အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ဘူးသီးတောင်မှ ဒဏ်ရာရကျောင်းသူ မြောက်ဥက္ကလာဆေးရုံရောက်

ရခိုင်ပြည်နယ်မြောက်ပိုင်း ဘူးသီးတောင်ရှိ မူလတန်းလွန်ကျောင်းတွင် လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲမှုကြောင့် မေးရိုးထိခိုက်ပျက်စီးသွားသည့် အသက် ၁၁ နှစ်အရွယ် လေးတန်းကျောင်းသူမှာ မေးရိုးအစားထိုးကုသရန် ယနေ့(ဖေဖော်ဝါရီလ ၁၉) ညနေပိုင်းတွင် ရန်ကုန်သို့ ရောက်ရှိလာပြီဖြစ်သည်။

ဖေဖော်ဝါရီလ ၁၃ ရက်နေ့ နံနက်ပိုင်းက ဘူးသီးတောင်မြို့အနီးရှိ ခမွိချောင်းကျေးရွာ မူလတန်းလွန်ကျောင်းသို့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲကာ ဒဏ်ရာရခဲ့သည့် ကလေးငယ် ၁၇ ဦးတွင် ဒဏ်ရာပြင်းထန်သည့် လေးတန်းကျောင်းသူ မခိုင်မေဦးကို ဘူးသီးတောင်ဆေးရုံမှ စစ်တွေဆေးရုံသို့ တင်ပို့ကုသခဲ့ပြီး မေးရိုးအစားထိုးကုသရန် ရန်ကုန်မြို့သို့ ဆက်လက်ပို့ဆောင်ခဲ့ခြင်းဖြစ်သည်။

ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်နှင့် ရခိုင်အရပ်ဘက်အဖွဲ့အစည်းများမှာ ရန်ကုန်လေဆိပ်တွင် လာရောက်စောင့်ဆိုင်းခဲ့ပြီး၊ အဆိုပါကလေးငယ်ကို ရန်ကုန်မြို့ မြောက်ဥက္ကလာပမြို့နယ်ဆေးရုံ အရေးပေါ်ဌာနသို့ ဖေဖော်ဝါရီလ ၁၉ ရက်နေ့ ညနေ ၆ နာရီခန့်တွင် ပို့ဆောင်လိုက်ပြီဖြစ်သည်။

ကျွမ်းကျင်ဆရာဝန်ကြီးများက စစ်ဆေးပြီးမှသာ မေးရိုးအစားထိုးရန် လိုအပ်မည်၊ မလိုအပ်မည်ကို သေချာပေါက် ပြောနိုင်မည်ဖြစ်ကြောင်း စစ်တွေဆေးရုံအုပ် ဒေါက်တာဦးမိုးမြင့်ဝင်းက Myanmar Now ကိုပြောသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ဒဏ်ရာရ ကလေးငယ်၏ ဖခင် ဦးထွန်းမောင်က“ကလေးက စကားတွေဘာတွေပြောနိုင်ပြီ။ ဆန်ပြုတ်တွေလည်းစားနေပြီ။ ဆရာဝန်ကြီးကတော့ (မေးရိုးအစားထိုးရမယ်) အဲ့လိုပြောတာပဲ” ဟု Myanmar Now ကိုပြောသည်။

ဖေဖော်ဝါရီ ၁၃ ရက် နံနက်က ဘူးသီးတောင်မြို့အနီးတွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော် AA တို့အကြား တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး နံနက် ၁၀ နာရီခန့်တွင် ခမီတိုင်းရင်းသားများ နေထိုင်သည့် ခမွိချောင်းကျေးရွာ မူလတန်းလွန်ကျောင်းကို လက်နက်ကြီးကျည်ဆန် ထိမှန်ခဲ့ခြင်းဖြစ်သည်။

ထိုလက်နက်ကြီးကျည် ကျရောက်မှုနှင့်ပတ်သက်ပြီး တပ်မတော်နှင့် AA တို့က မိမိတို့မပစ်ခတ်ကြောင်း ငြင်းဆိုထားကြပြီး အပြန်အလှန် စွပ်စွဲပြစ်တင်ခဲ့ကြသည်။

ဘူးသီးတောင်ဆေးရုံတွင် ပြင်ပလူနာအနေဖြင့် တက်ရောက်ကုသခဲ့သည့် ဒဏ်ရာမပြင်းထန်သည့် ကျောင်းသား ၁၅ ဦးမှာ ၎င်းတို့ နေအိမ်သို့ ပြန်လည်ရောက်ရှိသွားပြီဖြစ်ပြီး ခြေထောက်ထိခိုက်ထားသည့် အသက် ၈ နှစ်အရွယ် ၂ တန်းကျောင်းသူ တစ်ဦးသာ စစ်တွေမြို့နယ်ဆေးရုံတွင် ဆက်လက် ကုသမှုခံယူနေရသည်။

ရခိုင် အရပ်ဘက်အဖွဲ့အစည်းများအပြင် မြန်မာနိုင်ငံတစ်ဝန်းရှိ အရပ်ဘက်အဖွဲ့အစည်း ၁၀၅ ဖွဲ့ကလည်း ဘူးသီးတောင်မြို့နယ် ခမွိချောင်းကျေးရွာ မူလတန်းလွန်ကျောင်းသို့ လက်နက်ကြီးကျည် ကျရောက်၍ ကျောင်းသား၊ကျောင်းသူများ ဒဏ်ရာရရှိသည့်အပေါ် ဖေဖော်ဝါရီ ၁၇ ရက်နေ့က ဝမ်းနည်းကြောင်း ထုတ်ပြန်ထားသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles