သတင်း

ရခိုင်တွင်ဘဏ်များပိတ်သိမ်း၊ Mobile Banking မှငွေထုတ်ရန်ကော်မရှင်ခအဆမတန်မြင့်တက်

AA ထိန်းချုပ်မြို့များတွင် နိုင်ငံပိုင်နှင့် ပုဂ္ဂလိကဘဏ်အားလုံးပိတ်ထားပြီး ငွေသားထုတ်ယူမှုအတွက် Wave Money နှင့် KBZ Pay ကိုယ်စားလှယ်ဆိုင်များတွင် ငွေထုတ်ခ ၈ ရာခိုင်နှုန်း အထိပေးရကြောင်း ဒေသခံများက ဆိုသည်။

ရခိုင်ပြည်နယ်တစ်ခုလုံးတွင် နိုင်ငံပိုင်ဘဏ်နှင့် ပုဂ္ဂလိကဘဏ် အားလုံးနီးပါး ပိတ်သိမ်းလိုက်ပြီဖြစ်ကြောင်းငွေထုတ်ယူရန် ခက်ခဲနေကြောင်း ဒေသခံများထံမှ သိရှိရသည်။ 

ရခိုင် ၁၇ မြို့နယ်အနက် ပြည်နယ်မြောက်ပိုင်းရှိ မြေပုံ၊ မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ ပေါက်တော၊ ရမ်းဗြဲ၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်နှင့် ဘူးသီးတောင်မြို့နယ်တို့မှာ AA ထိန်းချုပ်မှုအောက်ရောက်သွားပြီး ပြည်နယ်တောင်ပိုင်းရှိ စစ်ကောင်စီ တပ်စခန်းများကို ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်လျှက်ရှိသည်။ 

AA ထိန်းချုပ်နယ်မြေတွင် ဘဏ်လုပ်ငန်းများကို ပိတ်ပင်တားမြစ်ခြင်းမရှိသော်လည်း တိုက်ပွဲများကြောင့် ငွေသားများကို ကြိုတင်သိမ်းဆည်ရွှေ့ပြောင်းကာ ဘဏ်များပိတ်ထားကြောင်း ရခိုင်ဝါရင့်နိုင်ငံရေးသမား မြေပုံမြိုနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖေသန်းက Myanmar Now ကို ပြောသည်။ 

“သူတို့အခက်အခဲနဲ့သူတို့ ရပ်ဆိုင်းထားကြတာရှိတယ်။ အခြားနေရာတွေသွားပြီး ဘဏ်ခွဲတွေဖွင့်ထားတာ ရှိတာပေါ့။ ဘဏ်တွေမှာ အများအားဖြင့်ငွေသားတွေကို မထားခဲ့ပါဘူး။ သူတို့လုံခြုံရေးအင်အားနည်းတဲ့ အချိန်ကပင် ဘဏ်တွေက ငွေကိုစစ်သားတွေကသိမ်းထားပြီး ဘဏ်တွေမှာငွေတွေ ကျန်ခဲ့တယ်ဆိုတာကို တော့မကြားမိ။ သူတို့ကိုယ်တိုင်က ဆုတ်ခွာခါနီးအားလုံးကို ယူသွားတဲ့သဘောမျိုးသိရတယ်” ၎င်းက ပြောသည်။ 

AA ထိန်းချုပ်မြို့အားလုံးတွင် နိုင်ငံပိုင်နှင့် ပုဂ္ဂလိကဘဏ်အားလုံးပိတ်ထားပြီး ငွေသားထုတ်ယူမှုအတွက် မိုဘိုင်းငွေကြေးဝန်ဆောင်မှုလုပ်ငန်း Wave Money နှင့် KBZ Pay ကိုယ်စားလှယ်ဆိုင်များတွင် ငွေထုတ်ခ ၈ ရာခိုင်နှုန်း အထိပေးရကြောင်း ကျောက်တော်မြို့နယ်မှ အမျိုးသမီးတစ်ဦးက ပြောသည်။

“အင်တာနက်သိပ်မကောင်းတော့ ထုတ်လို့မရတဲ့အခါမရဘူး။ လိုင်းရလို့ထုတ်လို့ရပေမယ့် ငွေသားတွေ ရှာရခက်တော့ ငွေတစ်သိန်းကို ထုတ်ခ ၈၀၀၀ လောက်အထိပေးရတယ်။နယ်ဘက်မှာဆိုရင် ၁၀၀၀ ကျော် တယ်။ ဘဏ်တွေမလည်ပတ်နိုင်တော့ ပိုက်ဆံတွေ နည်းနည်းလေး စုပ်ပြဲသွားရင်တောင် အသုံးပြုမရ တော့ဘူး။ တိပ်ကပ်ပါရင်လည်းမရဘူး”ဟု သူက ပြောသည်။ 

ပြည်နယ်မြို့တော် စစ်တွေနှင့် စစ်ကောင်စီထိန်းချုပ်မြို့နယ်များတွင် မြန်မာ့စီးပွားရေးဘဏ်တစ်ခုသာ လည်ပတ်နိုင်ပြီး လျှပ်စစ်မီးနှင့် အင်တာနက်အခက်အခဲကြောင့် စစ်တွေမြို့တွင် ပုဂ္ဂလိကဘဏ်အားလုံး ပိတ်ထားကြောင် စစ်တွေမြို့မှ အမည်မဖော်လိုသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် အမျိုးသားတစ်ဦးက ပြောသည်။

လျှပ်စစ်မီးပြတ်တောက်မှုကြောင့် မီးစက်ဖြင့်မီးပေး၍ ပုဂ္ဂလိကဘဏ်အချို့လည်ပတ်ခဲ့သော်လည်း ယခုအခါ စက်သုံးဆီဈေးမြင့်တက်မှုကြောင့် ဘဏ်များအပေါ်သက်ရောက်မှုရှိကြောင်း သူက ဆိုသည်။ 

“ဆီဈေးက ဈေးတအားမြင့်သွားတော့ လျှပ်စစ်မီးလည်းမမှန်တော့ တစ်ခုမှအဆင်မပြေတော့ဘူးပေါ့။ အခု စစ်တွေက ဘဏ်တွေက ဝန်ထမ်းတွေတောင်မှ ပြည်မက ဘဏ်တွေမှာပေါင်းပြီးနေကြတာရှိတယ်။ ငွေသားက အပြင်မှာတော့ရှိတယ်။ ဘဏ်တွေက အလုပ်မလုပ်ကြဘူး။ အင်တာနက်လိုင်းလည်းမရဘူး” ဟု သူက ပြောသည်။ 

နေ့တဓူဝရောင်းဝယ်မှုအတွက် KBZ Pay မိုဘိုင်းငွေကြေးဝန်ဆောင်မှုမှပေးချေရပြီး မြို့နယ်အလိုက် ၃ ရာခိုင်နှုန်းမှ ၈ ရာခိိုင်းနှုန်းအထိ ငွေပေးချေခကောက်ခံကြောင်း၊ ငွေသားအရေးပေါ်လိုအပ်သူများသည် စစ်တွေမှ ရန်ကုန်အထိလာရောက်ထုတ်ယူကြကြောင်း သူက ပြောသည်။ 

တောင်ကုတ်မြို့ပေါ်တွင် ပုဂ္ဂလိကဘဏ်များဖွင့်လှစ်ထားဆဲဖြစ်သော်လည်း ငွေသားထုတ်မပေးကြောင်း ယခုရက်ပိုင်းအတွင်း ဘဏ်ကိုသွားရောက်ခဲ့သည့် တောင်ကုတ်ဒေသခံအမျိုးသမီးတစ်ဦးက ဆိုသည်။ 

“(တခြားဒေသကနေ ရခိုင်ကို) မှတ်ပုံတင်နဲ့ငွေလွှဲတာလဲမရဘူး။ ငွေသားထုတ်မပေးတဲ့အတွက်ကြောင့် လွှဲလို့မရဘူး။ ပြီးရင် ဘဏ်မှာ စုထားတဲ့ပိုက်ဆံလည်းမရဘူး။ သူတို့မှာ အထက်က ညွှန်ကြားတယ်လို့ ပြောတယ်။ (ဒီလထဲ)သွားထုတ်တာမရဘူး။ အထက်က မထုတ်ပေးခိုင်းလို့ဆိုပြီးပြောတယ်” ဟု ၎င်းက ဆိုသည်။ 

