အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

AA ယာယီစခန်းကို သိမ်းပိုက်နိုင်ပြီဟု တပ်မတော်ထုတ်ပြန်

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် ယိုးတရုတ်ရွာအနီးရှိ ရက္ခိုင့်တပ်တော်AA ၏ ယာယီအခြေပြုစခန်းကို သိမ်းပိုက်နိုင်ခဲ့ကြောင်း အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီးဝင်းဇော်ဦးက ယနေ့(အောက်တိုဘာ ၁၈ ရက်) ပြောသည်။

ယိုးတရုတ်ရွာ၏ အနောက်ဘက် ၆ မိုင်ခန့် အကွာရှိ ကျောက်ပုံတောင်ပေါ်တွင် ရှိနေသည့် အဆိုပါ AA စခန်းကို ယမန်နေ့ မွန်းတည့်ချိန်ခန့်လောက်တွင် တပ်မတော်မှ စတင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ရဟတ်ယာဉ်နှစ်စီး သုံးစွဲကာ တိုက်ခိုက်ရသည်အထိ ပြင်းထန်ခဲ့ကြောင်း ၎င်းက ပြောသည်။

ယနေ့မနက် ၁၁ နာရီခန့်တွင် တိုက်ပွဲ ထပ်မံဖြစ်ပွားခဲ့ပြီး မွန်းလွဲ ၂ နာရီခန့်တွင် AA စခန်းကို သိမ်းပိုက်နိုင်ခဲ့ကြောင်း ဗိုလ်မှူးကြီးဝင်းဇော်ဦးက ဆက်လက်ပြောသည်။

“ စခန်းကနေ မိုင်းတွေအများကြီး သိမ်းမိတယ်။ ကျန်တဲ့အနီးတစ်ဝိုက်ကိုလည်း နယ်မြေဆက်ရှင်းနေတုန်းပဲ ” ဟု ဗိုလ်မှူးကြီးဝင်းဇော်ဦးက ပြောသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ယနေ့မနက် အစောပိုင်းမှစ၍ တပ်မတော်က လက်နက်ကြီးများနှင့် ပစ်ခတ်မှုများ ရှိနေခဲ့ကာ နေ့လယ်ပိုင်းတွင် မြေပြင်ထိုးစစ်ပါ ပြုလုပ်လာသည့်အတွက် တိုက်ပွဲများ ပြင်းထန်နေကြောင်းနှင့် တိုက်ပွဲ အသေးစိတ်အခြေအနေကိုမူ မသိရသေးကြောင်း AA ပြောခွင့်ရအရာရှိ ခိုင်သုခက Myanmar Now ကို ပြောသည်။

ယခုလ ၁၆ ရက်နေ့က စတင် ဖြစ်ပွားသည့် တိုက်ပွဲအတွင်း တပ်မတော်ဘက်မှ အကျအဆုံးများကြောင်းကိုလည်း ၎င်းက ဆက်လက်ပြောသည်။

အောက်တိုဘာလ ၁၇ ရက်က ရသေ့တောင်မြို့နယ် အာကာတောင်ရွာနှင့် ရက်ခုန်တိုင်ရွာအကြားတွင် တိုက်ပွဲဖြစ်ပွားကြောင်းနှင့် အောက်တိုဘာ ၁၈ ရက်က မြောက်ဦးမြို့နယ် တိမ်ညိုရွာအနီးတွင် ဖြစ်ပွားသည့် တိုက်ပွဲအတွင်း တပ်မတော်၏ ရိက္ခာထောက်ပို့စခန်းတစ်ခုကို သိမ်းပိုက်နိုင်ခဲ့ကြောင်း AA က ထုတ်ပြန်ထားသည်။

တိုက်ပွဲဖြစ်ပွားသည့် နေရာအနီးတွင် ရွာသုံးရွာခန့် ရှိနေသည့်အတွက် ရွာသားများ ပိတ်မိနေမည်ကို စိုးရိမ်ကြောင်း ပုဏ္ဏားကျွန်းမြို့နယ် အမျိုးသားလွှတ်တော်အမတ် ဦးခင်မောင်လတ်က ပြောသည်။

တိုက်ပွဲဖြစ်ပွားသည့် နေရာနှင့် အနီးဆုံးတွင်ရှိသည့် လောက်ပုတ်ရွာမှာ အိမ်ခြေ ၃၀ ခန့် ရှိပြီး အနီးအနားရွာဖြစ်သည့် အောင်မကျော်ရွာသို့ တစ်ရွာလုံး ပြောင်းရွှေ့ တိမ်းရှောင်နေရသည်ဟု ၎င်းက ဆက်လက်ပြောသည်။

“ အရင်တိုက်ပွဲတွေတုန်းက ပြေးဖို့ အချိန်ရတယ်၊ အခုက ဗြုန်းခနဲဖြစ်တာဆိုတော့ သူတို့(ရွာသားတွေ) ပြေးဖို့အချိန် မရလိုက်ဘူး ” ဟု ဦးခင်မောင်လတ်က ဆိုသည်။

ပုဏ္ဏားကျွန်းမြို့နယ် ယိုးတရုတ်ရွာအနီးတွင် မကြာခဏ ပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်ပွားလေ့ရှိပြီး ကျန်ခဲ့သည့် မတ် ၉ ရက်က ယိုးတရုတ်ရဲစခန်းကို AA က ဝင်ရောက်တိုက်ခိုက်သည့်အတွက် ရဲတပ်ဖွဲ့ဝင် ၉ ဦး ကျဆုံးခဲ့သည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles