သတင်း

မြန်မာများကို အတင်းအကျပ်နေရပ်ပြန်ပို့ခြင်း အဆုံးသတ်ရန် ကုလသံတောင်းဆို

နိုင်ငံရေးခိုလှုံခွင့်တောင်းခံသူများ အပါအဝင် မြန်မာနိုင်ငံသားများကို အတင်းအကျပ် နေရပ်ပြန်ပို့နေမှု အဆုံးသတ်ရန် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန်ဖြစ်သူ နိုလင်းဟေဇာက တောင်းဆိုလိုက်သည်။

စစ်အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံမှ ထွက်ပြေးလာသူများ အပါအဝင် ဒုက္ခသည်များကို အကာအကွယ်ပေးရေး ဒေသတွင်းမူဘောင်တစ်ခု ရေးဆွဲရန်လည်း ကုလအထူးသံက ယမန်နေ့တွင် ထုတ်ပြန်ချက်မှတစ်ဆင့် တိုက်တွန်းသည်။

“နောက်ထပ် ပြည်သူအများအပြား အကြမ်းဖက်မှုများမှ ထွက်ပြေးရနိုင်ကြောင်း လက်ခံထားသည့် အခြေအနေတွင် ဒုက္ခသည်များ၊ အဓမ္မရွှေ့ပြောင်းနေထိုင်ရသူများအတွက် ဒေသတွင်း မူဘောင်တစ်ခု ရေးဆွဲရန် အာဆီယံကို တိုက်တွန်းသွားမမည်” ဟု ၎င်းက ဆိုသည်။

မကြာသေးမီက မြန်မာနိုင်ငံသားများ မလေးရှားမှ အတင်းအကျပ် နေရပ်ပြန်ပို့ခံရသည့် ဖြစ်ရပ်ကို ကုလသမဂ္ဂအထူးသံတမန်က ရည်ညွှန်းခြင်း ဖြစ်သည်။

ယခုလ ၆ ရက်တွင် မလေးရှားအစိုးရက ခိုလှုံခွင့် တောင်းခံထားသည့် မြန်မာနိုင်ငံသား ၁၅၀ ကို နေရပ်ပြန်ပို့ခဲ့ပြီး ထိုအထဲတွင် စစ်တပ်အရာရှိ ခြောက်ဦးပါဝင်ကြောင်း နိုင်ငံတကာသတင်းများတွင် ယမန်နေ့က တွေ့ရသည်။

ထိုစစ်တပ်အရာရှိများတွင် ကျော်လှဆိုသူ ရခိုင်လူမျိုး ရေတပ်အရာရှိကို စစ်ကောင်စီက ဖမ်းဆီးထိန်းသိမ်းလိုက်သည်ဟု သိရသည်။

၎င်းမှာ မလေးရှားနိုင်ငံတွင် ရောက်ရှိပြီးနောက် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) မှတစ်ဆင့် ခိုလှုံခွင့်ရရန် လျှောက်ထားခဲ့ကြောင်း၊ စက်တင်ဘာ ၂၁ ရက်တွင် UN ကတ်လာယူရန် ဖုန်းဆက်လာသဖြင့် အပြင်သွားစဉ် အဖမ်းခံရခြင်းဖြစ်ကြောင်း ဖြစ်ကြောင်း ဝမ်းကွဲညီမဖြစ်သူ စောရွှေမြက ပြောသည်။

“အဲဒါက ထောင်ချောက်ပဲ။ သူရော သူ့မိန်းမရော အဖမ်းခံလိုက်ရတယ်။ အောက်တိုဘာ ၆ ရက် ရန်ကုန်ပြန်ရောက်တော့လည်း သူတို့နှစ်ယောက်လုံး တကွဲတပြားစီ ထိန်းသိမ်းခံထားရတယ်” ဟု စောရွှေမြက BBC သတင်းဌာနကို ပြောဆိုထားသည်။

မလေးရှားအစိုးရက စစ်ကောင်စီကို ဆန့်ကျင်ကာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် ထိတွေ့ဆက်ဆံရန် ပြောဆိုနေသော်လည်း လက်တွေ့၌ ဆောင်ရွက်ချက်များနှင့် ပြဒါးတစ်လမ်းသံတစ်လမ်း ဖြစ်နေသည်။​

လူ့အခွင့်အရေးတက်ကြွလှုပ်ရှားခဲ့ဖူးသူ မလေးရှားနိုင်ငံခြားရေးဝန်ကြီး Saifuddin Abdullah သည် အာဆီယံတွင် မြန်မာ့အရေးနှင့် ပတ်သက်၍ အတက်ကြွဆုံးသူဖြစ်ကာ NUG အစိုးရတာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးထားသည်။

မလေးရှား၏မူဝါဒမှာ ၂ မျိုး ဖြစ်လာနေသည်ဟု လူ့အခွင့်အရေးစောင့်ကြည့်အရေးအဖွဲ့ (HRW) မှ Phil Robertson က မှတ်ချက်ပြုသည်။​

“မီးစတစ်ဖက် ရေမှုတ်တစ်ဖက် မူဝါဒပဲ။ (မလေးရှား) နိုင်ငံခြားရေးဝန်ကြီးဌာနက လူ့အခွင့်အရေး လေးစားလိုက်နာဖို့၊ အကြမ်းဖက်မှု အဆုံးသတ်ဖို့ စွမ်းစွမ်းတမံပြောတယ်။ ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေးက မြန်မာသံရုံးနဲ့ ပေါင်းပြီး ဒုက္ခသည်တွေ ပြန်ပို့နေတယ်” ဟု သူက ပြောသည်။​

လွန်ခဲ့သည့် ခြောက်လအတွင်း မလေးရှားက ခိုလှုံခွင့် တောင်းဆိုထားသူ ၂၀၀၀ ဝန်းကျင်ကို မြန်မာနိုင်ငံပြန်ရောက်ပြီးနောက် မည်သို့သော အန္တရာယ် ရင်ဆိုင်ရမည်မှန်း ထည့်သွင်းစဉ်းစားခြင်း မရှိဘဲ ပြန်ပို့ခဲ့သည်ဟု HRW က ဆိုသည်။

နေရပ်ပြန်ပို့ခံရသော မြန်မာနိုင်ငံသားအားလုံးကို နိုင်ငံတကာဥပဒေနှင့်အညီ ဆက်ဆံရမည်ဖြစ်ကြောင်း၊ ထို့အပြင် မြန်မာနိုင်ငံရှိ နိုင်ငံရေးအကျဉ်းသားများအားလုံးကို လွှတ်ပေးရန်လည်း တောင်းဆိုကြောင်း ကုလအထူးသံတမန် နိုလင်းဟေဇာက ပြောသည်။

မြန်မာနိုင်ငံတွင် ဘက်ပေါင်းစုံ အကျပ်အတည်း ပိုမိုဆိုးရွားလာသည်နှင့်အမျှ လူဦးရေ ၁၃ ဒသမ ၂ သန်းကျော် စားနပ်ရိက္ခာ မဖူလုံမှုနှင့် ကြုံတွေ့နေရပြီး လူဦးရေ၏ ၄၀ ရာခိုင်နှုန်းခန့် ဆင်းရဲနွမ်းပါးမှုမျဉ်းအောက် ရောက်ရှိနေကာ ၁ ဒသမ ၃ သန်းခန့် အိုးမဲ့အိမ်မဲ့ဖြစ်နေကြောင်းလည်း ဆိုသည်။

