သတင်း

လှိုင်သာယာတွင် မီးပွိုင့်အနီးရှိ စစ်သားများကို မြို့ပြပြောက်ကျားအဖွဲ့က ဝင်တိုက် 

ရန်ကုန်မြို့တစ်ဖက်ကမ်း လှိုင်သာယာမြို့နယ်တွင် ယနေ့ (ဇန်နဝါရီ ၆) နံနက်ပိုင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အနီးကပ်တိုက်ခိုက်ခဲ့ရာ စစ်သားနှစ်ဦး သေဆုံးကြောင်း ရန်ကုန်မြို့ပြပြောက်ကျားအဖွဲ့ (CGF-YGN) က ထုတ်ပြန်သည်။ 

လုံခြုံရေးစောင့်ကြပ်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အနီးကပ် ဝင်ရောက်တိုက်ခိုက်ခြင်းဖြစ်ကာ “ပျံလွှားအောင်” စစ်ဆင်ရေး တစ်စိတ်တစ်ပိုင်းအဖြစ် မိတ်ဖက်အဖွဲ့တစ်ခုဖြစ်သော နွေဦးမီးတောက် (Spring Revolution Flames SRF) အဖွဲ့က လုပ်ဆောင်ခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်က ဆိုသည်။ 

မီးပွိုင့်အနီးတွင် လုံခြုံရေးယူထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦးကို အနီးကပ်ပစ်ခတ်ခဲ့ရာ စစ်ကောင်စီဘက်က ပြန်လည်ပစ်ခတ်ခဲ့သော်လည်း အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့သည်ဟု ရန်ကုန်မြို့ပြပြောက်ကျားအဖွဲ့ (CGF-YGN) တာဝန်ရှိသူက ပြောသည်။

“ကျည်က ၁၄ တောင့်ကုန်ပါတယ်။ စစ်ကောင်စီကကောင် ၂ ကောင်ကျတယ်ပေါ့နော်။ အခွေကြီး ၂ ကောင် ကျတယ်ပေါ့နော်။ အဲဒီအတွက် ကျွန်တော်တို့ ဂုဏ်ယူပါတယ်” ဟု ၎င်းက ပြောသည်။

အခင်းဖြစ်ပွားရာနေရာသည် လှိုင်သာယာဆေးရုံကြီး၏ မျက်နှာချင်းဆိုင်ရှိ အစိုးရရုံးအချို့ ရုံးစိုက်ရာ နေရာဖြစ်ပြီး ထိုတစ်ဝိုက်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရောက်ရှိတပ်စွဲနေသည်မှာ ခြောက်လကျော်ရှိပြီဖြစ်ကြောင်း ရုံးရှေ့မှတ်တိုင်အနီးတွင် နေထိုင်သူ လှိုင်သာယာဒေသခံတစ်ဦးက ပြောသည်။

အပြန်အလှန်ပစ်ခတ်သံများကြားခဲ့ရပြီးနောက် ယနေ့ နေ့လယ်မှစ၍ လှိုင်သာယာမြို့နယ်၏ အဓိကလမ်းမများတွင် စစ်ကောင်စီတပ်ဖွဲ့များက လုံခြုံရေးတင်းကျပ်လိုက်ပြီး ပစ်ခတ်မှုဖြစ်ပွားရာဝန်းကျင်၌ ပိုက်စိပ်တိုက်ရှာဖွေနေသည်ဟု ၎င်းက ဆိုသည်။

“ကျန်စစ်သားလမ်း တောက်လျှောက်ကို ပိတ်ထားတယ်။ ဖြစ်ဖြစ်ချင်း အချိန်ကတည်းက ပိတ်ထားတာ အခုဆို ၁ နာရီကျော်နေပြီ၊ ပိတ်ထားတုန်းပဲ။ ရပ်ကွက်ထဲက ရာအိမ်မှူး၊ ဆယ်အိမ်မှူးတွေလည်း အလုပ်ရှုပ်နေကြတယ်” ဟု အထက်ပါ လှိုင်သာယာဒေသခံက ပြောသည်။ 

ပစ်ခတ်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးမှုနှင့် ပတ်သက်၍ လှိုင်သာယာမြို့နယ်ရဲစခန်းကို Myanmar Now က ဆက်သွယ်မေးမြန်းသော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိပေ။  

အလားတူ ယနေ့ နံနက် ၄ နာရီဝန်းကျင်က Yangon Federal Army (YFA) နှင့် ရန်ကုန်မြို့ပြပြောက်ကျားအဖွဲ့ (CGF-YGN) ပူးပေါင်းအဖွဲ့က မြောက်ဥက္ကလာမြို့နယ်၊ ရွှေပေါက်ကံမြို့သစ်ရှိ စစ်ကောင်စီစခန်းတစ်ခုကို M79 40 mm အမျိုးအစား ဗုံးသီးသုံးလုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သေးသည်။ 

‘ပျံလွှားအောင်’ စစ်ဆင်ရေးမှာ NUG ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ရှိ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၏ကွပ်ကဲမှုဖြင့် ရန်ကုန်တိုင်းစစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့က ဦးဆောင်ပြီး စစ်ကောင်စီအခြေစိုက်စခန်းများကို တိုက်ခိုက်နေခြင်းဖြစ်သည်။ 

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button