စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ရှိ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအနီး စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်သားများက စီမံကိန်းအနီးရှိ ကံကုန်းရွာခံ နှစ်ဦးကို ဧပြီ ၁ ရက်တွင် သတ်ဖြတ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။
သတ်ဖြတ်ခံရသူများမှာ မြန်မာဝမ်ပေါင်ကုမ္ပဏီမှ ထပ်ဆင့်ငှားရမ်း (Sub Contract) ဖြင့် လုပ်ကိုင်ခွင့်ပြုထားသည့် စီနိုဟိုက်ဒရိုကုမ္ပဏီမှ ဝန်ထမ်းများဖြစ်သည်။ အသက် ၄၀ နှစ်အရွယ် ဦးတိုးကြီးမှာ တူးဖော်ရေးဌာန၊ အသက် ၅၀ နှစ်အရွယ် ဦးနိုင်မှာ စက်ပြင်ဌာနမှ ဖြစ်သည်ဟုလည်း သိရသည်။
ကြေးနီစီမံကိန်းအတွက် လုံခြုံရေးယူပေးရန် စစ်သားနှင့် ရဲအင်အား ၈၀ နီးပါး ပါဝင်သည့် စစ်ကောင်စီတပ်က ဧပြီ ၁ ရက်နေ့ နံနက်ပိုင်း ပုသိမ် – မုံရွာလမ်းတစ်လျှောက် စစ်ကြောင်းထိုးစဉ် သူတို့နှစ်ဦး သတ်ဖြတ်ခံခဲ့ရခြင်းဖြစ်သည်။
စစ်ကြောင်းဝင်လာချိန် ဦးတိုးကြီးမှာ ရွာအဝင် ကွန်ကရစ်လမ်းအနီးတွင် ပစ်သတ်ခံရခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။
အချိန်မီ တိမ်းရှောင်နိုင်ခြင်းမရှိသဖြင့် ဖမ်းဆီးခံရသူ ဦးနိုင်၏ ရုပ်အလောင်းကို ယနေ့ (ဧပြီ ၃) ရက် နံနက်ပိုင်းတွင် ရွာနှင့် တစ်မိုင်ခွဲခန့်အကွာ လယ်ကွင်းတွင် တွေ့ရကြောင်း အဆိုပါ ဒေသခံက ပြောသည်။
“စစ်ကြောင်းပြန်ထွက်တော့ ပါသွားတယ်လို့ ထင်တာ။ မုံရွာဖမ်းခေါ်သွားပြီလို့ ထင်ထားတာ။ ဒီနေ့မနက်မှ ရုပ်အလောင်းကို တွေ့တာ။ ရိုက်နှက်ဒဏ်ရာတွေလည်း တွေ့တယ်” ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် ဒေသခံ အမျိုးသားက ပြောသည်။
သတ်ဖြတ်သည့် အကြောင်းရင်းကို မသိရသေးသလို စစ်တပ်ကလည်း သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။
စစ်တပ်နှင့် တရုတ်အစိုးရပိုင် ဝမ်ပေါင်ကုမ္ပဏီတို့ ပူးတွဲလုပ်ကိုင်သည့် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှ ကြေးနီပြားများ သယ်ယူခြင်း၊ ဝန်ထမ်းအင်အား ဖြည့်တင်းခြင်းတို့အတွက် လုံခြုံရေးယူပေးရန် စစ်ကောင်စီတပ်က ပုသိမ်-မုံရွာလမ်းတစ်လျှောက်ရှိ ကျေးရွာများကို မကြာခဏ စစ်ကြောင်းထိုးနေသည်။
စီမံကိန်းအနီးတစ်ဝိုက်ရှိ ကျေးရွာများကို စစ်ကြောင်းထိုးမှုများကြောင့် ၂၀၂၁ ဇန်နဝါရီမှ ယခုလက်ရှိအချိန်အထိ တစ်နှစ်ကျော်ကာလအတွင်း အရပ်သား ၁၇ ဦး သတ်ဖြတ်ခံခဲ့ရကြောင်း စာရင်းပြုစုထားသည့် လက်ပံတောင်းဒေသခံများထံမှ သိရသည်။
တရုတ်ရင်းနှီးမြှုပ်နှံမှုတစ်ခုဖြစ်သော မုံရွာမြို့အနီး ချင်းတွင်းမြစ်တစ်ဖက်ကမ်း ဆားလင်းကြီးမြို့နယ်အတွင်းရှိ လက်ပံတောင်းတောင်၊ ကြေးစင်တောင်၊ စံပယ်တောင် ကြေးနီတူးဖော်ရေးစီမံကိန်းများကို ရပ်တန့်ရန် ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့များက ပြီးခဲ့သည့်နှစ် ဧပြီလတွင် သတိပေးစာ ထုတ်ပြန်ခဲ့သည်။
တရုတ်သတ္တုတူးဖော်ရေးကုမ္ပဏီ ဝမ်ပေါင်၏ လက်အောက်ခံ Myanmar Wanbao နှင့် Myanmar Yangtse ကုမ္ပဏီတို့ကလည်း ၎င်းတို့ ခြိမ်းခြောက်ခံထားရကြောင်း ထုတ်ပြန်ကြေညာသည်။ ထိုကုမ္ပဏီများသည် စစ်ကောင်စီအတွက် အကျိုးရှိစေသည်ဟုဆိုကာ အာဏာသိမ်းပြီး လအတန်ကြာကပင် အမေရိကန်အစိုးရက ဒဏ်ခတ်အရေးယူထားသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)