ပြည်တွင်း ပုဂ္ဂလိကဘဏ်ကြီးတစ်ခုဖြစ်သည့် ကမ္ဘောဇဘဏ်သည် ရခိုင်ပြည်နယ်တွင် ဘဏ်ခွဲပေါင်း ၁၃ ခုရှိသည့်အနက် ကျောက်ဖြူ၊ ငပလီ၊ သံတွဲနှင့် တောင်ကုတ်ဘဏ်ခွဲများမှလွှဲ၍ ကျန်ဘဏ်ခွဲအားလုံးကို ပိတ်ထားကြောင်း ကမ္ဘောဇဘဏ်ဝက်ဆိုက်တွင် ထုတ်ပြန်ထားသည်။ 

ရခိုင်ပြည်နယ်ရှိ ကမ္ဘောဇဘဏ်ခွဲဖုန်းနံပတ်များကို Myanmar Now က ဆက်သွယ်မေးမြန်းသော်လည်း တုန့်ပြန်မှုမရှိပေ။ AA က ထိုးစစ်ဆင်နေပြီး စစ်ကောင်စီထိန်းချုပ်မှုအောက်တွင်ရှိသည့် အမ်းမြို့နယ်မှ ကမ္ဘောဇဘဏ်ခွဲကို မတ်လကတည်းက ပိတ်ထားကြောင်း ထိုဘဏ်ဝန်ထမ်းတစ်ဦးက ပြောသည်။

မြို့နယ်အချို့တွင် မြန်မာ့စီပွားရေးဘဏ်လည်ပတ်နေသော်လည်း တင်ဒါလုပ်ငန်းများ၊ ပင်စင်စားနှင့် ဝန်ထမ်းများအတွက် အဓိကဝန်ဆောင်မှုပေးပြီး ထိုဘဏ်များသည်ပင် ငွေသားပြတ်လပ်ခြင်းကြောင့် ဝန်ထမ်းလစာမပေးနိုင်သည့်အခြေအနေရှိကြောင်း ဒေသခံများထံမှ သိရသည်။ 

ရခိုင်ပြည်နယ်တွင် ဘဏ်လုပ်ငန်းများရပ်ဆိုင်းမှုနှင့်ပတ်သက်၍ စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ် ညွှန်ကြားရေးမှူးချုပ် ဦးအောင်အောင်ကို Myanmar Now က ဆက်သွယ်မေးမြန်းသော်လည်း တုန့်ပြန် ဖြေဆိုခြင်းမရှိပေ။ 

လက်ရှိတွင် ရခိုင်ပြည်နယ်တောင်ပိုင်း အမ်း၊ သံတွဲရှိ စစ်စခန်းများကို AA က ထပ်မံတိုက်နေပြီး ပြည်နယ်မြို့တော် စစ်တွေ၊ ကျောက်ဖြူတို့တွင်လည်း စစ်ငွေ့စစ်ရိပ် ဆက်လက်သန်းနေသည်။

တိုက်ပွဲများပြင်းထန်နေချိန် AA နှင့် စစ်ကောင်စီတို့ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ကူမင်းမြို့တွင် မေ ၁၄ ရက်နေ့ကစတင်ပြီး ၂ ရက်ကြာ ဆွေးနွေးခဲ့သည်။ 

ရခိုင်၌ အာရက္ခတပ်တော်(AA)  တပ်တစ်ခုတည်းရှိရမည်၊ အရပ်သားပြည်သူများကို ပစ်မှတ်ထား တိုက်ခိုက်နေမှု ရပ်တန့်ရမည်၊ ရခိုင်ပြည်နယ်မှ စစ်ကောင်စီတပ် ထွက်ခွာရမည်ဟု AA က ဆွေးနွေးပွဲတွင် တောင်းဆိုကြောင်းသတင်းများထွက်ပေါ်ခဲ့သော်လည်း နှစ်ဖက်စလုံးကသီးခြားအတည်ပြုခြင်းမရှိပါ။

စစ်ကောင်စီကိုယ်စားလှယ်အဖွဲ့ကလည်း ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ တို့တာဝန်အရေးသုံးပါးတို့ အကြောင်းကို ပြောဆိုသည်၊ ဆွေးနွေးပွဲမှာ ရှေ့ဆက်မရဘဲ ပျက်သွားသည်ဟု ရခိုင်ဒေသအခြေစိုက် သတင်းဌာနအချို့က ဖော်ပြသည်။

Show More

Related Articles

Back to top button