်ထံ ပြင်ဆင်ချက်အဆင့်ဆင့် တက်ခဲ့သော်လည်း ရှုံးနိမ့်ခဲ့သည်။ ယခုနှစ်ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်းလျှောက်ထားပြီးဖြစ်ကာ ရွေးကောက်ပွဲကော်မရှင်၏ အဆုံးအဖြတ်ကို စောင့်နေသည်ဟု အဘူလ်တာဟေရ်က ပြောသည်။ 

“ဥပဒေအရတော့ မိဘနှစ်ပါးလည်း နိုင်ငံသားဖြစ်ပြီးသား၊ ဘိုးဘွားကလည်း နိုင်ငံသားဖြစ်ပြီးသား။ ဒါပေမယ့် ကော်မရှင်အနေနဲ့ ဘယ်လိုပုံစံနဲ့ သတ်မှတ်မလဲ စဉ်းစားရမယ်လေ”ဟု ၎င်းက ပြောသည်။

မွတ်စလင်များရွေးကောက်ပွဲဝင်ပြိုင်ခွင့်နှင့်ပတ်သက်ပြီး ရခိုင်အမျိုးသားပါတီ(ANP)၏ မူဝါရေးရာ ဦးဆောင်ကော်မတီဝင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက ၎င်းတို့အခွင့်အရေးအတွက် ၎င်းတို့ ကြိုးစားခြင်းဟု မြင်မိပြီး နိုင်ငံသားဖြစ်ပါက နိုင်ငံသားအခွင့်အရေးပေးရမည်ဟု ဆိုသည်။

“နိုင်ငံသားမဖြစ်သေးဘူးဆိုရင် နိုင်ငံသားမဖြစ်သေးဘဲ မဲပေးခွင့်မရှိ။ ဒါကြောင့် အဲလိုစာရင်းတွေမှာ ပါလာရင်တော့ ကျွန်တော်တို့ ကန့်ကွက်ရလိမ့်မယ်။ အခုတော့ ကန့်ကွက်တယ်လို့ ပြောသံ မကြားသေးဘူး” ဟု ဦးဖေသန်းက ပြောသည်။

ရွေးကောက်ပွဲဝင်ပြိုင်သော်လည်း အနိုင်ရရှိရန် မျှော်မှန်းမထားဘဲ ၎င်းတို့၏ အခွင့်အရေးတစ်ရပ်ရှိသည်ကို ပြချင်၍ ဝင်ရောက်ယှဉ်ပြိုင်ရခြင်းဖြစ်သည်ဟု ဦးကျော်မင်းက ပြောသည်။

“အများပြည်သူသိအောင် ကျွန်တော်တို့မှာ ဒီအခွင့်အရေးရှိတယ်ဆိုတာကို လူတော်တော်များများက သိအောင် ကျွန်တော်တို့ ဝင်ပြိုင်ဖို့ကြိုးစားတာ။ မဲနိုင်ဖို့မဟုတ်ဘူး။ ကမ္ဘာရော သိအောင်၊ ကျွန်တော်တို့ လူထုကပါ သိအောင်နော်။ ကျွန်တော်တို့ ခိုးဝင်မဟုတ်တော့ဘူး။ ဒီနိုင်ငံမှာ ပင်ရင်းနိုင်ငံသားတွေ ဖြစ်တယ်”ဟု ၎င်းက ပြောသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button