အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

လူ့အခွင့်အရေးကော်မရှင်အပေါ် အရေးယူမှုကို အမတ်များ စောင့်ကြည့်နေ

ရန်ကုန် – ရာထူးကနေ နုတ်ထွက်သွားတဲ့ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင်တွေကို အစိုးရအနေနဲ့ ဆက်လက် အရေးယူခြင်း ရှိမရှိ ဆက်လက် စောင့်ကြည့်သွားမယ်လို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တချို့က ကြာသပတေးနေ့မှာ ပြောလိုက်ပါတယ်။

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင် ၄ ဦး ဖြစ်တဲ့ ဦးဇော်ဝင်း၊ ဒေါက်တာဉာဏ်ဇော်၊ ဒေါက်တာဒေါ်သန်းနွဲ့၊ ဒေါ်မြမြတို့ နုတ်ထွက်တာကို ခွင့်ပြုလိုက်ကြောင်း သမ္မတ ဦးထင်ကျော်က အမိန့်စာ ထုတ်ပြန်တဲ့နေ့မှာ အဲဒီလို ပြောလိုက်တာပါ။

ရန်ကုန်မြို့ အင်းဝအပ်ချုပ်ဆိုင်မှာ ကလေးအလုပ်သမားနှစ်ဦး ကာလကြည်ရှည်စွာ ထိန်းသိမ်းခံရမှု၊ အပြင်းအထန် ညှဉ်းပန်းနှိပ်စက်မှု၊ အဓမ္မစေခိုင်းမှု မကြာသေးမီက ပေါ်ပေါက်ခဲ့ချိန် ကော်မရှင်က ကြားဝင်ဖြေရှင်းပေးရာမှာ အလုပ်ရှင်က ကလေးနှစ်ဦးကို နစ်နာကြေး သိန်း ၅ဝ ပေးအပ်ခဲ့ပါတယ်။

ကလေးနှစ်ဦး လူ့အခွင့်အရေးချိုးဖောက်ခံရခြင်းနဲ့ ပတ်သက်လို့ ပြည်သူ့လွှတ်တော်မှာ နိုဝင်ဘာ ၂၆ ရက်နေ့က ပြင်းပြင်းထန်ထန် ကန့်ကွက်ဆွေးနွေးခဲ့ပြီး ကော်မရှင်အဖွဲ့ဝင်တွေကို ထိရောက်စွာ အရေးယူဖို့ အစိုးရကို တိုက်တွန်းခဲ့ပါတယ်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ကော်မရှင်အဖွဲ့ဝင်တချို့ နုတ်ထွက်သွားပြီးနောက်ပိုင်းမှာလည်း အစိုးရက ဆက်လက်အရေးယူသွားမယ်လို့ မျှော်လင့်ကြောင်း လွှတ်တော်ကိုယ်စားလှယ်အများအပြားက Myanmar Now ကို ပြောပါတယ်။

အစိုးရရဲ့ ဆောင်ရွက်မှုများကို လေ့လာနေပြီး ဘာဆက်လုပ်သွားမယ် ဆိုတာကို တိုင်ပင်ဆွေးနွေးပြီး တုံ့ပြန်သွားမယ်လို့ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝေလှိုင်ထွန်းက ဆိုပါတယ်။

“ဒီဖြစ်စဉ်ကို ကြည့်လိုက်ရင် ရာဇဝတ်မှုမြောက်တဲ့ကိစ္စကို (ကော်မရှင်က) ထိမ်ချန်ထားသလိုဖြစ်နေတဲ့အတွက် အားပေးကူညီရာ ရောက်ပါတယ်။ နောက်ဆက်တွဲ ဘာတွေ ဆက်ဖြစ်လာမလဲဆိုတာကိုတော့ ကျွန်တော်တို့ ဆက်စောင့်ကြည့်ပါ့မယ်” လို့ ပြည်သူ့လွှတ်တော်၊ ဥပဒေကြမ်းကော်မတီအဖွဲ့ဝင်၊ ဦးဝေလှိုင်ထွန်းက ဆိုပါတယ်။

