အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

မင်းပြားတွင် စစ်ကြောင်း၏ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့သူမှာ AA အရာရှိဟု တပ်မတော်ဆို

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ စိတ္တရကျေးရွာတွင် ဒီဇင်ဘာ ၁၁ ရက်က တပ်မတော်စစ်ကြောင်းတစ်ခု ရွာအတွင်းသို့ဝင်ရောက်ပြီး ပစ်ခတ်စဉ် သေဆုံးခဲ့သည်ဟုဆိုသည့် ကျောက်မှော်ကျေးရွာတာဝန်ခံ ဦးကျော်အေးမောင်မှာ ရက္ခိုင့်တပ်တော် AA မှ အရာရှိတစ်ဦးဖြစ်သည်ဟု တပ်မတော်က ထုတ်ပြန်လိုက်သည်။

တပ်မတော်စစ်ကြောင်း၏ စိတ္တရရွာကျေးရွာအတွင်း ပစ်ခတ်စဉ် အုပ်ချုပ်ရေးမှူး ဦးဉာဏ်သိန်း၊ ကျော်မော်ကျေးရွာမှ တာဝန်ခံ ဦးကျော်အေးမောင်တို့ သေဆုံးသွားခဲ့သည်ဟု ယမန်နေ့ (ဒီဇင်ဘာ ၁၈ ရက်) ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် သေဆုံးသူများ၏အလောင်းများကို စစ်ဆေးရာတွင် ဦကျော်အေးမောင်မှာ AA အရာရှိဖြစ်ကြောင်း သက်သေပြနိုင်သည့် ဓာတ်ပုံအထောက်အထားများ တွေ့ရှိခဲ့သည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဝက်ဘ်ဆိုက်တွင် ရေးသားထားသည်။

တပ်က ထုတ်ပြန်သည့် ပုံတွင် ဦးကျော်အေးမောင်၏ပုံနှင့် AA စစ်ရေးအခမ်းအနားတစ်ခု ပုံတို့ကို ယှဉ်တွဲပြထားပြီး စစ်ရေးပြအခမ်းအနားပုံပါ AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ “ရှေ့ဆောင်ဓားကိုင်” တစ်ဦးသည် ဦးကျော်အေးမောင်ဖြစ်သည်ဟု ဆိုထားသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ထို့ပြင် စိတ္တရကျေးရွာနှင့် အနီးအနားကျေးရွာများမှ ဖမ်းဆီးထားသည့် ရွာသား ၇ ဦးကလည်း ဦးကျော်အေးမောင်မှာ AA အဖွဲ့ဝင်တစ်ဦးဖြစ်ကြောင်း ထွက်ဆိုထားသည်ဟု ရေးသားထားသည်။

ဒီဇင်ဘာ ၁၂ ရက်တွင် Myanmar Now က ရေးသားခဲ့သည့် သတင်းအရ စိတ္တရကျေးရွာအတွင်း တပ်မတော်၏ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရာတွင် ဖုံသာဝကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးဦးဉာဏ်သိန်း နှင့် ဒေါ်ဖြူဖြူဝင်းအမည်ရှိ အမျိုးသမီးတစ်ဦးတို့ သေဆုံးသွားကြောင်း ရွာ၏ရာအိမ်မှူးနှင့် မိသားစုဝင်များက အတည်ပြုခဲ့သည်။

သို့သော် ဦးကျော်အေးမောင်နှင့် ပတ်သက်၍မူ တပ်မတော်၏ထုတ်ပြန်ချက်နှင့် ရွာသားများပြောပြချက် ကွဲလွဲနေပြီး၊ ဦးကျော်အေးမောင်မှာ ကျေးရွာအတွင်း တပ်မတော်၏ ပစ်ခတ်မှုကြောင့် သေဆုံးသွားခဲ့သူများအနက်မှ တစ်ဦးဆိုသည်ကို Myanmar Now က သီးခြား အတည်မပြုနိုင်ပေ။

Myanmar Now ၏ သတင်းရင်းမြစ်ဖြစ်သည့် မျက်မြင်သက်သေ ရွာသားများကမူ ဒီဇင်ဘာ ၁၁ ရက်နေ့ညတွင် တပ်မတော်စစ်ကြောင်းတစ်ခုက စိတ္တရရွာထဲသို့ ဝင်ရောက် ပစ်ခတ်ခဲ့ပြီးနောက် ရွာသား ၇ ဦးထက်မနည်းကို ဖမ်းဆီးသွားသည်ဟု ပြောသည်။

နောက်ရက်အနည်းငယ်အကြာတွင် ဖမ်းဆီးခံထားရသူများထဲမှ တစ်ဦးဖြစ်သည့် ဦးကျော်အေးမောင်(ခ)မောင်မဲချေ၏ အလောင်းကို သလူချောင်းရွာအနီးတွင် သေနတ်ဒဏ်ရာ၊ ဓားဒဏ်ရာများနှင့် တွေ့ရှိခဲ့သည်ဟု ဒေသခံများက ပြောသည်။

တစ်ဖက်တွင် တပ်မတော်မှ ထုတ်ပြန်သလို ဦးကျော်အေးမောင်မှာ အဖွဲ့ဝင်မဟုတ်ကြောင်း ရက္ခိုင့်တပ်တော် AA မှ ပြောခွင့်ရအရာရှိ ခိုင်သုခက ဆိုသည်။

“ဒါကတော့ သူတို့ သက်သက်လုပ်ကြံတာပဲဗျ၊ ဉာဏ်ဆင်ပြီး လိမ်လည်ထုတ်ပြန်တာ” ဟု ခိုင်သုခက ဆိုသည်။

ဦးကျော်အေးမောင်သည် ကျောက်မှော်ရွာလူကြီးတစ်ဦးသာဖြစ်ပြီး အဖွဲ့ဝင်မဖြစ်နိုင်ကြောင်း စိတ္တရရွာသူ မဖြူမချေက ပြောသည်။

စိတ္တရရွာအတွင်း ပစ်ခတ်မှုကြောင့် သေဆုံးသွားသူ သုံးဦး ရှိသွားပြီဖြစ်ပြီး၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၏ အတည်ပြုချက်အရ ၇ ဦး ဖမ်းဆီးခံထားရကာ ၎င်းတို့ကို အမှုဖွင့်တရားစွဲဆိုနိုင်ရေးအတွက် မင်းပြားမြို့နယ် ရဲစခန်းသို့ အပ်နှံထားပြီးဖြစ်သည်ဟု သိရသည်။

ဒီဇင်ဘာ ၁၈ ရက် ညနေပိုင်းက မြေပုံမြို့နယ်၊ ကမ်းထောင်းကြီးမြို့အနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး အလယ်ပိုင်းရပ်ကွက်မှ အမျိုးသမီးတစ်ဦး ဦးခေါင်းနောက်ဘက်တွင် သေနတ်ဒဏ်ရာရရှိပြီး သေဆုံးခဲ့သေးသည်။

 

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles