အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ကို ပုဒ်မ၅၀၅(က)ဖြင့် စစ်ဆေးပေးရန် တပ်က ယနေ့ဦးတိုက်လျှောက်

သင်္ကြန်သံချပ်ရွတ်ဆိုရာတွင် တပ်မတော်ကို အကြည်ညိုပျက်စေသည်ဟု ဆိုကာ တပ်မတော်က ရာဇသတ်ကြီး ပုဒ်မ ၅၀၅(က) ဖြင့် တရားစွဲဆိုထားသည့် ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင်များကို ယနေ့ ဒုတိယအကြိမ် ရုံးထုတ် စစ်ဆေးပြီး တရားလိုက တရားရုံးသို့ ဦးတိုက်လျှောက်လွှာကို တင်သွင်းခဲ့သည်။

ဒေါင်းတို့မျိုးဆက် သင်္ကြန်သံချပ်အဖွဲ့ဝင် ခုနစ်ဦးကို ယနေ့ ဗိုလ်တထောင်မြို့နယ် တရားရုံးတွင် ဒုတိယအကြိမ် ရုံးထုတ်စစ်ဆေးသည်။

ပြီးခဲ့သည့် သင်္ကြန်တွင်းက သံချပ်ရွတ်ခဲ့သည့် ဒေါင်းတို့မျိုးဆက် သံချပ်ပါစာသားများသည် တပ်မတော်ကို အကြည်ညိုပျက်စေသည်ဆိုကာ လူငယ်တက်ကြွလှုပ်ရှားသူများဖြစ်သည့် မဆုရတနာမြင့်၊ မကေခိုင်ထွန်း၊ ကိုဇေယျာလွင်၊ ကိုပိုင်ရဲသူ၊ ကိုပိုင်ဖြိုးမင်း၊ ကိုဖိုးသား (ခေါ်) ကိုဇင်လင်းထွန်း၊ ကိုငြိမ်းချမ်းစိုးတို့ ခုနစ်ဦးကို တပ်မတော်က အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅ (က)ဖြင့် တရားစွဲဆိုထားခြင်း ဖြစ်သည်။

ယနေ့ တရားရုံးတွင် တရားလို တပ်မတော် ရေတပ်မှ ဒုတိယ ဗိုလ်မှူးကြီး မျိုးမင်းဦးကို စစ်ဆေးသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

၎င်း၏ ဦးတိုက်လျှောက်ထားချက်အရ ရန်ကုန်မြို့ရှိ ဒေါင်းတို့ မျိုးဆက် သံချပ်အဖွဲ့က သင်္ကြန်ကာလအတွင်း သံချပ် ထိုးရာတွင် “ဉာဏ်ပညာ အသိပညာ မရှိ၊ နာခံမှုနှင့် အမိန့်သာ ရှိ၊ စစ်ဝတ်စုံပေါ်က ဆုတံဆိပ်များစွာနဲ့ စစ်ဗိုလ်ချုပ်တွေ အိုင်စီစီကိုတန်းပို့၊ အိုင်စီစီကို ကြောက်တဲ့ ကောင် နေပြည်တော်ကို ရှောင်၊ အိုင်စီစီကို ကြောက်တဲ့ ဘဝ နေပြည်တော်က အဘ ” စသည့် သံချပ်စာသားများသည် တပ်မတော်၏ဂုဏ်သိက္ခာ ကျဆင်းစေသည့် အတွက် သံချပ်အဖွဲ့သားခုနစ်ဦးအား ရာဇသတ်ကြီးပုဒ်မ ၅၀၅(က)ဖြင့် ဦးတိုက်လျှောက်ထားထားခြင်း ဖြစ်သည်ဟု ပါရှိသည်။

အိုင်စီစီဆိုသည်မှာ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံးကို ဆိုလိုခြင်းဖြစ်ပြီး တပ်မတော်က ကျူးလွန်သည်ဟု စွပ်စွဲခံထားရသော ဖြစ်စဉ်များနှင့်ပတ်သက်၍ တာဝန်ရှိသူများကို နိုင်ငံတကာခုံရုံးတင်ရန် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများက ဆော်ဩနေခြင်းကို ၎င်းတို့သံချပ်က ရည်ညွှန်းခြင်းဖြစ်သည်။

မေလ ၂ဝ ရက် က ဗိုလ်တထောင်မြို့နယ် တရားရုံး၌ ပထမအကြိမ်ရုံးထုတ်ရာ၌ ဝန်းရံသူများအနက် လာရောက် ဝန်းရံသူများနှင့် တာဝန်ကျရဲများ ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ရာ ယင်းကိစ္စနှင့်ပတ်သက်ပြီး ၈၈ မျိုးဆက် ငြိမ်းချမ်းရေး နှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ မနီလာသိန်းအပါအဝင် ဝန်းရံသူငါးဦးတို့ကို ဗိုလ်တထောင်မြို့နယ် ရဲစခန်းက အမြင့်ဆုံး ထောင်ဒဏ် သုံးနှစ် နှစ်နှစ် စသည် ချမှတ်နိုင်သည့်ပြည်သူ့တာဝန်ဝတ္တရား နှောင့်ယှက်မှု၊ လက်ရောက်မှု၊ အားပေးကူညီမှု အပါအဝင် ပုဒ်မ လေးခုဖြင့် မေလ ၂၂ ရက်တွင် အမှုဖွင့်ခဲ့သည်။

သင်္ကြန်သံချပ်အဖွဲ့ဝင် ကျောင်းသူတစ်ဦးကလည်း မေလ ၂၀ ရက်နေ့ ရုံးထုတ်စဉ်က ဖြစ်စဉ်များနှင့် ပတ်သက်ပြီး ရဲမေများက ၎င်းတို့အပေါ် ကြမ်းကြမ်းတမ်းတမ်း ကိုင်တွယ်ခဲ့သည်ဟု စွပ်စွဲကာ တရားပြန်စွဲမည်ဟု ယနေ့ ပြောသည်။

မလိုအပ်ဘဲ လုံခြုံရေးတွေ အများကြီးဟာ မိန်းကလေးတွေအပေါ် ထိပါးပြီးတော့ စော်ကားရာ ရောက်တယ်။ အကြမ်းဖက်တဲ့ ပုံစံမျိုး ဖြစ်ပါတယ်။ ဒါကို ပုံဖော်တဲ့အခါကျတော့ ကျွန်မတို့ဘက်က လူတွေကသာ ဝတ္တရားနှောင့်ယှက်တဲ့ ပုံစံနဲ့ တရားစွဲခံထားတယ်။ ကျွန်မတို့ကလည်း ကျွန်မတို့ အမျိုးသမီးတွေကို ထိပါးတာဆိုပြီး ပြန်တရားစွဲသွားမှာပါ” ဟု သံချပ်အဖွဲ့ဝင် မဆုရတနာမြင့်က ပြောသည်။

သံချပ်အဖွဲ့ဝင်များကို ဇွန်လ ၁၀ ရက်နေ့သို့ ပြန်လည်ချိန်းဆိုထားသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button