သတင်း

ရန်ကုန်၊ လှိုင်သာယာရှိ ကမ္ဘောဇဘဏ်တွင် ဗုံးပေါက်ကွဲ

ရန်ကုန်မြို့တစ်ဖက်ကမ်း စက်မှုဇုန်များတည်ရှိရာ လှိုင်သာယာမြို့နယ်၊ ရွှေကမ်းသာယာအိမ်ရာရှိ ကမ္ဘောဇဘဏ်တွင် ယနေ့ (ဇွန် ၈) နံနက်ပိုင်းက ဗုံးပေါက်ကွဲပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များက လုံခြုံရေးတင်းကျပ်ကာ ရှာဖွေစစ်ဆေးနေကြောင်း စုံစမ်းသိရှိရသည်။

နံနက် ၈ နာရီခွဲဝန်းကျင်တွင် ဘဏ်ဝင်ပေါက်နှင့် ငွေထုတ်စက် (ATM) ကြားတွင် ပေါက်ကွဲမှုဖြစ်ခဲ့ပြီး ကြီးကြီးမားမား ထိခိုက်ပျက်စီးမှုမရှိကြောင်း ရွှေကမ်းသာယာအိမ်ရာတွင် နေထိုင်သည့် အမျိုးသားတစ်ဦးက ပြောသည်။

ဗုံးပေါက်ကွဲပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရောက်ရှိလာကာ မွန်းလွဲပိုင်းအထိ အိမ်ရာအနီး လိုက်လံရှာဖွေခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။ 

“ပိတ်ဆို့ စစ်ဆေးတာမျိုးတော့ မလုပ်သွားပါဘူး။ စစ်တပ်ရဲ့ ဗျူဟာမှူး၊ ဒုဗိုလ်မှူးနဲ့ ရဲမှူးတွေ ရောက်လာတာတော့ တွေ့ရတယ်။ မနက် ၁၀ နာရီခွဲလောက်မှာတော့ ဘဏ်တစ်ဝိုက်ကို ထပ်ရှာတာမျိုးတွေတော့ရှိတယ်” ဟု ထိုသူက ဆက်ပြောသည်။

အဓိကစက်မှုဇုန်ကြီးများတည်ရှိပြီး အလုပ်သမား သိန်းနှင့်ချီရှိသည့် လှိုင်သာယာမြို့နယ်သည် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တော်လှန်ရာတွင် ပါဝင်သည့် ရန်ကုန်တိုင်းအတွင်း အထင်ကရမြို့နယ်တစ်ခုဖြစ်သည်။ 

လှိုင်သာယာမြို့နယ်ရှိ ဆန္ဒပြပွဲများကို စစ်ကောင်စီက အကြမ်းဖက် ပစ်ခတ်ဖြိုခွင်းခဲ့ရာ ၂၀၂၁ ခုနှစ် မတ်လအတွင်း သေဆုံးသူ ၁၀၀ နီးပါးပင် ရှိခဲ့သည်။ ထို့နောက်တွင် စစ်ကောင်စီကို နိုင်ငံအနှံ့တွင် လက်နက်ကိုင်ခုခံသည့် မြို့ပြပျောက်ကြားအဖွဲ့များ ပေါ်ပေါက်လာခဲ့ရာ လှိုင်သာယာသည်လည်း တစ်ခုအပါအဝင်ဖြစ်သည်။ 

ငြိမ်းချမ်းစွာဆန္ဒပြသည့် ကာလကပင် ပြည်သူသေဆုံးမှုနှုန်းမြင့်သည့် လှိုင်သာယာမြို့နယ်အတွင်း စစ်ကောင်စီတပ်က အင်အားအများအပြားလှုပ်ရှားနေသည်ဟု ထိုမြို့နယ်တွင် နေထိုင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင် လူငယ်တစ်ဦးက ပြောသည်။ 

“စစ်ကောင်စီက လှိုင်သာယာမှာ စစ်တပ်တပ်ရင်းလဲရှိတယ်။ ရဲတပ်ရင်းလဲ ရှိတယ်။ လူနေထူထပ်ပြီး မြို့နယ်ပေါင်းစုံက ဝင်လို့ရတာကြောင့် လှိုင်သာယာကို ပိုပြီး ဖိထားတယ်လို့ ထင်ပါတယ်။ ဒီလိုဖိထားလို့ လှိုင်သာယာမှာက နေဖို့ထိုင်ဖို့ ပိုပြီးခက်ခဲသွားတာမျိုး ကြုံနေရတယ်” ဟု ၎င်းက ပြောသည်။ 

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ ရွှေကမ်းသာယာအိမ်ရာ ကမ္ဘောဇဘဏ်ရှိ ATM စက်ကို ဇွန် ၈ရက်က ပေါက်ကွဲမှုဖြစ်ပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ-ပေးပို့

ပြီးခဲ့သည့်နှစ် အောက်တိုဘာ ၂၇ ညပိုင်းကလည်း  မန္တလေးမြို့ရှိ ကမ္ဘောဇဘဏ်ခွဲ ၇ နေရာတွင် ပေါက်ကွဲမှုများ ဆက်တိုက်ဖြစ်ပွားခဲ့သည်။ 

ယမန်နေ့ (ဇွန် ၈) နံနက်ပိုင်းကပင် လှိုင်သာယာမြို့နယ်၊ အမှတ် (၅) ရပ်ကွက်၊ နဝရတ်လမ်းတွင် ဗုံးပေါက်ကွဲမှု ၂ ကြိမ်ဖြစ်ပွားရာ အမျိုးသမီး ၃ ဦး ဗုံးစထိမှန် ဒဏ်ရာရှိခဲ့သည်ဟု စုံစမ်းသိရှိရသည်။

ထိုပစ်ခတ်မှုများကို မည်သည့်အဖွဲ့က လုပ်ဆောင်ကြောင်း ထုတ်ပြန်ခြင်း မရှိသေးသလို စစ်ကောင်စီနှင့် ကမ္ဘေဇဘဏ်ထံသို့ မေး၍ မရသေးပါ။

လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button