အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

သက်ကြီးရွယ်အို စစ်ရှောင်တို့၏ ဂုဏ်သိက္ခာများ ပိုမိုလျစ်လျူရှုခံရဟု အေအိုင်အဖွဲ့ဆို

မြန်မာနိုင်ငံအတွင်းရှိ စစ်ဘေးရှောင်ဒုက္ခသည်စခန်းများတွင် သက်ကြီးရွယ်အိုများ၏ ဂုဏ်သိက္ခာနှင့် အခွင့်အရေးများ လျစ်လျူရှုခံရကာ ၎င်းတို့သည် အခြားသူများထက်ပို၍ စောင့်ရှောက်မှုများ လိုအပ်လျက်ရှိသည်ဟု အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (AI) က ယနေ့တွင် အစီရင်ခံစာတစ်စောင် ထုတ်ပြန်ကြေညာသည်။

ကချင်၊ လီဆူ၊ ရခိုင်၊ ရိုဟင်ဂျာ၊ ရှမ်းနှင့် တအာင်းလူနည်းစုများထဲမှ အသက် ၅၄ နှစ်မှ ၉၀ ကြားရှိသော သက်ကြီးရွယ်အို အမျိုးသမီး၊ အမျိုးသားများအား အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့် (Amnesty International/AI) ဖွဲ့က ၂၀၁၈ ခုနှစ် ဒီဇင်ဘာမှ ၂၀၁၉ ခုနှစ် ဧပြီလအတွင်း တွေ့ဆုံမေးမြန်းချက် ၁၄၆ ခုအပေါ် အခြေပြုရေးသားပြုစုထားသည့် “Fleeing my whole life: Older people’s experience of conflict and displacement in Myanmarတွင် ဖော်ပြထားခြင်းဖြစ်သည်။

မြန်မာနိုင်ငံတစ်ဝန်းရှိ ကချင်၊ တအာင်း၊ ရခိုင်နှင့်ရိုဟင်ဂျာ စစ်ဘေးရှောင်ဒုက္ခသည်များထဲတွင် သက်ကြီးရွယ်အိုနှင့် ကျောင်းသားများပါဝင်နေပြီး ၎င်းတို့သည် ကာလရှည်ကြာစွာ ဖြစ်ပေါ်လျက်ရှိသော တိုက်ပွဲများအတွင်း ကျန်းမာရေးပြဿနာများနှင့် စိတ်ဒဏ်ရာများကို ရင်ဆိုင်ခံစားနေရသည်ဟု ၎င်းအဖွဲ့က ဆိုသည်။

ကျွန်မ အသက် ကိုးနှစ်ကတည်းက အကြိမ်ကြိမ်ပြေးခဲ့ပြီးပြီ။ တစ်ချိန်လုံး သတိနဲ့ နေနေရတယ်။ ယာထဲမှာပဲဖြစ်ဖြစ်၊ ခြံထဲမှာပဲဖြစ်ဖြစ် ဘယ်မှာပဲ ရှိနေနေ အသင့်ရှိနေရတယ်။ ဘယ်တုန်းကမှ စိတ်အေးလက်အေး မရှိခဲ့ရပါဘူး ဟု ရွှေ့ပြောင်းဒုက္ခသည်စခန်း၌ နေထိုင်သည့် အသက် ၆၅ နှစ်အရွယ် ကချင်အမျိုးသမီး အင်ဒင်ထုဘူကို ကိုးကားပြီး AI အဖွဲ့၏ အစီရင်ခံစာတွင် ရေးသားထားသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ထို့အပြင် ၂၀၁၇ ခုနှစ်က ရခိုင်ပြည်နယ်မြောက်ပိုင်း ရဲကင်းစခန်းများကို အာဆာ ခေါ် ရိုဟင်ဂျာကယ်တင်ရေးတပ်အမည်ခံ စစ်သွေးကြွတစ်ဖွဲ့က အလစ်ဝင်ရောက် တိုက်ခိုက်ပြီးနောက် “နယ်မြေရှင်းလင်းရေးများ” တပ်မတော်က ဆောင်ရွက်စဉ်အတွင်း ဒေသခံ ရိုဟင်ဂျာ သက်ကြီးရွယ်အို အမျိုးသား၊ အမျိုးသမီးကြီးများမှာ ၎င်းတို့၏ နေအိမ်ထဲတွင်ပင် အရှင်လတ်လတ်မီးရှို့အသတ်ခံခဲ့ရသည်ဟု အစီရင်ခံစာတွင် ဆိုထားသည်။

အစီရင်ခံစာတွင် အသက် ၈၀ အရွယ် ရိုဟင်ဂျာအမျိုးသား ဂူးလ်ဘဟာသည် ၎င်းတို့နေသည့် နေရာအနီးတွင်ရှိသော ဆေးခန်းမှ အကိုက်အခဲပျောက်ဆေး ပါရာစီတမော တစ်မျိုးသာရကြောင်းနှင့် ၎င်းလိုအပ်သောဆေးများကို ဝယ်ယူနိုင်ရန် ရရှိသောရိက္ခာအချို့နှင့် စောင်များကိုပါ ရောင်းချခဲ့ရကြောင်း ပြောသည်ဟု ကိုးကားထားသည်။

