အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

မလေးရှားမြန်မာသံရုံးရှေ့ ဆန္ဒပြသူနှစ်ဦး မြန်မာနိုင်ငံပြန်ပို့ခံရမည်ကို စိုးရိမ်

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ရှိ မြန်မာသံရုံးရှေ့တွင် စစ်ကောင်စီကို ဆန္ဒပြခဲ့၍ ဖမ်းဆီးခံရသူများအနက် တရားမဝင်နေထိုင်မှုဖြင့် အမှုရင်ဆိုင်နေရသူ အမျိုးသားနှစ်ဦးမှာ မြန်မာနိုင်ငံသို့ ပြန်ပို့ခံရမည်ကို စိုးရိမ်နေသည်ဟု သိရသည်။​

မြန်မာသံရုံးရှေ့တွင် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၃ ရက်က ဆန္ဒပြရာ၌ ဖမ်းဆီးထိန်းသိမ်းခံရသူ မြန်မာများအနက် အမျိုးသမီးတစ်ဦးအပါအဝင် ငါးဦးမှာ တရားမဝင်နေထိုင်မှုဖြင့် အမှုဖွင့်ခံရသည်။ ထိုသူများအနက် ကိုမောင်မောင်ကြီးနှင့် ကိုရဲစိုးဆိုသူတို့ နှစ်ဦးကို တရားမဝင်နေထိုင်မှုဖြင့် မလေးရှားတရားရုံးက ထောင်ဒဏ်တစ်လ ချမှတ်ခဲ့သည်။ 

ကျန်သုံးဦးမှာ ဆက်လက် အမှုရင်ဆိုင်နေရဆဲဖြစ်ကာ ကိုမောင်မောင်ကြီးနှင့် ကိုရဲစိုးတို့နှစ်ဦးမှာ မတ်လ ၁၅ တွင် ထောင်မှ ပြန်လည်လွတ်မြောက်လာသော်လည်း မလေးရှားပြည်နယ်တစ်ခုရှိ ထိန်းသိမ်းရေးစခန်းတွင် ဆက်လက်ချုပ်နှောင်ခံထားရသည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) (မလေးရှားလွတ်မြောက်နယ်မြေ) ရုံးတာဝန်ခံ ကိုစိုးထက်သိန်းက Myanmar Now ကို ယနေ့ ပြောသည်။ 

“ပုံမှန်အခြေအနေမှာဆိုရင် (တရားမဝင်နေထိုင်မှုနဲ့ ဖမ်းခံရရင်) အပြင်ကလူတွေက လေယာဉ်လက်မှတ်ဝယ်ပေးလိုက်ရင် သူတို့က မြန်မာပြည်ကို ပြန်လို့ရတယ်။ ဒါပေမဲ့ အခုကျတော့ သူတို့က အာဏာရှင်ဆန့်ကျင်ရေးမှာ ထောင်ကျတာဆိုတော့ ပြန်ရင် ကျိန်းသေပေါက်အဖမ်းခံရမယ်” ဟု ၎င်းက ပြောသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

မြန်မာနိုင်ငံသို့ ပြန်ပို့ခံရပါက ဖမ်းဆီးခံရပြီး နှိပ်စက်ညှဉ်းပန်းခံရမည်ဖြစ်ကြောင်း၊ စစ်ကောင်စီ၏ ဖမ်းဆီးခြင်းခံရပါက မည်သည့်အချိန်တွင် ပြန်လွတ်မည်ကို မသိနိုင်ကြောင်းလည်း ၎င်းက ဆိုသည်။​

ထို့ကြောင့် NUG အစိုးရနှင့် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) အပါအဝင် လူ့အခွင့်အရေးလှုပ်ရှားသူများအနေဖြင့် ကူညီဆောင်ရွက်ပေးကြပါရန် မေတ္တာရပ်ခံကြောင်း ကိုစိုးထက်သိန်းက ပြောသည်။ 

“ကျွန်တော်တို့က အဲဒါကို NUG က နိုင်ငံခြားရေးဌာနကို ကျွန်တော်တို့ စာပို့ထားတယ်”

