အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

လှိုင်သာယာတွင် စစ်တပ်က လူငယ်နှစ်ဦးကို ပစ်သတ်ပြီး PDF ဟု သတင်းလွှင့်

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်တွင် ဇူလိုင် ၁၈ ရက်နေ့က လူငယ်နှစ်ဦးကို စစ်တပ်က ပစ်သတ်ပြီးနောက် PDF များအဖြစ် သတင်းလွှင့်နေကြောင်း စုံစမ်းသိရသည်။

ည ၁၀ နာရီ ၅၀ မိနစ်အချိန် လှိုင်သာယာမြို့နယ်၊ အမှတ် ၉ ရပ်ကွက်၊ ကျန်စစ်သားလမ်းပေါ်ရှိ ရွှေလင်ပန်းတံတားအဆင်းတွင် ဆိုင်ကယ် အတူစီးလာသည့် ကိုဝေယံနှင့် ကိုတိုးကြီးဆိုသူ လူငယ်နှစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက တားဆီးရာ ရပ်မပေးသဖြင့် ပစ်သတ်လိုက်ခြင်းသာဖြစ်ကြောင်း လှိုင်သာယာမြို့နယ်သတင်းများ ဖော်ပြနေသည့် HTY Information တာဝန်ရှိသူက ဆိုသည်။

ကိုဝေယံ ပွဲချင်းပြီးသေဆုံးကာ ကိုတိုးကြီးမှာ ဆေးရုံတွင် သေဆုံးခဲ့ကြောင်း ရဲသတင်းရင်းမြစ်ကို ကိုးကား၍ အထက်ပါပုဂ္ဂိုလ်က ပြောသည်။

ထိုပစ်ခတ်မှု မဖြစ်ခင် တစ်နာရီခွဲအလိုတွင် လှိုင်သာယာမြို့နယ် အမှတ် ၆ ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် နောက်လိုက်တို့ ပစ်သတ်ခံရပြီးနောက် အဆိုပါဆိုင်ကယ်စီးလူငယ်နှစ်ဦးကို PDF များအဖြစ် စစ်တပ်က သတင်းလွှင့်နေသည်ဟု အထက်ပါပုဂ္ဂိုလ်က ပြောသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

“ပစ်တာက ဆိုင်ကယ် မရပ်ပေးလို့ ပစ်တာဗျ။ တစ်မြို့နယ်လုံးရော၊ ပစ်တဲ့ကောင်တွေပါ သိတယ်။ ဖြစ်ချင်တော့ ၆ ရပ်ကွက် အုပ်ချုပ်ရေးမှူး ပစ်ခံရပြီး သူတို့ပစ်ခံရတာဆိုတော့ ပေါက်ကရ သတင်းလွှင့်လိုက်တာဗျ” ဟု ၎င်းက ဆက်ပြောသည်။

သေဆုံးသူနှစ်ဦးမှာ သာမန်ပြည်သူများသာဖြစ်ကြောင်း၊ ကိုဝေယံသည် ရွှေလင်ပန်းရပ်ကွက်တွင် နေထိုင်သူဖြစ်ပြီး စစ်တပ်က ရုပ်အလောင်းကို မိသားစုထံ ပြန်ပေးသဖြင့် ယနေ့ ဇူလိုင် ၂၁ တွင် ဈာပနလုပ်မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ဆေးရုံတွင် သေဆုံးသည် ဆိုသူ၏ ရုပ်အလောင်း ပြန်မရသေးကြောင်း ထိုသူ၏ ဆွေမျိုးနီးစပ်သူ အမျိုးသားတစ်ဦးက ပြောသည်။

“အခုက မိသားစုတွေလည်း အူလည်လည်ဖြစ်နေကြတယ်။ သက်ပျောက်ဆွမ်းကပ်တွေ ဘာတွေ လုပ်ရမှာလား မလုပ်ရဘူးလား၊ သေသူရုပ်ကလာပ်ကို မမြင်ရတော့ ဟုတ်လားမဟုတ်လား ဇဝေဇဝါတွေ ဖြစ်နေကြတယ်” ဟု ဆိုသည်။

ကိုတိုးကြီးမှာ မိသားစုနှင့် အဆက်အသွယ်ပြတ်ပြီး လှိုင်သာယာတွင် တစ်ဦးတည်းရုန်းကန်နေသည်မှာ အတော်ကြာပြီဖြစ်သောကြောင့် ၎င်းနှင့် ပတ်သက်၍ မိသားစုက တစ်စုံတစ်ရာ မစုံစမ်းနိုင်သေးကြောင်း အထက်ပါအမျိုးသားက ဆက်ပြောသည်။

စစ်ကောင်စီ ဝါဒဖြန့်သည့် တယ်လီဂရမ်သတင်းများတွင်မူ လူသုံးဦး စီးနင်းလာသည့် ဆိုင်ကယ်တစ်စီးကို မသင်္ကာသဖြင့် ပစ်ခတ်ရာ တစ်ဦး ပွဲချင်းပြီးသေဆုံးကာ တစ်ဦး ဒဏ်ရာဖြင့် ဖမ်းမိကြောင်း၊ တစ်ဦး ထွက်ပြေးလွတ်မြောက်သွားကြောင်း ဖော်ပြထားသည်။

ဖမ်းဆီးရမိသူများထံမှ ဓားမြှောင်တစ်ချောင်း၊ လေးခွတစ်လက်၊ ကုန်းသီးငါးလုံးတွေ့ရှိပြီး အမှတ် ၆ ရပ်ကွက် အုပ်ချုပ်ရေးမှူးကို ပစ်ခတ်သည့်အဖွဲ့ကို လမ်းကြောင်းစောင့်ကြည့်ပေးသူများဟု စွပ်စွဲထားသည်။

စစ်ကောင်စီ၏ တရားဝင်ထုတ်ပြန်ချက်များတွင် ထိုဖြစ်ရပ်အကြောင်း မတွေ့ရသေးပေ။

စစ်ကောင်စီသည် ၎င်းတို့ ဖမ်းဆီးရမိသူများ၊ ပစ်ခတ်သတ်ဖြတ်ခံရသူများကို အကြမ်းဖက်သမားများ၊ PDF များအဖြစ် စွပ်စွဲလေ့ရှိသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles