အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ကုလအစီရင်ခံစာပါ စွပ်စွဲချက်ကို ဂျပန်ဆေးလိပ်ကုမ္ပဏီ ငြင်းဆို

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအချက်အလက် ရှာဖွေရေးအဖွဲ့၏ ဩဂုတ်လ အစီရင်ခံစာတွင် Myanmar Japan Tobacco ကုမ္ပဏီသည် တပ်မတော်၏ စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်သည့် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) နှင့် ဖက်စပ်လုပ်ကိုင်သည်ဟူသော ဖော်ပြချက်သည် မမှန်ကန်ကြောင်း ထိုကုမ္ပဏီက ထုတ်ပြန်လိုက်သည်။

“မြန်မာနိုင်ငံက JTI ရဲ့ စီးပွားရေးနဲ့ ပတ်သက်ပြီး အစီရင်ခံစာထဲမှာ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းနဲ့ ဖက်စပ်လုပ်ကိုင်တယ်ဆိုတဲ့ ရည်ညွှန်းချက်ဟာ အကြွင်းမဲ့ မှားယွင်းပါတယ်” ဟု Mevius ၊ Wiston နှင့် Camel အမှတ်တံဆိပ် စီးကရက်များ ထုတ်လုပ်သည့် မင်္ဂလာဒုံစက်မှုဇုန်ရှိ ထိုကုမ္ပဏီ၏ ထုတ်ပြန်ချက်က ဆိုသည်။

အချက်အလက် ရှာဖွေရေးအဖွဲ့၏ ဩဂုတ်လ ၅ ရက်နေ့ထုတ် “မြန်မာ့တပ်မတော်၏ စီးပွားရေးအကျိုးစီးပွားများ” အစီရင်ခံစာတွင် တပ်မတော်ပိုင် စီးပွားရေးလုပ်ငန်းများနှင့် ပြည်တွင်းတွင် ဖက်စပ်လုပ်ကိုင်သည့် နိုင်ငံခြားကုမ္ပဏီ ၁၅ ခု ရှိသည်ဟု ဆိုထားပြီး မြန်မာဂျပန် တိုဘက်ကို ကုမ္ပဏီ လီမိတက် (Myanmar Japan Tobacco Co Ltd) လည်း ပါဝင်သည်ဟု ဖော်ပြခဲ့သည်။

ယင်းဖော်ညွှန်းချက်သည် ပြည်တွင်းအခြေစိုက် ပြည်သူ့ကျန်းမာရေးဖောင်ဒေးရှင်း (PHF) ၏ ဆေးလိပ်နှင့် သက်ဆိုင်သော ၂၀၁၈ အစီရင်ခံစာတစ်စောင်ကို ကိုးကားထားခြင်း ဖြစ်ကြောင်း အစီရင်ခံစာတွင် ပါရှိသည်။

သို့သော် အစီရင်ခံစာထုတ်ပြန်ပြီး တစ်ရက်အကြာ ဩဂုတ်လ ၆ ရက်နေ့တွင် Myanmar Japan Tobacco ကုမ္ပဏီ၏ မိခင်ကုမ္ပဏီဖြစ်သော ဂျပန်နိုင်ငံအခြေစိုက် Japan Tobacco International (JTI) ကမူ ယင်းဖော်ပြချက်သည် မမှန်ကန်ကြောင်း အချက်အလက် ရှာဖွေရေးအဖွဲ့ထံ အကြောင်းကြား တုံ့ပြန်ခဲ့သည်။

JTI ၏ ငြင်းဆိုမှုကြောင့် အချက်အလက်ရှာဖွေရေးအဖွဲ့က ပြည်သူ့ကျန်းမာရေးဖောင်ဒေးရှင်းနှင့် ပြန်လည်စစ်ဆေးရာ ဖောင်ဒေးရှင်းက ၎င်းတို့အနေနှင့် အချိန်မီ အချက်အလက် အတည်မပြု နိုင်ခဲ့သဖြင့် မှားယွင်းဖော်ပြခဲ့မိကြောင်း ဖောင်ဒေးရှင်း၏ ဩဂုတ်လ ၇ ရက်နေ့ အကြောင်းပြန်စာတွင် ရေးသားထားသည်။

ဖောင်ဒေးရှင်း၏ အကြောင်းပြန်စာနှင့် JTI ၏ ဩဂုတ်လ ၆ ရက်နေ့ အကြောင်းကြားစာတို့ကို အချက်အလက်ရှာဖွေရေးအဖွဲ့က ၎င်း၏ဝက်ဘ်ဆိုက်တွင် ထုတ်ပြန်ထားသည်။ JTI ကလည်း ကုမ္ပဏီနှင့် အချက်အလက်ရှာဖွေရေးအဖွဲ့တို့ကြား ဆက်သွယ်ပြောဆိုထားသည့် အီးမေးလ်အချို့ကို ၎င်း၏ အင်တာနက်စာမျက်နှာတွင် ထုတ်ပြန်ထားသည်။

ယင်းအီးမေးလ်များအရ စက်တင်ဘာလ ၉ ရက်နေ့တွင် စတင်မည့် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ အစည်းအဝေး ကျင်းပချိန်တွင် အချက်အလက်ရှာဖွေရေးအဖွဲ့က ထပ်မံရရှိထားသည့် သတင်းအချက်အလက်များကို အစီရင်ခံစာတွင် ထည့်သွင်းထုတ်ပြန်ပေးမည်ဟုလည်း သိရသည်။

Myanmar Japan Tobacco ကုမ္ပဏီသည် ၂၀၁၂ ခုနှစ်တွင် နိုင်ငံခြားကုမ္ပဏီအဖြစ် မှတ်ပုံတင်ခဲ့ပြီး ရန်ကုန်ရှိ မင်္ဂလာဒုံစက်မှုဇုန်တွင် စက်ရုံတည်ထားသည်။ ကုမ္ပဏီ၏ ပြည်တွင်းဖက်စပ် စီးပွားဖက်မှာ Focus Star ကုမ္ပဏီ ဖြစ်သည်။

အချက်အလက်ရှာဖွေရေးအဖွဲ့၏ အစီရင်ခံစာက တပ်မတော်ပိုင် စီးပွားရေးလုပ်ငန်းစုများနှင့် ဖက်စပ်လုပ်ငန်းများ လုပ်ကိုင်ခြင်းနှင့် စီးပွားရေးဆက်ဆံမှုများ ပြုလုပ်ခြင်းကြောင့် စစ်တပ်ကို ငွေကြေးထောက်ပံ့ပေးရာ ရောက်ပြီး “အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးဥပဒေနှင့် အပြည်ပြည်ဆိုင်ရာ လူသားချင်း စာနာထောက်ထားမှု ဥပဒေများ ချိုးဖောက်မှုတို့အပေါ် ပံ့ပိုးဖြည့်ဆည်းပေးသူ သို့မဟုတ် ထိုပြစ်မှုတို့နှင့် ဆက်နွှယ်သူအဖြစ် သတ်မှတ်ခံရနိုင်သည်ဟု ဆိုထားသည်။

နိုင်ငံတကာ စီးပွားရေးအသိုင်းအဝိုင်းအနေဖြင့် စစ်တပ်ပိုင်လုပ်ငန်းများနှင့် စီးပွားရေး ငွေရေးကြေးရေးဆိုင်ရာ အဆက်အသွယ် မပြုလုပ်သင့်ကြောင်း၊ ယခင်က အဆက်အသွယ်ရှိခဲ့လျှင်လည်း ဆက်မလုပ်သင့်ကြောင်း အစီရင်ခံစာက တိုက်တွန်းထားသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button