အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

အမျိုးသားအဆင့် စေတနာ့ဝန်ထမ်းအသင်းချုပ်ဖွဲ့မည်

ကိုဗစ်နိုင်တင်းအပါအဝင် နောင်တွေ့ကြုံလာနိုင်သည့် အရေးပေါ်အခြေအနေများ၌ အစိုးရ၏မူဝါဒနှင့်အညီ စုစည်းပါဝင်ပံ့ပိုးနိုင်ရေး အမျိုးသားအဆင့် စေတနာ့ဝန်ထမ်းအသင်းချုပ်ဖွဲ့စည်းရန် ကိုဗစ်နိုင်တင်းကာကွယ်၊ ထိန်းချုပ်၊ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီက ညွှန်ကြားထားသည်ဟု ရန်ကုန်တိုင်း လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက Myanmar Now ကိုပြောသည်။

ဧပြီ ၂၂ ရက်စွဲဖြင့် နေပြည်တော်ကောင်စီအပါအဝင် တိုင်းနှင့်ပြည်နယ်အစိုးရအဖွဲ့များ အားလုံးထံ လုပ်ငန်းစဉ် ၇ ရပ်ပါ ညွှန်ကြားစာတစ်စောင် ဗဟိုကော်မတီကပေးပို့ထားခြင်း ဖြစ်သည်။

စေတနာ့ဝန်ထမ်းများ ရေရှည်ရပ်တည်နိုင်ရေး၊ ရုပ်ပိုင်းနှင့်စိတ်ပိုင်းဆိုင်ရာ မြှင့်တင်ပေးနိုင်ရေး၊ စနစ်တကျစုဖွဲ့နိုင်ရေး၊ အလှူရှင်များ(ပုဂ္ဂိုလ်/အဖွဲ့အစည်းများ)နှင့် ဟန်ချက်ညီညီချိတ်ဆက် ဆောင်ရွက်နိုင်ရေး ရည်ရွယ်သည်ဟု အဆိုပါညွှန်ကြားစာတွင်ပါရှိသည်။

“အမြန်ဆုံးအကောင်အထည်ဖော်ဖို့ ကြိုးစားနေတယ်၊ စေတနာ့ဝန်ထမ်းအဖွဲ့ခေါင်းဆောင်တွေနဲ့ တွေ့ပြီးသွားပြီ၊ စာရင်းကောက်ဖို့ပြင်နေပါပြီ။ ပူးပေါင်းဆောင်ရွက်မှု ပိုကောင်းအောင်၊ လိုအပ်ချက်တွေကူညီပေးနိုင်အောင်ပါ” ဟု ဦးနိုင်ငံလင်းက ပြောသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

အသင်းချုပ်ထူထောင်ရေး မည်သို့ဆက်လက်စီမံမည်ကို မသိရသေးသော်လည်း တိုင်းနှင့်ပြည်နယ်များရှိ အဖွဲ့များကို သက်ဆိုင်ရာအစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီးများက တာဝန်ယူရမည်ဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။

“စီမံခန့်ခွဲမှုကော်မတီမျိုး ဖွဲ့ရမယ့်သဘောရှိတယ်။ ဒါနဲ့ပတ်သက်တဲ့ ညွှန်ကြားချက်တော့ မရသေးပါဘူး။ ဒါကြောင့် လောလောဆယ် တာဝန်ပေးထားတဲ့လုပ်ငန်းစဉ်တွေ အမြန်ဆုံးပြီးအောင် စီစဉ်နေပါတယ်၊ နှစ်ပတ်လောက်အတွင်းပြီးမယ် မျှော်မှန်းထားပါတယ်” ဟု ဦးနိုင်ငံလင်းကဆိုသည်။

မန္တလေးတွင်လည်း အလားတူကိစ္စ ဆောင်ရွက်နေပြီဖြစ်ကြောင်း မြတ်ပါရမီဆရာတော် ဦးသုမနထံမှသိရသည်။ သို့သော် အသင်းချုပ်ဖွဲ့ရန်အမိန့်စာ မထွက်မီကတည်းကဖြစ်ပြီး တရားဝင်ညွှန်ကြားပြီးနောက် တိုင်းအစိုးရအဖွဲ့က တွေ့ဆုံညှိနှိုင်းမှု တစ်စုံတစ်ရာမရှိသေးဟု ဆရာတော်ကမိန့်သည်။

“ဒီစာမထွက်ခင်နှစ်ရက်လောက်မှာ ဦးဇင်းတို့မဟာအောင်မြေမြို့နယ်အတွက် လူ ၅၀ ပေးပါ တောင်းလို့ စာရင်းပို့ထားတယ်။ ကိုဗစ်နဲ့ပတ်သက်တဲ့ ကျန်းမာရေးအသိပညာသင်တန်းတွေ ခေါ်ပေးနေတယ်။ အသင်းချုပ် စီမံခန့်ခွဲမှုတွေ ဘယ်လိုလုပ်မယ်ဆိုတာ မသိသေးဘူး”ဟု ဦးသုမနက ပြောသည်။

ကိုဗစ်နိုင်တင်း ကာကွယ်၊ထိန်းချုပ်၊ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီ၏ ညွှန်ကြားစာတွင် အသင်းချုပ်ကို စနစ်တကျစုဖွဲ့ပြီးပါက National Volunteer Corps တံဆိပ်များထုတ်ပေးရန်၊ အင်အားတိုးချဲ့ဖွဲ့စည်းခြင်း၊ အရည်အသွေးမြှင့်တင်ရေး၊ ပြည်တွင်း/ပြည်ပလေ့လာရေးခရီးများနှင့် အဖွဲ့အစည်းတိုးတက်ရေးဆိုင်ရာကိစ္စရပ်များကို ဆက်လက်ဆောင်ရွက်ရန်ပါဝင်သည်။

သို့သော် မည်သည့်အချိန်ကာလတွင် အပြီးဖွဲ့စည်းမည်၊ မည်သို့စီမံမည်ဆိုသော အသေးစိတ်အချက်အလက်များ မသိရသေးပေ။

မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသည့် ကိုဗစ်နိုင်တင်းရောဂါပျံ့နှံ့မှုကို ဟန့်တားနိုင်ရန်အတွက် အစိုးရအဖွဲ့အစည်းများနှင့်အတူ စေတနာ့ဝန်ထမ်းများက မြန်မာနိုင်ငံဒေသအသီးသီးတွင် ကူညီလုပ်‌ဆောင်ပေးနေခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် ကိုဗစ်နိုင်တင်းရောဂါ ဖြစ်ပွားသူ ၁၃၉ ဦးရှိပြီး သေဆုံးသူ ၅ ဦး၊ ပြန်လည်ကောင်းမွန်သူ ၉ ဦးရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ဧပြီ ၂၄ နံနက် ၉ နာရီတွင် နောက်ဆုံး သတင်းထုတ်ပြန်ထားသည်။

လက်ရှိတွင် စောင့်ကြည့်လူနာ ၂၄၄၀ ဦး ရှိပြီး ဓာတ်ခွဲစစ်ဆေးခဲ့သူ စုစုပေါင်းမှာ ၅၅၂၈ ဦး ရှိကြောင်းလည်း ကျန်းမာရေးဝန်ကြီးဌာနက ယနေ့နံနက် အစောပိုင်းတွင်ထုတ်ပြန်ထားသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button