ကျေးရွာများအနီးသို့ စစ်ကြောင်းများရောက်ရှိလာသည်ဟု သတင်းကြားလျှင် တစ်ရွာလုံးနီးပါး ထွက်ပြေးကြပြီး သက်ကြီးရွယ်အိုများမှာမူ နေအိမ်အပေါ် သံယောဇဉ်ရှိခြင်းနှင့် ကိုယ်တိုင်မပြေးနိုင်ခြင်းတို့ကြောင့် ရွာထဲတွင်သာ ကျန်ရစ်နေခဲ့ကြရကာ ယင်းသက်ကြီးရွယ်အိုများကို စစ်သားများက ဖမ်းဆီးနှိပ်စက်ခြင်းနှင့် သတ်ဖြတ်ခြင်းတို့ကို ပြုလုပ်တတ်သည်ဟု ၎င်းစစ်တမ်းက စွပ်စွဲထားသည်။

သက်ကြီးရွယ်အိုများအပေါ် ရိုက်နှက်စစ်ဆေးခဲ့ခြင်းရှိမရှိကို သက်သေအထောက်အထား အခိုင်အလုံဖြင့် တင်ပြပါက အဆိုပါဖြစ်ရပ်များအပေါ် စစ်ဆေးမေးမြန်းသွားဖို့ ဝန်လေးနေမည်မဟုတ်ဟု တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက AI ၏ ထုတ်ပြန်ချက်အပေါ် တုံ့ပြန်သည်။

“ယေဘုယျဆန်ဆန်နဲ့ သိမ်းကျုံးပြီး စွပ်စွဲတာမျိုးကတော့ တရားမျှတမှုမရှိဘူးလို့ ယူဆတယ်” ဟု ၎င်းက Myanmar Now ကို ပြောသည်။

မြန်မာနိုင်ငံရှိ စစ်ဘေးရှောင်စခန်းများသို့ ကုလသမဂ္ဂနှင့် လူသားချင်းစာနာသည့် အဖွဲ့များက ထောက်ပံ့မှုများပြုလုပ်သော်လည်း အလှူရှင်များထံမှ ရရှိသောငွေပမာဏများ လုံလောက်မှုမရှိဘဲ ထောက်ပံ့ရာတွင် နှစ်ဖက်နိုင်ငံများ၏ ကန့်သတ်မှုများကြောင့် အခက်အခဲများရှိနေသေးသည်ဟု အစီရင်ခံစာတွင် ဖော်ပြသည်။

သက်ကြီးရွယ်အိုတွေရဲ့ အခွင့်အရေးတွေကို ထိထိရောက်ရောက် ပေးနိုင်ဖို့ဆိုရင် သူတို့တွေရဲ့ ကျွမ်းကျင်မှု၊ အမြင်သဘောထားတွေကို ရယူခြင်းနဲ့ စတင်လုပ်ရပါမယ်” ဟု AI ၏ ပဋိပက္ခဆိုင်ရာ အကြီးတန်းအကြံပေး မက်သယူးဝဲလ်စ်ကို ကိုးကားထားသည်။

စစ်ဘေးရှောင်များကို ကူညီပေးနေသည့် ပြည်တွင်းအဖွဲ့အစည်းများကလည်း အဆိုပါ စစ်တမ်းပါအချက်များနှင့် အလားတူသော မှတ်ချက်များကိုသာ ပေးကြသည်။

အခုအနေအထားမှာ ကျန်းမာရေးစောင့်ရှောက်မှုရော၊ စိတ်ပိုင်းဆိုင်ရာရော၊ စားရေးသောက်ရေးရော မပေးနိုင်တဲ့အတွက် စိတ်ဖိစီးမှုဒဏ်တွေ ခံစားနေရတယ်။ ကျန်းမာရေး၊ စားသောက်ရေးပိုင်းတွေမှာ စနစ်တကျလေ့လာပြီးတော့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်တဲ့အနေအထားက အတော်ကိုနည်းတယ်” ဟု ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ စစ်ဘေးရှောင်များအား ကူညီနေသည့် ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး ဥက္ကဋ္ဌ ဦးရွှေဘော်စိန်က Myanmar Now ကိုပြောသည်။

ဆက်လက်ပြီး စစ်ဘေးရှောင်စခန်းတိုင်းတွင် သက်ကြီးရွယ်အို ၃၀ ခန့် ရှိကြောင်းနှင့် ၎င်းတို့ထံတွင် စိတ်ထိခိုက်မှု၊ နာကြည်းမှုများတွေ့ရကြောင်း ၎င်းက ဆိုသည်။

ရှမ်းပြည်နယ် သီပေါမြို့အခြေစိုက် နယ်စည်းမခြားပရဟိတအဖွဲ့မှ ကိုမျိုးက ၎င်းတို့အရပ်ဘက်အဖွဲ့အစည်းအနေဖြင့် စစ်ရှောင်များကို ပြည့်ပြည့်ဝဝ မကူညီနိုင်သော်လည်း အဆင်ပြေအောင် ကူညီပေးကြောင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုအဖြစ် သီပေါဆေးရုံနှင့် ချိတ်ဆက်ပေးကြောင်း ပြောသည်။

အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့သည် မတရားမှုများကို တိုက်ဖျက်နေသော လူဦးရေ ခုနစ်သန်းကျော် ပါဝင်သည့် ကမ္ဘာလုံးဆိုင်ရာ လှုပ်ရှားမှုတစ်ရပ်ဖြစ်သည်။ ၎င်းအဖွဲ့သည် လူသားအားလုံး မိမိတို့၏ မွေးရာပါ လူ့အခွင့်အရေးများ ခံစားရရှိနိုင်ရန် ကြိုးပမ်းပေးနေသည့် အဖွဲ့ဖြစ်သည်ဟု ထုတ်ပြန်ကြေညာထားသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button