ဖမ်းဆီးအမှုဖွင့်ခံရသူ ငါးဦးအနက် ကျန်သုံးဦးကို UNHCR က ကူညီဆောင်ရွက်ပေးနေသော်လည်း မလေးရှားလဝကထောင်၌ ဖမ်းဆီးခံထားရသည့် နှစ်ဦးအတွက် တစ်စုံတစ်ရာဆောင်ရွက်ပေးမှု မရှိသေးကြောင်း ၎င်းထံမှ သိရသည်။ 

“အမျိုးသမီးတစ်ယောက်က အာမခံရတယ်။ သူက အပြင်ကနေပြီး တရားရင်ဆိုင်နေရတယ်။ ကျန်တဲ့ နှစ်ယောက်ကတော့ အချုပ်ထဲမှာပဲ။ အဲဒီနှစ်ယောက်ကို အင်တာဗျုးလုပ်ဖို့ UNHCR က လုပ်နေတယ်။ အပြင်က (အမျိုးသမီး) တစ်ယောက်ကို UNHCR က အထောက်အထားကတ် လုပ်ပေးလိုက်တယ်” ဟု ကိုစိုးထက်သိန်းက ဆိုသည်။ 

စစ်အာဏာသိမ်းမှုတစ်နှစ်ပြည့် ဝမ်းနည်းဖွယ်အထိမ်းအမှတ်အဖြစ် ဖေဖော်ဝါရီ ၃ က မြန်မာသံရုံးရှေ့တွင် ဆန္ဒပြရာ၌ မလေးရှားရဲတပ်ဖွဲ့က မြန်မာ ၃၁ ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့သည်။ 

ထိုသူများအနက် UNHCR က ထုတ်ပေးထားသည့် အထောက်အထားလက်မှတ်နှင့် မြန်မာနိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားသူ ၂၆ ဦးမှာ မလေးရှားရင်းဂစ် ၁၀၀၀ စီ ငွေဒဏ်ချမှတ်ခံရကာ ပြန်လွတ်လာကြသည်။

အမျိုးသမီးတစ်ဦးအပါအဝင် ငါးဦးမှာမူ နေထိုင်ခွင့်အထောက်အထား မရှိသောကြောင့် ဖမ်းဆီးခံရပြီး အမှုရင်ဆိုင်နေရခြင်းဖြစ်သည်။ 

မလေးရှားရောက်မြန်မာများက စစ်ကောင်စီလက်အောက်ခံ မြန်မာသံရုံးကို ၂၀၂၁ ဒီဇင်ဘာ ၁၀ နှင့် ၂၀၂၂ ဇန်နဝါရီ ၄ တို့တွင် ဆန္ဒပြခဲ့ကြပြီး ဖေဖော်ဝါရီ ၃ ဆန္ဒပြပွဲတွင်မှ ဝင်ရောက်ဖမ်းဆီးခံရခြင်း ဖြစ်သည်။

ဆန္ဒပြပွဲအတွက် ကြိုတင်ခွင့်ပြုမိန့်တင်ခဲ့ကြသော်လည်း ဖေဖော်ဝါရီ ၃ နံနက်မှသာ ထိုစာကို လက်ခံရရှိကြောင်း လာရောက်ဖမ်းဆီးသည့် မလေးရှားရဲက ဆန္ဒပြသူများကို ထိုစဉ်က ပြောခဲ့သည်။ 

“မလေးရှားနိုင်ငံအနေနဲ့လည်း ကျွန်တော်တို့က မြန်မာပြည်က ဆုံးရှုံးမှုကို ဝမ်းနည်းပါတယ် အကြိမ်ကြိမ် ထုတ်ပြောတယ်။ ပြောပြီးတော့ ဒီ ဒီမိုကရေစီအရေးလှုပ်ရှားနေတဲ့လူတွေ အခုလိုမျိုး အဖမ်းခံရတဲ့ဟာကျတော့ လွတ်ရက်မသိဘဲ အချုပ်ခံထားရမှာလား၊ ဒီမိုကရေစီနိုင်ငံမှာ ဒီမိုကရေစီအရေးလှုပ်ရှားတာကို ဖမ်းဆီးတာလားလို့ မေးခွန်းထုတ်စရာ ဖြစ်လာတယ်” ဟု ကိုစိုးထက်သိန်းက ဆိုသည်။ 

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button