အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ရခိုင်စားသောက်ဆိုင်တွင် AA စစ်ဦးစီးချုပ်၏ညီ ရှယ်ယာပါဟု ရှေ့နေ အတည်ပြု

​​​​​​မြန်မာနိုင်ငံ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးအဖွဲ့ (ဗဟို) က ချိပ်ပိတ်ခဲ့သည့် Phoenix ရခိုင်စာ စားသောက်ဆိုင်တွင် AA ၏ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ ညီအရင်း ကိုအောင်မြတ်ကျော် ရှယ်ယာပါဝင်ထားသည်ဟု သူ၏ ရှေ့နေက အတည်ပြုသည်။

ကိုအောင်မြတ်ကျော်အပါအဝင် ရခိုင်အသင်း (စင်ကာပူ) အသင်းဝင် ရှစ်ဦးအား အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနှင့် ရန်ကုန်အနောက်ပိုင်းခရိုင် တရားရုံးတွင် တရားစွဲဆိုထားပြီး ၂၁ ကြိမ်မြောက်ရုံးချိန်း၊ တရားခွင်မှအထွက် ကိုအောင်မြတ်ကျော်က ၎င်း၏ ရှေ့နေမှတဆင့် Myanmar Now ကို ပြောခြင်း ဖြစ်သည်။ 

ယမန်နေ့က တာမွေမြို့နယ် အသောကလမ်းရှိ ရခိုင်စာစားသောက်ဆိုင် ကို ငွေကြေးခဝါချမှု တိုက်ဖျက်ရေးအဖွဲ့ (ဗဟို) က ချိပ်ပိတ်ခဲ့ပြီး “မည်သူမျှမကျူးကျော်ရ” ဟု အနီရောင် တားမြစ်စာ ကပ်ထားခဲ့သည်။

အဆိုပါဆိုင်မှာ ၎င်းစင်ကာပူတွင် အလုပ်လုပ်၊ အခွန်ဆောင်ပြီးမှ ရလာသည့် ပိုက်ဆံဖြင့် လူငယ်များစုပေါင်းကာ တရားဝင်လိုင်စင် တင်ပြီး ဖွင့်ထားသည့်ဆိုင်ဖြစ်ကြောင်း ကိုအောင်မြတ်ကျော်က ပြောသည်ဟု အဆိုပါအမှု၏ ရှေ့နေများထဲမှ တစ်ယောက်ဖြစ်သည့် တရားလွှတ်တော်ရှေ့နေ ကိုကျော်မျိုးထွန်းက Myanmar Now ကိုပြောသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ငွေကြေးခဝါချမှုတိုက်ဖျက်ရေးအဖွဲ့ (ဗဟို) ၏ အရေးယူမှုအပေါ်ကိုတော့ မှတ်ချက်မပေးလိုကြောင်း ရှေ့နေမှတဆင့် ၎င်းက ဆိုသည်။

“သူ (ကိုအောင်မြတ်ကျော်) ပြောတာကတော့ လုပ်ချင်တာလုပ်နေကြတာပဲတဲ့၊ အဲဒီအပေါ်မှာတော့ ဘာမှမပြောလိုဘူးတဲ့” ဟု ရှေ့နေကိုကျော်မျိုးထွန်းက ဆိုသည်။

Phoenix ဆိုင်တွင် ရှယ်ယာပါဝင်ထားသည့် လူအရေအတွက်နှင့် အမည်များကိုမူ မသိရပေ။

ကိုအောင်မြတ်ကျော်၏ စားသောက်ဆိုင်အပြင် နာမည်ကြီးရခိုင်အဆိုတော် ကိုဝင်းကိုခိုင် ပိုင်ဆိုင်ပြီး တောင်ဥက္ကလာပမြို့နယ် ရတနာလမ်းမပေါ်တွင်ရှိသည့် ‘မဟာနွယ်’ ရခိုင်စားသောက်ဆိုင်ကိုလည်း ပြီးခဲ့သည့်ရက်ပိုင်းက ငွေကြေးခဝါချမှုတိုက်ဖျက်ရေးအဖွဲ့ (ဗဟို) က ချိပ်ပိတ်ခဲ့သည်။

ကိုအောင်မြတ်ကျော်ကို ဖမ်းဆီးပြီး ကွန်ပျူတာ၊ လက်ကိုင်ဖုန်း၊ ဘဏ်ကတ်အစရှိသည့် သက်သေခံပစ္စည်းများကိုလည်း ရှာဖွေပုံစံဖြင့် သိမ်းဆည်းခဲ့ပုံကို ယနေ့စစ်ဆေးသည့် တရားခွင်တွင် တရားလိုပြသက်သေ ရဲအုပ်ဝင်းမင်းလတ်က ထွက်ဆိုခဲ့သည်။

ကိုအောင်မြတ်ကျော်ထံမှ သိမ်းဆည်းရမိသည့် အသံဖိုင်တချို့တွင် ကိုအောင်မြတ်ကျော်က AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်၊ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်ညိုထွန်းအောင်၊ ထင်ရှားသည့် ရခိုင်အဆိုတော် ဝင်းကိုခိုင်တို့အပြင် အခြား အမျိုးသား သုံးဦးတို့နှင့် အပြန်အလှန်ပြောထားကြောင်း ရဲအုပ်ဝင်းမင်းလတ်က ထွက်ဆိုသည်။

Myanmar Now က အဆိုတော်ဝင်းကိုခိုင်ကို ဆက်သွယ်မေးမြန်းရာ “မအားသေး” ဟု ဖုန်းဖြင့် ပြန်လည်ဖြေကြားခဲ့သည်။

Phoenix နှင့် မဟာနွယ် ရခိုင်စားသောက်ဆိုင်နှစ်ဆိုင် ချိပ်ပိတ်ခံရသည့် ကိစ္စနှင့်ပတ်သက်ပြီး အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန (နေပြည်တော်) မှ ညွှန်ကြားရေးမှူး ဦးအောင်မျိုးကို Myanmar Now က ဖုန်းဖြင့်ဆက်သွယ်မေးမြန်းရာတွင် ဆိုင်နှစ်ဆိုင် ချိပ်ပိတ်ခံထားရသည့် ကိစ္စကို မသိရှိသေးဟု ၎င်းကပြောသည်။

ကိုအောင်မြတ်ကျော်ပါဝင်သည့် ရခိုင်အသင်း (စင်ကာပူ) သည် AA အဖွဲ့ကို ရန်ပုံငွေရှာဖွေပေးနေသည်ဟုဆိုကာ စင်ကာပူအစိုးရက အသင်းဥက္ကဋ္ဌ ကိုဟိန်းဇော်၊ ခေါင်းဆောင်ကိုအောင်မြတ်ကျော် အပါအဝင် စုစုပေါင်းရခိုင်ခြောက်ဦးကို ပြီးခဲ့သည့်နှစ် ဇူလိုင်လအတွင်း ပြည်နှင်ဒဏ်ပေးခဲ့သည့်အတွက် မြန်မာနိုင်ငံသို့ပြန်ရောက်လာခဲ့သည်။

ရန်ကုန်ပြန်ရောက်လာသည့် ၎င်းတို့ ၆ ဦးနှင့် ဆက်စပ်သူများအပါအဝင် စုစုပေါင်း ၈ ဦးကို အချိန်မတူ၊ နေရာမတူဘဲ အသီးသီးဖမ်းဆီးလိုက်ပြီး သြဂုတ်လ ၉ ရက်တွင် ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံး၌ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀(ည)၊ ပုဒ်မ ၅၂(က)တို့ဖြင့် တရားစွဲဆိုခဲ့သည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles