အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ယင်းမာပင်မြို့နယ်၊ သီးကုန်းရွာကို စစ်ကောင်စီတပ် မီးရှို့

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ သီးကုန်းရွာကို ဧပြီ ၂၈ တွင် စစ်တပ်က ဝင်ရောက်စီးနင်းပြီး မီးရှို့ခဲ့ရာ အိမ်ခြေ ၇၀ ကျော် မီးလောင်ပျက်စီးသွားကြောင်း ဒေသခံများထံမှ သိရသည်။ 

ယင်းမာပင်မြို့ တောင်ဘက်တွင် ဒေသခံကာကွယ်ရေးအဖွဲ့များနှင့် ရွာအနီးတိုက်ပွဲဖြစ်ပွားပြီးနောက် အင်အားတစ်ရာနီးပါး ပါဝင်သည့် စစ်ကြောင်းဖြင့် စစ်ကြောင်းထိုးလာသည့်စစ်တပ်က ဝင်ရောက် မီးရှို့သွားခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးက ပြောသည်။

“ကန်လည်ကုန်းဘက်ကနေ ခြေယောင်ပြပြီးတော့ သီးကုန်းကျေးရွာဘက်ကို လက်နက်ကြီးတွေနဲ့ ပစ်တယ်။ လက်နက်ကြီးတွေ ပစ်ရင်း ပစ်ရင်းနဲ့ ကျေးရွာက မီးလောင်ခဲ့တာ။ မီးလောင်ပြီးတော့ ဒီကောင်တွေက အားမရဘူး။ လက်နက်ကြီးပစ်ရုံတင်မကဘူး။ ရွာကို သက်သက်ကို မီးရှို့ခဲ့ကြတာ” ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် အဆိုပါ အမျိုးသားတစ်ဦးက ပြောသည်။ 

စစ်ကောင်စီတပ်ထွက်ခွာသွားပြီးနောက် ကျေးရွာသူရွာသား၊ ဒေသခံကာကွယ်ရေးအဖွဲ့ဝင်များက မီးငြှိမ်းသတ်နိုင်ခဲ့သော်လည်း အိမ်ခြေ ၁၀၀ ကျော်ရှိသည့်အနက် အိမ် ၇၄ လုံး မီးလောင်ပျက်စီးခဲ့ရကြောင်း ဒေသခံများက ပြောသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ယင်းမာပင်မြို့တောင်ဘက် ၁၅ မိုင်ခန့်အကွာရှိ သီးကုန်းရွာကို ယခင်က စစ်ကောင်စီတပ်များ ဝင်ရောက် စီးနင်းမှုများ ရှိခဲ့သော်လည်း နေအိမ်များကို မီးရှို့ခြင်းမှာ ပထမအကြိမ်ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။ 

ဧပြီ ၂၇ တွင် စတင်ဝင်ရောက်လာသည့် စစ်ကောင်စီတပ်များသည် တမာပင်ခွရွာတွင် နေအိမ်အချို့ကို မီးရှို့ခဲ့ပြီး နောက်တစ်ရက်ကျော်အကြာတွင် ရွာချင်းကပ်လျက်ရှိ သီးကုန်းရွာကို မီးရှို့ခဲ့ခြင်းဖြစ်သည်။ 

ဧပြီ ၂၉ နံနက်တွင် ပဒေသာချောင်းအနီး တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ ထိခိုက်ဒဏ်ရာရှိမှုများ ရှိကြောင်း ဒေသခံကာကွယ်ရေးအဖွဲ့နှင့် နီးစပ်သူများက ပြောသော်လည်း ထိုပြောဆိုချက်နှင့် ပတ်သက်ပြီး သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါ။ 

ယင်းမာပင်မြို့တောင်ဘက်ကျေးရွာများကို စစ်တပ်က ဝင်မွှေနေသည့်အတွက် သီးကုန်း၊ တမာပင်ခွရွာ အပါအဝင် အနီးအနားကျေးရွာများမှ ဒေသခံများ နေရပ်စွန့် ထွက်ပြေးနေရသည်။ 

“ပတ်ဝန်းကျင်ရွာတွေမှာ ရှောင်ကြတယ်။ ရာသီဥတုဒဏ်နဲ့ဆိုတော့ တောတွေမှာနေဖို့လည်း အဆင်မပြေဘူး။ အဲဒါကြောင့် တခြားရွာတွေကို ပြည်သူတွေကို ကပ်ခိုင်းရတယ်။ တချို့ကတော့ ပြန်နိုင်ကြပြီ။ မီးလောင်ကျွမ်းသွားတဲ့ရွာကတော့ ပြန်မကပ်နိုင်တော့ဘူးပေါ့။ တခြားဒေသတွေကို သွားကြတာပေါ့” ဟု အထက်ပါ ဒေသခံအမျိုးသားက ဆက်ပြောသည်။ 

စစ်ကောင်စီကို လက်နက်ကိုင်ခုခံမှုပြင်းထန်သည့်နေရာများကို ပြီးခဲ့သည့်နှစ်ကုန်ပိုင်းမှ စတင်ကာ စစ်တပ်က အင်တာနက်လိုင်းများဖြတ်တောက်ထားရာတွင် စစ်ကိုင်းတိုင်းမှ ယင်းမာပင်မြို့နယ်အပါအဝင် မြို့နယ်အများစု ပါဝင်နေရာ ထိုဒေသများမှာ ဆက်သွယ်ရေးအခက်အခဲ ကြုံနေရသည်။ 

ထိုဒေသများကို စစ်တပ်က အင်အားအလုံးအရင်းဖြင့်  စီးနင်းပြီး နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်းကို ပြီးခဲ့သည့် နှစ်ကုန်ပိုင်းမှ စတင်ကာ ခပ်စိပ်စိပ်လုပ်ဆောင်လာသည်။ 

အာဏာသိမ်းပြီးချိန်မှ တစ်နှစ်ကျော်ကြာ ကာလအတွင်း စစ်တပ်နှင့် လက်အောက်ခံအဖွဲ့များ၏ မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ် ၉၁၈၇ လုံး ပျက်စီးခဲ့ပြီး ထက်ဝက်ကျော်မှာ စစ်ကိုင်းတိုင်းမှ ဖြစ်ကြောင်း အချက်အလက်များကို စာရင်းပြုစုနေသည့် Data for Myanmar အဖွဲ့က ဧပြီ ၁၄ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

“ဒေသခံ လူအခွင့်အရေးအဖွဲ့တွေနဲ့ စစ်ဘေးရှောင်တွေကို ကူညီပေးနေတဲ့အဖွဲ့တွေက ထုတ်ပြန်တဲ့ စာရင်းတွေကို အခြေခံထားပါတယ်။ မပြည့်စုံတဲ့ အချက်အလက်တွေ ချန်ထားခဲ့ရလို့ မြေပြင်အရေအတွက်က ပိုများနိုင်ပါတယ်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles