အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ကျောက်မီးသွေး ဘိလပ်မြေစက်ရုံကိစ္စ ဆန္ဒပြသူများထဲမှနှစ်ဦး အာမခံမယူဘဲ အမှုရင်ဆိုင်မည်

မန္တလေးတိုင်းဒေသကြီးရှိ ကျောက်မီးသွေးစွမ်းအင်သုံး ဘိလပ်မြေစက်ရုံ ဖျက်သိမ်းရေး ရန်ကုန်မြို့တော်ခန်းမရှေ့ ဆန္ဒပြတောင်းဆို၍ တရားစွဲဆိုခံထားရသည့် တက်ကြွလှုပ်ရှားသူ လေးဦးအနက် နှစ်ဦးက အာမခံကို ငြင်းပယ်လိုက်သည်။

ခွင့်ပြုချက်မယူဘဲ ဆန္ဒထုတ်ဖော်သည်ဟုဆိုကာ ငြိမ်းချမ်းစွာစုဝေးခြင်းနှင့် စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေ ပုဒ်မ ၁၉ အရ တရားစွဲဆိုခံထားရသူ လေးဦး အနက်မှ ဦးဌေးအောင်နှင့် ဦးစိုးဇော်တို့ နှစ်ဦးမှာ အာမခံတင်သွင်းထားပြီး တရားရင်ဆိုင်သွားမည်ဖြစ်သည်။

ဗမာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်မှ ကိုကျော်မျိုးနှင့် တက်ကြွလှုပ်ရှားသူ ကိုနောင်နောင်တို့ကမူ အာမခံမယူသဖြင့် အချုပ်ဖြင့် အမှုရင်ဆိုင်ရမည်ဖြစ်သည်။ ၎င်းတို့လေးဦးစလုံးမှာ ရန်ကုန်မှဖြစ်သည်။

မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်ရှိ အောင်သပြေရွာရှိ ဘိလပ်မြေစက်ရုံ ဖျက်သိမ်းရေး၊ အကျဉ်းထောင်ထဲတွင် ဖမ်းဆီးခံထားရသူ သေဆုံးခဲ့မှု အမှုမှန် ဖော်ထုတ်ပေးရေး၊ ဖမ်းဆီးထားသည့် ၉ တန်း ကျောင်းသားကို ပြန်လွှတ်ပေးရေးကိစ္စများ နိုဝင်ဘာ ၂၈ ရက်နေ့ မနက်ပိုင်းက ၎င်းတို့လေးဦးက ဆန္ဒပြတောင်းဆိုခဲ့ကြသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

၎င်းတို့ကို ငြိမ်းစုစီ ပုဒ်မ ၁၉ ဖြင့် ကျောက်တံတားမြို့နယ် ရဲမှူးမျိုးသန့်က တရားလိုလုပ်ကာ ကျောက်တံတားတရားရုံး၌ တိုင်တန်းထားခြင်းဖြစ်သည်။

ငြိမ်းစုစီ ပုဒ်မ ၁၉ မှာ အာမခံတင်သွင်းနိုင်သည့် ပုဒ်မဖြစ်၍ အာမခံတင်သွင်းနိုင်ကြောင်း မြို့နယ်တရားသူကြီးက နိုဝင်ဘာလ ၂၉ ရက်တရားခွင်တွင် ပြောကြားခဲ့သော်လည်း ၎င်းတို့နှစ်ဦးက အာမခံတင်သွင်းမည်မဟုတ်ကြောင်း ဖြေကြားခဲ့သည့်အတွက် ယခု အင်းစိန်ထောင်သို့ ရောက်ရှိသွားပြီဖြစ်သည်။

“လူ့အခွင့်အရေးအရ လွတ်လွတ်လပ်လပ် ပြောဆိုတယ်၊ ဆန္ဒထုတ်ဖော်တယ်။ ဖွဲ့စည်းပုံ (အခြေခံဥပဒေ) မှာလည်းပါတယ်။ လူတွေက ကိုယ့်ရဲ့ လူ့အခွင့်အရေးအရ လွတ်လွတ်လပ်လပ် ပြောဆိုခွင့်၊ ရေးသားထုတ်ဝေခွင့်တွေက ရှိပြီးသားပဲ” ဟု ကိုကျော်မျိုးကဆိုသည်။

ထို့ကြောင့် ငြိမ်းစုစီပုဒ်မ ၁၉ ဖြင့် တရားစွဲဆိုခြင်းမှာ မျှတမှုမရှိသည့်အတွက် အာမခံမယူဘဲ တရားရင်ဆိုင်သွားမည်ဖြစ်ကြောင်း တရားခွင်မှ အထွက်တွင် ပြောသည်။

အဆိုပါစီမံကိန်း ဖျက်သိမ်းပေးရန် ယမန်နှစ်ကတည်းက အကြိမ်ကြိမ် ဆန္ဒပြမှုများ ပြုလုပ်ခဲ့ကြသဖြင့် ရွာသူရွာသား ၂၀ ကျော်မှာ တရားစွဲဆိုခံခဲ့ရပြီး အောင်သပြေရွာသား ကိုထွန်းမြင့်ဝင်းမှာ ဖမ်းဆီးထိန်းသိမ်း ခံထားရစဉ် အကျဉ်းထောင်အတွင်း သေဆုံးသွားခဲ့သည်။

ပြီးခဲ့သည့် အောက်တိုဘာ ၉ ရက်နေ့ကလည်း အဆိုပါကျေးရွာမှ ဒေသခံ ၅၀ ဝန်းကျင် က ရန်ကုန်မြို့တော်ခန်းမရှေ့ ၌ ဆန္ဒထုတ်ဖော်ခဲ့ကြသေးသည်။

တစ်ရက်လျှင် ကျောက်မီးသွေး တန်ချိန် ၅၀၀၀ ခန့် အသုံးပြုလည်ပတ်ရမည့် ထိုဘိလပ်မြစက်ရုံ စီမံကိန်းကြောင့် ၎င်းတို့၏ ယာခင်းများပျက်စီးခြင်း၊ လေထုညစ်ညမ်းခြင်း၊ ကျန်းမာရေး ထိခိုက်ခြင်းများ ဖြစ်ပေါ်မည်ကို ဒေသခံရွာသားများက စိုးရိမ်နေကြသည်။

 

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button