အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

အလုပ်မဖြစ်သည့်ကုလအထူးသံကို ရုပ်သိမ်းရန် အရပ်ဘက်အဖွဲ့များ လိုလား

မြန်မာ့နိုင်ငံအတွင်း ပေါ်ပေါက်နေသည့် အကျပ်အတည်းကို ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီရို ဂူတာရက်စ် ဦးဆောင်ဖြေရှင်းပေးရန် အရပ်ဘက်အဖွဲ့အစည်းများက လိုလားလျက်ရှိပြီး မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးသံတမန်၏ လုပ်ပိုင်ခွင့်အာဏာများကို ရုတ်သိမ်းရန် ဩဂုတ်လ ၂၂ ရက်တွင် တောင်းဆိုလိုက်သည်။

ပြည်တွင်း၊ နယ်စပ်ဒေသနှင့် နိုင်ငံတကာ အရပ်ဘက်လူထုအဖွဲ့အစည်း ၈၆၄ ဖွဲ့က တောင်းဆိုခြင်းဖြစ်သည်။ အဆိုပါထုတ်ပြန်ချက်တွင် စက်တင်ဘာလတွင် ပြုလုပ်မည့် ကုလသမဂ္ဂအထွေထွေအစည်းအဝေးတွင် ထိုသို့ ရုပ်သိမ်းရန် တိုက်တွန်းထားသည်။

“ကုလအထွေထွေအတွင်းရေးမှူးဟာ ကျွန်မတို့နိုင်ငံရဲ့ ဒီအကျပ်အတည်းပြဿနာကို သူကိုယ်တိုင် ဦးဆောင်ပြီးလုပ်ရမဲ့အစား ကိုယ်စားလှယ်တစ်ယောက် အလယ်မှာထားပြီး ညှိနှိုင်းခိုင်းတဲ့ ပုံစံမျိုးလုပ်နေတာဟာ အဖြေလုံးဝမဟုတ်ဘူး” ဟု Progressive Voice တည်ထောင်သူ ဒေါ်ခင်ဥမ္မာက Myanmar Now ကို ပြောသည်။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးသံတမန်သည် ယခုလ တတိယပတ်အတွင်းက အာဏာသိမ်းစစ်ခေါင်းဆောင်နှင့် သွားရောက်တွေ့ဆုံခဲ့သည်။ ထိုတွေ့ဆုံမှုသည် စစ်အုပ်စုက ကျူးလွန်ထားသည့် စစ်ရာဇဝတ်မှုများကို ဆက်လက်လုပ်ဆောင်နိုင်စေရန် ကုလသမဂ္ဂက ခွင့်ပြုထားသည့်သဘော သက်ရောက်နေကြောင်း အထက်ပါ အရပ်ဘက်အဖွဲ့အစည်းများက ဆိုကြသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

နိုင်ငံအတွင်း စစ်ကောင်စီတပ်သားများ၏ ကျေးရွာများကို မီးရှို့ဖျက်ဆီး၊ နိုင်ငံရေးအကျဉ်းသားပေါင်း ၁၀,၀၀၀ ကျော် ရှိနေသည့် အခြေအနေတွင် မြန်မာနိုင်ငံအတွက် နိုလင်းဟေဇာ၏ အားထုတ်မှုများ အရာမရောက်နိုင်ကြောင်းလည်း အဆိုပါ အဖွဲ့အစည်းများက ရှုမြင်ကြသည်။

“မြန်မာပြည်သူတွေရဲ့ ငြိမ်းချမ်းရေးနဲ့ပတ်သက်တဲ့ စစ်မှန်တဲ့ဆန္ဒတွေနဲ့ တောင်းဆိုချက်တွေကို ဘယ်တုန်းကမှ နားမထောင်ခဲ့ဖူးဘူး။ ဒါကြောင့် ဒီရာထူးက ပြဿနာဖြစ်နေတယ်လို့ ကျမတို့ လေးလေးနက်နက်စဉ်းစားပြီးမှ ဒီရာထူးကို အထွေထွေညီလာခံအနေနဲ့ ပြန်ပြီးရုပ်သိမ်း ရပ်စဲပေးဖို့ တောင်းဆိုတာ ဖြစ်ပါတယ်” ဟု ဒေါ်ခင်ဥမ္မာက ဆိုသည်။