ပြီးခဲ့သည့်ရက်ပိုင်းက အိန္ဒိယနိုင်ငံတွင် ပြုလုပ်သော အင်တာပို ခေါ်  နိုင်ငံတကာရဲတပ်ဖွဲ့ညီလာခံကို တက်ရောက်ခဲ့သာ စစ်ကောင်စီရဲချုပ်က ဒေသတွင်းနိုင်ငံများမှ ရဲချုပ်များနှင့် တွေ့ဆုံကာ ပြည်ပရောက် စစ်ကောင်စီ ဆန့်ကျင်သူများကို ဖမ်းဆီးကာ ပြန်ပို့နိုင်ရေး ဆွေးနွေးခဲ့သည်။

စစ်ကောင်စီက အသစ်ခန့်အပ်ထားသည့် ရဲချုပ်နှင့် ဒုပြည်ထဲရေးဝန်ကြီးဖြစ်သူ ဗိုလ်ချုပ်ဇင်မင်းထက်သည် တရုတ်နှင့် အင်ဒိုနီးရှားမှ အင်တာပိုလ်တာဝန်ရှိသူများ အပါအဝင် မလေးရှားနှင့် ထိုင်းတို့မှ ရဲချုပ်များနှင့် တွေ့ဆုံကာ ပြစ်မှုကျူးလွန်ထားသည့် မြန်မာနိုင်ငံသားများကို ဖမ်းဆီး လွှဲပြောင်းရေး ဆွေးနွေးခဲ့သည်ဟု အာဏာသိမ်းစစ်တပ်က သတင်းထုတ်ပြန်ထားသည်။ 

အင်တာပိုညီလာခံ၌သာမက မြန်မာနိုင်ငံအပြန် ထိုင်းလေဆိပ်၌ပါ ထိုရဲချုပ်နှင့် နှစ်ကြိမ်တိုင် တွေ့ဆုံပြီး နှစ်နိုင်ငံနယ်စပ်တွင် တတိယနိုင်ငံသားများ တရားမဝင် ဝင်ရောက်နေမှုနှင့် ထိုင်းနယ်စပ်တစ်လျှောက် ခိုလှုံနေသူများကို ဖော်ထုတ်ဖမ်းဆီးနိုင်ရေးပါ ထည့်သွင်းဆွေးနွေးခဲ့သည်ကို တွေ့ရသည်။

အာဏာသိမ်းပြီးနောက် စစ်ကောင်စီရန်ကြောင့် ထွက်ပြေးတိမ်းရှောင်လာသည့် မြန်မာနိုင်ငံသားများရှိရာ ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင် မဲဆောက်မြို့တွင် ယခုရက်ပိုင်းအတွင်း ထိုင်းရဲတပ်ဖွဲ့၏ ရှောင်တခင်စစ်ဆေးမှုနှင့် လိုက်လံဖမ်းဆီးမှုများ ဆက်တိုက်ဖြစ်လာသည်ဟု သိရသည်။

မဲဆောက်မြို့တွင်းရှိ လမ်းမများတွင် ထိုင်ရဲတပ်ဖွဲ့က လုံခြုံရေးဂိတ်ချကာ ဖြတ်သန်းသွားလာသူများကို တားဆီးစစ်ဆေးစဉ် အထောက်အထားမပြနိုင်သူများကို ဖမ်းဆီးနေသည်ဟု ထိုမြို့ရှိ မြန်မာနိုင်ငံသားအချို့ထံမှ သိရသည်။​

“ဒီရက်ပိုင်း စစ်ဆေးတဲ့လုံခြုံရေးဂိတ်က ပိုများလာတယ်။ အိမ်တွေထဲလည်း ဝင်စစ်တယ်။ အထောက်အထားမရှိရင်လည်း ဖမ်းဆီးတာမျိုးတွေရှိတယ်။ ဒီရောက်နေကြသူတွေတော့ အသွားအလာ တော်တော်ဂရုစိုက်နေရတယ်” ဟု မဲဆောက်မြို့တွင် ရောက်နေသည်ဟု အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်နေသည့် ဝန်ထမ်းတစ်ဦးက ပြောသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button