ကော်မရှင်ကနေ နုတ်ထွက်သွားသူတွေထဲက တစ်ဦးဖြစ်တဲ့ ဒေါက်တာ ဉာဏ်ဇော်က ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရပေမဲ့ သူတို့ရဲ့ နုတ်ထွက်ရေးဆုံးဖြတ်ချက်ဟာ ကိုယ်ပိုင်ဆန္ဒအရသာ ဖြစ်တယ်လို့ Myanmar Now ကို ပြောပါတယ်။

“ကျွန်တော်တို့ကို နုတ်ထွက်ဖို့ အစိုးရဘက်က ဖိအားပေးတာမျိုး၊ အတင်းအကျပ် လုပ်တာမျိုးတွေ မရှိပါဘူး။ ဘယ်သူကမှလည်း ဖိအားမပေးပါဘူး” လို့ ဒေါက်တာ ဉာဏ်ဇော်က ဆိုပါတယ်။

“ကျွန်တော်တို့ ဆောင်ရွက်ချက်တွေဟာ စေတနာနဲ့ သဘောရိုးနဲ့ပဲ ဆောင်ရွက်ခဲ့တာပါ”

ကော်မရှင်အဖွဲ့ဝင်တွေက ဒီအမှုနဲ့ ပတ်သက်ပြီး ဖြေရှင်းပြောဆိုရာမှာ “သဘောရိုး”ဆိုတဲ့ အသုံးအနှုန်းကို တစ်ကြိမ်မက ပြောဆိုခဲ့ပါတယ်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနေမျိုးထက်ကတော့ “သဘောရိုး”ဆိုတဲ့ စကားလုံးအပါအဝင် ကော်မရှင်ဥပဒေပါ ပြဋ္ဌာန်းချက်တချို့ဟာ ဝိဝါဒ ကွဲပြားစရာဖြစ်နေတာကြောင့် ဒီဥပဒေကို ပြန်လည် ပြုပြင်ဖို့လိုတယ်လို့ သုံးသပ်ပါတယ်။

“အဖွဲ့ဝင်တွေကို အရေးယူဖို့ရာမှာ သဘောရိုးနဲ့ ဆောင်ရွက်တာဆိုရင် အရေးယူလို့ မရဘူးဆိုတော့ အဲ့ဒီ သဘောရိုးဆိုတာ အဓိက ပြဿနာဖြစ်နေတယ်။ ဘယ်လိုက သဘောရိုးလဲ။ ဥပဒေက ပြတ်ပြတ်သားသား မရှိဘူး” လို့ ဦးနေမျိုးထက်က ဆိုပါတယ်။

ပြည်သူ့လွှတ်တော်ဥပဒေကြမ်းကော်မတီအဖွဲ့ဝင် တစ်ဦးဖြစ်တဲ့ ဦးဝေလှိုင်ထွန်းကတော့ ကော်မရှင်ဥပဒေကို ပြန်လည်ပြင်ဆင်ဖို့ လွှတ်တော်မှာ ဆွေးနွေးပြီးပြီ၊ လွှတ်တော်ဥက္ကဋ္ဌက မီးစိမ်းပြပြီးပြီဆိုမှသာ ကော်မတီက ဥပဒေပြင်ဆင်ရေးလုပ်ငန်းကို စတင်နိုင်မှာဖြစ်တယ်လို့ ရှင်းပြပါတယ်။

နုတ်ထွက်သွားသူတွေနေရာမှာ ပြန်လည်အစားထိုးရေးနဲ့ ပတ်သက်ပြီး ပြည်ပခရီးထွက်နေတဲ့ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူကို ဆက်သွယ်လို့ မရသေးပါဘူး။

ကော်မရှင်အဖွဲ့ဝင် ဦးညွန့်ဆွေကို ဆက်သွယ်မေးမြန်းရာမှာ သူက လတ်တလော ဖြစ်ရပ်နဲ့ ပတ်သက်ပြီး မှတ်ချက်ပေးဖို့ ငြင်းပါတယ်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button