ကုလသမဂ္ဂအထူးကိုယ်စားလှယ်နှင့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်တို့ တွေ့ဆုံစဉ် ကုလအထူးကိုယ်စားလှယ်က လေကြောင်းတိုက်ခိုက်မှုများမလုပ်ရန်၊ ပြည်သူတို့၏ နေအိမ်များ မီးရှို့ဖျက်ဆီးခြင်း မလုပ်ရန် စစ်ခေါင်းဆောင်ထံ တောင်းဆိုခဲ့သည်။ သို့သော် စစ်ခေါင်းဆောင်က ယင်းဦးဆောင်သည့် စစ်အစိုးရကို ကုလသမဂ္ဂက အသိအမှတ်မပြုခြင်းကို အပြစ်တင်ထားပြီး လေကြောင်းတိုက်ခိုက်မှုမှာ သောင်းကျန်းသူများ တည်ရှိရာနေရာသို့ ပစ်မှတ်ထားတိုက်ခိုက်ခြင်းဟုဆိုသည်။ နေအိမ်များ မီးရှို့သူများမှာ ယင်းလက်အောက်ခံ တပ်သားများမဟုတ်ဟု ငြင်းဆိုသည်။

ချင်းလူ့အခွင့်ရေးတက်ကြွလှုပ်ရှားသူ Salai Za Uk Ling ကလည်း အထူးကိုယ်စားလှယ်၏ ကြိုးပမ်းမှု အလုပ်မဖြစ်ကြောင်း ပြောသည်။

“စစ်အုပ်စုနဲ့သွားတွေ့ခဲ့တဲ့ ခရီးစဉ်ကနေ ကုလအထူးသံတမန် လက်ဗလာနဲ့ပဲ ပြန်လာခဲ့ရတယ် မဟုတ်လား၊ ကုလအထူးသံတမန်ရဲ့ လုပ်ပိုင်ခွင့်တွေကို ထားရှိတာဟာ ကုလသမဂ္ဂအတွက် အချိန်ဖြုန်းနေရုံပဲဖြစ်တယ် အတွင်းရေးမှူးချုပ်ကိုယ်တိုင် မြန်မာနိုင်ငံရဲ့ အခုအကျပ်အတည်းကို ထိထိရောက်ရောက် ပူးပေါင်းပါဝင်သင့်တယ်” ဟု သူက Myanmar Now ကို ပြောသည်။

ကုလသမဂ္ဂအနေဖြင့်လည်း ၎င်း၏ ရပ်တည်ချက်နှင့် ဂုဏ်သိက္ခာကို ပြန်လည်ပြင်ဆင်ရန်အတွက် မြန်မာနိုင်ငံအရေးနှင့် ပတ်သက်ပြီး စစ်အုပ်စု၏ ကျူးလွန်မှုများကို နိုင်ငံတကာရာဇဝတ်ခုံရုံးသို့ တင်ရမည် သို့မဟုတ် အထူးခုံရုံးတစ်ခုဖွဲ့စည်းပြီး တာဝန်ယူဆောင်ရွက်ရမည်ဖြစ်ကြောင်း အရပ်ဘက်အဖွဲ့အစည်းများ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် အနီးကပ်ထိတွေ့ဆက်ဆံမှုများရှိခဲ့သည့် အသက် ၇၄ နှစ်အရွယ် နိုလင်းဟေဇာသည် ၂၀၀၈ ခုနှစ်တွင် မြန်မာနိုင်ငံ၌ နာဂစ်ဆိုင်ကလုန်းမုန်တိုင်းတိုက်ခတ်ပြီးချိန်တွင် မြန်မာစစ်တပ်နှင့်လည်း အနီးကပ် ထိတွေ့ဆက်ဆံမှုများရှိခဲ့ဖူးသူ တစ်ဦးဖြစ်သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles